Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Wednesday, March 22, 2017

အလုပ်​မြတ်​ဖို့အဓိကပါ

အလုပ်​မြတ်​ဖို့ အဓိကပါ

ယောင်္ကျားဖြစ်ရုံသက်သက်နဲ့ မြင့်မြတ်သူတစ်ယောက်

ဖြစ်မလာနိုင်သလို မိန်းမဖြစ်ရုံသက်သက်နဲ့လည်း

ယုတ်နိမ့်သူတစ်ယောက် ဖြစ်မသွားနိုင်ပါဘူး။

ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်

မြင့်မြတ်တဲ့ အလုပ်လုပ်ရင် မြင့်မြတ်သူဖြစ်ပြီး

ယုတ်နိမ့်တဲ့အလုပ်လုပ်ရင် ယုတ်နိမ့်သူဖြစ်ပါတယ်။

မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မ သံစဉ်)စာအုပ်မှ ကောက်နှုတ် ချက်ဖြစ်သည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

www.bomgsaw.blogspot.com ကမ္မဝါဒီ

Monday, March 20, 2017

တမလွန်​​ပြောင်းသူတို့အတွက်​ အားထားမှီခိုရာ


 တစ်​​နေ့တွင်​ အသက်​ (၁၂၀) နှစ်​ အရွယ်​ အိုမင်းရင့်​​ရော်​​နေ​သော ပုဏ္ဏားကြီး နှစ်​​ယောက်​တို့သည်​ ဘုရားရှင်​ထံသို့ ​ရောက်​လာကြသည်​။
           ``အရှင်​​ဂေါတမ၊ ကျွနု​ပ်​တို့သည်​ အသက်​ (၁၂၀) နှစ်​ ရှိပြီး အိုမင်းရင့်​​ရော်​​သော အရွယ်​ ​ရောက်​​နေကြပါပြီ၊ ကျွနု​ပ်​တို့သည်​ ဒုဂ္ဂတိ​ဘေးမှ တားမြစ်​​ကြောင်း ကုသိုလ်​​ကောင်းမှုများမပြုရ​သေးပါ။ အရှင်​​ဂေါတမသည်​ ကျွနု​ပ်​တို့အား ရှည်​ကြာမြင့်​စွာ အကျိုးစီးပွားဖြစ်​ခြင်း ချမ်းသာခြင်းအကျိုးငှါ ဆုံးမသွန်​သင်​မှုပြုပါ´´ ဟု​လျှောက်​ထားကြသည်​။
           `ပုဏ္ဏားတို့...... အိုခြင်း၊ နာခြင်း၊ ​သေခြင်းသည်​ ဤသတ္တ​လောကကို အဆင့်​ဆင့်​ပို့​ဆောင်​အပ်​၏၊ ဤမျက်​​မှောက်​ ဘဝ၌ ကိုယ်​ဖြင့် ​စောင့်​စည်းခြင်း၊ နှုတ်​​စောင့်​စည်းခြင်း၊ စိတ်​​စောင့်စည်းခြင်းသည်​ တမလွန်​ဘဝသို့ ကူး​ပြောင်းသွားသူတို့အတွက်​ မှီခိုအားထားရာဖြစ်​ပါသည်​။
           အိုနာ​သေ​ရေး ဒုက္ခသည်​ ဇီဝိတိ​နြေ္ဒကို အဆင့်​ဆင့်​ပို့​ဆောင်​အပ်​သည်​။ သတ္တဝါတို့၏ အသက်​သည်​ တို​တောင်းလှ၏၊ အိုခြင်းတရားသည်​ အဆင့်​ဆင့်​ပို့​ဆောင်​အပ်​​သော သတ္တဝါတို့အား ကိုးကွယ်​ရာမရှိ၊ ​သေခြင်းတရား၌ ဤမည်​​သော​ဘေးကို ပညာမျက်​စိဖြင့်​ မြင်​​အောင်​ ရှုလျက်​ ချမ်းသာကို​ဆောင်​နိုင်​​သော ကုသိုလ်​​ကောင်းမှုတို့ကို ပြုရာသည်​။
         ဤမျက်​​မှောက်​ဘဝ၌ ကိုယ်​နှုတ်​စိတ်​ဖြင့်​ ​စောင့်​စည်းခြင်းသည်​လည်း​ကောင်း၊ အသက်​ဝိညာဉ်​ရှင်​သန်​​နေစဉ်​ ​ကောင်းမှုပြုခြင်းသည်​ လည်း​ကောင်း တမလွန်​လောက​ပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်​ပါသည်​။
         ပုဏ္ဏားတို့ ဤသတ္တ​လောကကို အိုခြင်းမီး၊ နာခြင်းမီး၊ ​သေခြင်းမီးတို့သည်​ ​လောင်​မြိုက်​​နေပါသည်​။ ဤမျက်​​မှောက်​ ဘဝ၌ ကိုယ်​နှုတ်​စိတ်​ ​စောင့်​ခြင်းသည်​ တမလွန်​ဘဝ​ပြောင်းသွားသူတို့အတွက်​ အားထား မှီခို ကိုးကွယ်​ရာ ဖြစ်​သည်​။
        အိမ်​ကိုမီးစွဲ​လောင်​သည်​ ရှိ​သော်​ အကြင်​အိုးခွက်​စ​သော ပစ္စည်းတို့ကို ထုတ်​ယူအပ်​၏၊ ထိုမီး​မ​လောင်​ခံရ​သော ပစ္စည်းများသည်​ အိမ်​ရှင်​အတွက်​အကျိုးရှိသည်​။ ဤအတူ ဤသတ္တ​လောကကို အိုခြင်း​သေခြင်းမီးတို့သည်​ စွဲ​လောင်​ကုန်​၏၊ ချမ်းသာကိုစွမ်းနိုင်​​သော ကုသိုလ်​​ကောင်းမှုကို ​ပေးလှူခြင်းဖြင့်​ ထုတ်​ယူအပ်​ပါသည်​၊ ​ပေးလှူအပ်​ပြီး​သောအလှူဒါနသည်​ ​ကောင်းစွာထုတ်​ယူ ထားပြီးသည်​နှင့်​ တူပါ၏။´
                                အဂုင်္တ္တိုရ်​-ဒုတိယပဏ္ဏာသက-ဗြဟ္မဏဝဂ္ဂ

ကမ္မဝါဒီ ဓမ္မ မိတ်​​ဆွေအားလုံးတို့သည်​ ထိန့်​လန့်​​ကြောက်​ ရွံ့မှုမရှိဘဲ ​အေး​ဆေးစွာ ဘဝသစ်​သို့ ကူး​ပြောင်းနိုင်​ကြ၍ သုဂတိဘုံ အဆင့်​ဆင့်​သို့ ​ရောက်​ရှိခံစားကြရပါ​စေသား.......
www.bomgsaw.blogspot.com

Friday, March 17, 2017

အချစ်​ကံမ​ကောင်းခြင်း အချစ်​ကံ​ခေခြင်း ဆိုတာရဲ့ အ​ကြောင်းတရား

အချစ်ကံမကောင်းခြင်း အချစ်ကံခေခြင်းဆိုတာရဲ့အကြောင်းတရား

★ အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ
အချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ
အတိတ်ကပြုခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူ
သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး
အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ဘူး။

★ သမီးရည်စားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကမကောင်းတာ မဟုတ်ပါဘူး။
မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီ
ဝေးလွင့်သွားအောင်လုပ်ရင် ဖြစ်ရာဘ၀တိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့
ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာ
ရှင်သန်ကြီးထွားလာနိုင်ပါတယ်။

★ အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေ
ကြောင်ကလေးတွေ ခွေးကလေးတွေကို
သူတို့မိသားစု သူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်
အဲ့ဒီအကုသိုလ်က အကျိုးပေတဲ့ဘ၀မှာ ကာယကံရှင်ကို
အချစ်ကံခေသူ အလွမ်းကဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။

★ အချစ်ရေး အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့
ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့က လို့ အဓိပ္ပာယ်
ရပါတယ်။ကိုယ့်ရဲ့ ကာမပိုင်မဟုတ်သူတွေနဲ့
ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ
ထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့
“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။

အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့ သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့
အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်က
ကိုယ့်အပေါ် သစ္စာမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံ
ကကိုယ့်ကို အကျိုးပေးတာပါပဲ။

★ ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။
ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့
ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘ၀က အချစ်ရေး အိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်
ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်ဝန်ခံနေတာပဲ။

{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)} 

Tuesday, March 14, 2017

ရောဟိနီမင်းသမီး၏ဝဋ်​​ကြွေး

“ရောဟိနီမင်းသမီး၏ဝဋ်ကြွေး”
•••••••••••••••••••••••••
မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။
ရောဟိနီမင်းသမီးသည် အရှင်အနုရုဒ္ဓါမထေရ်၏
ညီမတော်ဖြစ်သည်။ ကပ္ပိလဝတ်ပြည်သို့
အရှင်အနုရုဒ္ဓါမထေရ် ကြွလာသောအခါ မထေရ်၏
ဆွေတော်မျိုးတော်များသည် မထေရ်၏အထံသို့
ဖူးမြင်ရန် လာကြကုန်၏။ မထေရ်သည်
ဆွေတော်မျိုးတော်များထဲ၌ ညီမတော်
ရောဟိနီမင်းသမီးကို မမြင်၍ မေးလေ၏။
ဆွေတော်မျိုးတော်တို့က-

“ရောဟိနီမင်းသမီး၏ကိုယ်၌ အရေပြားရောဂါရှိ၍
ရှက်သဖြင့် မလာရောက်၊ အိမ်တွင် တည်ရှိနေပါသည်”
ဟု လျှောက်ထားကြသည်။

မထေရ်သည် ရောဟိနီမင်းသမီးကို လူလွှတ်၍
ခေါ်စေခဲ့သည်။ ရောဟိနီမင်းသမီး ရောက်လာသောအခါ
အကြောင်းစုံကို သိရလျှင် ညီမတော်ရောဟိနီ
မင်းသမီး၏ ရောဂါဝေဒနာမှ သက်သာစေရန်
ရည်ရွယ်၍ သံဃာတော်များ အသုံးပြုရန်
ဆွမ်းစားဇရပ်(၂)ထပ်ကျောင်းဆောင် ဆောက်လုပ်
လှူဒါန်းရန် တိုက်တွန်းလေသည်။

ဆွမ်းစားဇရပ်အတွက် ကုန်ကျစရိတ်ကို
လက်ဝတ်ရတနာများ ရောင်းချ၍ အသုံးပြုစေခဲ့သည်။
ဆွေတော်မျိုးတော်တို့ကိုလည်း မိမိနှင့်အတူတကွ
ဆွမ်းစားဇရပ်တည်ဆောက်ရာ၌ ဝိုင်းဝန်း
ကြီးကြပ်ကြရန် တာဝန်ပေးခဲ့သည်။

ဆွမ်းစားဇရပ်သည် ဘုံ(၂)ဆင့်ရှိသည်။
ပထမဆင့်ဆောက်လုပ်ပြီးစီးသော် ၎င်းအဆင့်၌
ရောဟိနီမင်းသမီးအား တံမြက်လှည်းခြင်းစသော
ဝေယျာဝစ္စအမှုများကို ပြုစေသည်။
ရောဟိနီမင်းသမီးသည် အထက်၌ ပျဉ်ခင်းချိန်မှစ၍
နေ့စဉ်နေ့တိုင်း ဆွမ်းစားဇရပ်၌ တံမြက်လှည်းသည်။
နေရာခင်းသည်၊ သောက်ရေအိုးတည်သည်။
ပြီးစီးသောအထပ်၌ ရဟန်းတော်များလည်း
အမြဲမပြတ် သီတင်းသုံးနေထိုင်စေသည်။
ထိုကောင်းမှု၏ အရှိန်အဟုန်ကြောင့်
ရောဟိနီမင်းသမီး၏ ကိုယ်၌ ဖြစ်နေသော
ကိုယ်ရေပြားရောဂါဝေဒနာတို့သည် ယားယံ
ပေါက်ကွဲပြီး ဆွမ်းစားဇရပ် မပြီးခင်အချိန်တွင် မှည့်၍
အနာရောဂါများ ညှိုးနွမ်း ခြောက်သွေ့ကုန်လေသည်။

ဆွမ်းစားဇရပ် ဆောက်လုပ်ပြီးစီးသောအခါ
ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား
ပင့်ဖိတ်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို
လှူဒါန်း၏။ မြတ်စွာဘုရားရှင်သည် ဆွမ်းကိစ္စ
ပြီးဆုံးပြီးနောက်-

“ဤဆွမ်းစားဇရပ် ကုသိုလ်ရှင်က မည်သူနည်း”
ဟု မေးမြန်းသည်။

“တပည့်တော်၏ ညီမတော် ရောဟိနီမင်းသမီး၏
ကုသိုလ်ဖြစ်ပါသည်။ ကိုယ်ရေပြားရောဂါဖြစ်နေသဖြင့်
မလာရောက်။အိမ်၌သာတည်ရှိပါ၏။”

ဟု လျှောက်ထားသည်။ ရောဟိနီမင်းသမီးကို
လူလွှတ်၍ခေါ်စေ၏။ မင်းသမီးရောက်ရှိလာသောအခါ-
“ရောဟိနီ...အသင် အဘယ့်ကြောင့် မလာသနည်း”
ဟုမေးသည်။

“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား...
တပည့်တော်မ၏ ကိုယ်၌ အရေပြားရောဂါ ရှိပါ၏။
ထိုရောဂါ စွဲကပ်သဖြင့် ရှက်သောကြောင့်
မလာရောက်ခြင်း ဖြစ်ပါသည်။”

ထိုအခါ မြတ်စွာဘုရားရှင်သည် ရောဟိနီမင်းသမီး၏
ခန္ဓာကိုယ်၌ ကိုယ်ရေပြားရောဂါစွဲကပ်ရခြင်း
အကြောင်းအရင်းကို အတိတ်သာဓကဆောင်၍
ဟောကြားတော်မူလေသည်။

“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လွန်လေပြီးသောအခါ ဗာရာဏသီမင်းကြီး၏
အဂ္ဂမဟေသီမိဖုရားကြီးသည် ဘုရင်မင်းမြတ်၏
ကချေသည်မိန်းမငယ်တစ်ယောက်အပေါ်
ရန်ငြိုးထားသည်။ ထိုမိန်းမငယ်အား
ဆင်းရဲကိုဖြစ်စေအံ့ဟု ကြံပြီးလျှင်
ယားယံခြင်းကိုဖြစ်စေတတ်သော အသီး
(ဂွေးငယ်သီး၊ခွေးလှေးယားသီး)တို့ကို
ဆောင်ယူစေ၍ မိန်းမငယ်အိပ်ရာ၌လည်းကောင်း၊
အပေါ်ရုံအဝတ်၌ လည်းကောင်း၊
ကော်ဇောစသည်၌ လည်းကောင်း
ခွေးလှေးယားသီးအမှုန့်တို့ကို ထားစေသည်။

ထို့နောက် ကချေသည်မကိုခေါ်၍ ပြက်ရယ်လှောင်ပြောင်
ကြည်စားဟန်ပြုပြီး ကိုယ်ပေါ်သို့လည်း ကြဲချသည်။
ကချေသည်မ၏ကိုယ်သည် ချက်ချင်းပင် ဖူးယောင်လာပြီး
အပူလောင်ကာ အဖုအပိမ့်များ ထလာသည်။
ကချေသည်မသည် ယားယံသည်ဖြစ်၍ မိမိ၏
အိပ်ရာသို့ ဝင်အိပ်လေသည်။ အိပ်ရာပေါ်၌လည်း
ယားယံသောအမှုန့်တို့သည် ကိုက်ခဲအပ်သည်ဖြစ်၍
ပို၍ကြမ်းတမ်းသောဝေဒနာကို ခံစားရလေသည်။

ဤမကောင်းမှု အကုသိုလ်ကံကြောင့် ဗာရာဏသီမင်း၏
မိဖုရားကြီးသည် သေလွန်ပြီးနောက် ငရဲသို့
ကျရောက်ရပြီးလျှင် ယခုဘဝ ရောဟိနီမင်းသမီး
ဖြစ်သောအခါ၌ မိမိပြုခဲ့သော ကံနှင့်အတူ
ပြန်လည် ခံစားရလေသည်။

ထို့ပြင် မြတ်စွာဘုရားရှင်သည် ရောဟိနီမင်းသမီးအား-

“ရောဟိနီ, မိဖုရားကြီးဖြစ်စဉ်က သင်ကိုယ်တိုင် အဲဒီ
မကောင်းမှုကို ပြုအပ်ခဲ့လေ၏။ အနည်းငယ်မျှသော
စိတ်ဆိုးမှု၊ မနာလိုမှု၊ ငြူစူမှုတို့ကို ပြုခြင်းငှာ မသင့်”
ဟု မိန့်တော်မူ၏။

ရောဟိနီမင်းသမီးသည် မြတ်စွာဘုရားရှင်၏
တရားတော်ကို နာယူပြီးနောက် သောတာပတ္တိဖိုလ်၌
တည်လေသည်။ ထိုခဏသာလျှင် ရောဟိနီမင်းသမီး၏
ကိုယ်သည် ရွှေအဆင်းကဲ့သို့ လှပတင့်တယ်သည်။
များစွာကုန်သော သူတို့သည်လည်း သောတာပတ္တိဖိုလ်၌
တည်လေ၏။ ရောဟိနီမင်းသမီးလည်း သက်တမ်းကုန်၍
စုတေကွယ်လွန်ပြီးနောက် သံဃာတော်များ
အသုံးပြုရန် ဆွမ်းစားဇရပ် ဆောက်လုပ်လှူဒါန်းသော
ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်တွင်
နတ်သားလေးယောက်တို့၏အလယ်၌ နတ်သမီးအဖြစ်
ကျရောက်ခဲ့ရသည်။ အလွန်လှပသဖြင့် နတ်သားတို့
သူပိုင်၊ငါပိုင် အပြိုင်လုယက်ခြင်းကို ခံရ၏။
နောက်ဆုံး၌ သိကြားမင်းကောက်ယူခြင်းကိုခံရပြီး
သိကြားမင်း၏ မိဖုရားဖြစ်ရလေသည်။
Credit : Admin Team of Young Buddhist Association

Saturday, March 4, 2017

အချစ်​နည်းနည်း​လျော့

အချစ်နည်းနည်းလျှော့

ဤ၌ အချစ်ဆိုသည်မှာ တဏှာချစ်သာတည်း၊ လောကမှာ တဏှာမကင်းကြသေးသူတိုင်း အချစ်မကင်းကြသေးပေ၊ လူကို ချစ်၍ ပစ္စည်းကို စုံမက်နေကြသည်၊ အမိ အဖ မောင်နှမမို့ ချစ်မဝနိုင် ရှိကြသည်၊ ဇနီးမယားနှင့် သမီးသားမို့ ချစ်အားတွေ ပိုကြပြန်သည်၊ ချစ်မိသည့် လူနှင့် ပတ်ဝန်းကျင်ကို မခွဲနိုင် မခွါရက် ရှိနေကြသည်၊ နေ့ရှိသရွေ့ အချစ်ကဗျာတွေ သီလျက် အချစ်လောကသို့ ချီတက်နေကြသည်။

သို့ပင် အချစ်သည်းနေကြသော်လည်း အချစ်၏ နိဂုံးကိုကား ဆွဲကြည့်မိကြပုံ မရပေ၊ တကယ်သာ အချစ်၏ နိဂုံးကို ဆွဲကြည့်မိမည်ဆိုပါက အချစ်နိဒါန်းပျိုးဖို့ လက်တွန့်မိကောင်း တွန့်မိကြပေမည်၊ အဘယ်ကြောင့်ဆိုသော် အချစ်၏နိဂုံးကား `အပြုံး` မဟုတ်၊ `အငိုအရှိုက်` သာ ဖြစ်နေသောကြောင့်တည်း။

မြတ်ဗုဒ္ဓက `ပိယဇာတိကာ သောကပရိဒေဝဒုက္ခ ဒေါမနဿုပါယာသာ ပိယပ္ပဘဝိကာ = ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာ၊ ချစ်ခြင်းမှ အစပျိုးလာတာ` ဟု ဟောတော်မူခဲ့သည်၊ သို့ရာတွင် `အချစ်ကြောင့် ငိုရသည်` ဆိုသော မြတ်ဗုဒ္ဓ၏ စကားကို လက်မခံပဲ `အချစ်ကြောင့် ပျော်ရွှင်ရသည်` ဟုသာ အချစ်ဆရာကြီးများက ဆိုချင် ကြ၏၊ အချစ်၏ နိဂုံးမှာ အပြုံးသာဟု ထင်မှတ်လျက် ရှိနေကြသည်။

မြတ်ဗုဒ္ဓ၏ `အချစ်ကြောင့် ငိုရသည်` ဆိုသော ဟောမိန့်ချက်နှင့်စပ်၍ သဘောမကျ ကန့်ကွက်ခဲ့ကြသဖြင့် ရှင်းလင်းချေပခဲ့ရပုံ ဇာတ်လမ်းကလေးတစ်ခုမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။

ဗုဒ္ဓသည် သာဝတ္တိမြို့ ဇေတဝန်ကျောင်းမှာ သီတင်းသုံးလျက်ရှိ၏၊ ဗုဒ္ဓထံ သာဝတ္တိမြို့မှ ဒကာတစ်ယောက် ရောက်လာသည်၊ ရှိခိုးဝပ်ချ၍ ခပ်မှိုင်မှိုင် ထိုင်နေသည်။

`ဘယ့်နှယ်လဲ ဒကာ မျက်နှာမသာမယာနဲ့ စိတ်ညစ်စရာ တွေ့နေသလား` ဟု ဗုဒ္ဓက မေးတော်မူရာ ....
`ချစ်မဝတဲ့ သားလှကလေးတစ်ယောက် သေဆုံးသွားသဖြင့် ဝမ်းနည်း ပူဆွေး ငိုကြွေးရပါကြောင်း` လျှောက်ထားလေသည်။

`အင်း ... ဒီလိုပဲ ဖြစ်ရမယ်၊ သောကပရိဒေဝ ဒုက္ခဒေါမနဿဥပါယာသ ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်ရတာပဲ၊ ချစ်ခြင်းမှ အစပျိုးခဲ့တာပဲ` ဗုဒ္ဓက တရားလမ်းကြောင်းဖြင့် မိန့်သည်။

`ဘယ့်နှယ် အရှင်ဘုရား သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မဟုတ်နိုင်ပါ၊ တပည့်တော် ဒီစကား လက်မခံနိုင်ပါ၊ ချစ်ခြင်းကြောင့် ပျော်ရ ရွှင်ရခြင်းသာ ဖြစ်နိုင်ပါသည်။`

ထိုဒကာသည် ဗုဒ္ဓ၏ စကားကို ကန့်ကွက်၍ ထပြန်သွားလေ၏။ ထိုစဉ်က ဗုဒ္ဓနှင့် မလှမ်းမကမ်း သစ်ပင်ရိပ်အောက်မှာ ကစားသမားအချို့သည် ကြွေပစ်ကစားနေကြသည်။ ထိုဒကာသည် ကစားဝိုင်းသို့သွားပြီး `ရဟန်းဂေါတမက အချစ်ကြောင့် သောကပရိဒေဝ ဖြစ်တယ်၊ အချစ်ကြောင့် ငိုရတယ်` လို့ အမိန့်ရှိပုံ၊ သူက မဖြစ်နိုင်ဟု ကန့်ကွက်ပြီး အချစ်ကြောင့် ဝမ်းသာပျော်ရွှင်မှုသာ ဖြစ်နိုင်ကြောင်း ပြန်ပြီး လျှောက်ခဲ့ပုံတို့ကို ပြောပြရာ ကစားသမားများက သူ့ဘက်မှ ထောက်ခံကြသည်။

ဤသတင်းသည် သာဝတ္တိမြို့တွင်း ပျံ့နှံသွားသည်၊ နန်းတွင်းသို့ပင် ရောက်ရှိသွားသည်၊ ထိုအခါ ပသေနဒီ ကောသလ ဘုရင်ကြီးက မလ္လိကာမိဖုရားကို ခေါ်ပြီး `ငိုရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မင်းရဟန်းဂေါတမက ဟော ဆိုပါလား` ဟု ပြောသည်၊ `မြတ်စွာဘုရားက ဟောတယ်ဆိုရင် မမှားပါဘူး၊ ဒီတိုင်း ဖြစ်မှာပဲ` ဟု မလ္လိကာက အေးအေးဆေးဆေး ပြန်ပြောသည်။

`အေး ... မလ္လိကာကတော့ ဆရာပြောသမျှ မှန်ပါတယ်၊ မှန်ပါတယ် ဆရာ ဆိုတဲ့ တပည့်ကျနေတာပဲ၊ ရဟန်းဂေါတမ ဟောသမျှ အမှန်ချည်းပဲ၊ သွား သွား သွား၊ အလွန်မုန်းစရာကောင်းတဲ့ မလ္လိကာ` ဘုရင်ကြီးက စိတ်ဆိုးဆိုးနဲ့ အော်ငေါက်လွှတ်လိုက်သည်။

ထိုအခါ မလ္လိကာသည် အပြုံးမပျက် ပြန်လာခဲ့ပြီး နာဠိဇင်္ဃပုဏ္ဏားကို အပါးခေါ်ကာ `ဗုဒ္ဓဆီ သွားစမ်းပါ ဗြာဟ္မဏ၊ ကျွန်ုပ်စကားနဲ့ မလ္လိကာက မြတ်စွာဘုရားအား ရှိခိုးလိုက်ပါကြောင်း၊ ကျန်းမာရေး မေးလျှောက်လိုက်ပါကြောင်း လျှောက်ထားပါ၊ ပြီးတော့ ပူဆွေးရ ငိုကြွေးရတယ်ဆိုတာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ မြတ်စွာဘုရား ဟောပါသလား လို့လဲ လျှောက်ပါလေ၊ အဲသည်အခါမှာ မြတ်စွာဘုရား အမိန့်ရှိတာကို သေသေချာချာ မှတ်ခဲ့၊ ဘုရားဆိုတာ ဘယ်တော့မှ အမှားမဟောဘူး` ဟု မှာကြားလွှတ်လိုက်သည်။

နာဠိဇင်္ဃပုဏ္ဏားသည် ဗုဒ္ဓထံရောက်၍ မလ္လိကာ မှာလိုက်သမျှတို့ကို လျှောက်ထားသည်။ ထိုအခါ ဗုဒ္ဓက `ပူဆွေးရ ငိုကြွေးရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ မှန်တယ်၊ ဒါကို နားလည်အောင် ရှင်းပြမယ်၊ ရှေးက ဒီ သာဝတ္တိမြို့မှာပဲ မိခင်သေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးဟာ ပူဆွေးသောကရောက်ပြီး `ကျွန်မအမေ မမြင်ဘူးလားရှင်၊ ကျွန်မအမေများ မမြင်ဘူးလားရှင်` ဟု လူတကာ လျှောက်မေးပြီး အရူးမကလေး ဖြစ်သွားဘူးတယ်၊ ဒီလို ပူဆွေးငိုကြွေးရတာဟာ မိခင်အပေါ် ချစ်ခြင်းကြောင့် ဖြစ်တာပဲ မဟုတ်လား။`

`ဒီ သာဝတ္တိမြို့ကပဲ အမျိုးသမီးတစ်ဦးဟာ သူ့အိမ်သားနဲ့အတူ မိဘဆွေမျိုးများထံ သွားလည်တယ်၊ သူ့မိဘတွေက ဒီလူနဲ့ သဘောမတူဘူး၊ ဒီတော့ အတင်းခွဲပြီး သူတို့သဘောတူတဲ့ နောက်လူတစ်ယောက်နဲ့ နေရာချထားပေးဖို့ စီမံကြတယ်၊ အမျိုးသမီးက ဒီအကြောင်း သူ့ယောက်ျားကို ဖွင့်ပြောလိုက်တယ်၊ ယောက်ျားလုပ်သူမှာ ပူဆွေးသောကရောက်ပြီး နောက်ဘဝမှာ ဆုံကြစို့ဟုဆိုကာ သေကြောင်းကြံလိုက်တယ်၊ ဒီအဖြစ်အပျက်က သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်ဆိုတာ ထောက်ခံနေတယ်` ဗုဒ္ဓက ဤသို့ ရှင်းလင်း မိန့်ကြားတော်မူလေသည်။

နာဠိဇင်္ဃသည် ဗုဒ္ဓ၏ မိန့်ဆိုရှင်းလင်းချက်ကို မလ္လိကာအား ပြောကြားသည်။ မလ္လိကာသည် လိမ္မာဖျတ်လတ်ပါးနပ်သည့် မိဖုရားပီပီ ဘုရင်ကြီးထံ ပြုံးရွှင်စွာ ချဉ်းကပ်၍ ဤသို့ စကားစသည်။

`ဘယ့်နှယ်လဲ အရှင်မင်းတရား ဝဇီရီမင်းသမီးကို ချစ်တယ် မဟုတ်လား`
`ချစ်တာပေါ့ မလ္လိကာ`
`ဒါဖြင့် မပြောကောင်း ပြောကောင်း ခုနေများ ဝဇီရီမင်းသမီး နတ်ရွာစံသွားမယ်ဆိုရင် ပူဆွေး ငိုကြွေးရမှာပေါ့နော်`
`ပူဆွေးရ ငိုကြွေးရရုံ ဘယ်ကမလဲ၊ ငါ့အသက်တောင် ထိခိုက်သွားနိုင်တယ်`
`ခုလို မင်းတရား ပူဆွေး ငိုကြွေးရတယ်ဆိုတာ ဝဇီရီမင်းသမီးကို ချစ်လို့ပဲ မဟုတ်လား၊ ဒါကို ရည်ရွယ်ပြီး မြတ်စွာဘုရားက သောကပရိဒေဝဟာ ချစ်ခြင်းကြောင့် ဖြစ်တယ်လို့ ဟောခြင်းဖြစ်ပါတယ် အရှင်မင်းတရား`

မလ္လိကာက ခုလိုမေးပြီး လက်တွေ့ ရှင်းပြသောအခါ ကောသလဘုရင်ကြီးသည် သဘောကျကာ ကျေနပ်အားရလှသဖြင့် `အံ့စရာပဲ မလ္လိကာ အံ့စရာပဲ၊ ဗုဒ္ဓဟာ အလွန် ထိုးထွင်းမြင်တတ်ပါပေတယ်၊ ကဲ ... နှုတ်ကျင်းဖို့ ရေ တစ်ခွက်ပေးစမ်း` ဟု ပြောဆို နှုတ်ကျင်းပြီးနောက် ဗုဒ္ဓရှိရာ တရိုတသေ လက်အုပ်ချီလျက် `နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ` ဟု ဝမ်းသာရွှင်မြူး ဥဒါန်းကျူးလိုက်၏။

စာဖတ်သူသည် အချစ်၏ နိဂုံးမှာ အပြုံးမဟုတ်၊ အငိုအရှိုက်သာ ဖြစ်ကြောင်း သဘောပေါက်ပြီးဖြစ်ရာ စိုးရိမ် ပူဆွေးရ၊ ငိုကြွေးရ၊ ဒုက္ခဖြစ်ရ၊ စိတ်ညစ်ရ၊ အသည်းကျွမ်းရ ဆိုသည့် ဒုက္ခအဝဝမှ သက်သာရာရလိုပါလျှင် အချစ်နည်းနည်းလျှော့ဖို့ လိုပါသတည်း။ ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ဓမ္မဗျူဟာစာစောင်၊ အတွဲ(၁၁)၊ အမှတ်(၉)