Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Thursday, August 25, 2016

ငရဲနဲ့နတ်​ပြည်

ငရဲနဲ့နတ်ပြည်
တစ်ခါတုန်းက ကျေးလက်က တောရွာတစ်ရွာမှာ
တောရဆောက်တည်နေတဲ့ ဆရာတော်တစ်ပါးရှိခဲ့ဖူးတယ်။
ဆရာတော်ဟာ အရပ်တော်က ပုပြီး ကိုယ်ခန္ဓာကလည်း
သေးကွေးတဲ့အတွက် ရွာထဲကလူတွေက ဘုန်းဘုန်းလေး
လို့ခေါ်ကြတယ်။ ဘုန်းဘုန်းလေးဟာ ခန္ဓာကိုယ်က ပုသေး
သေးလေးဖြစ်ပေမယ့် တန်ခိုးကတော့ အင်မတန်ကြီးမား
သတဲ့။

ဘုန်းဘုန်းလေးဟာ တစ်ခါတစ်ရံတောအုပ်တွေပေါ်က
ကျော်ပြီး ဆွမ်းခံကြွလာတတ်သလို တစ်ခါတစ်ရံမြစ်ပြင်
ပေါ်မှာ လမ်းလျှောက်ပြီးလည်း ဆွမ်းခံကြွလာတတ်တယ်။
ဒီရွာမှာ အမြဲတမ်းလိုလိုဆွမ်းခံကြွနေပေမယ့် ဘုန်းဘုန်း
လေးဘယ်မှာ သီတင်းသုံးတယ်ဆိုတာ ဘယ်သူမျှမသိရ
ဘူးတဲ့။ ဘုန်းဘုန်းလေးဟာ စကားနည်းပြီး ပြောရင်လည်း
တိုတိုကျဉ်းကျဉ်းဖြစ်ပေမယ့် အနက်အဓိပ္ပါယ်က အင်မတန်
မှကျယ်ပြန့်သတဲ့။

ဥပမာဆိုရင် တစ်ခါက အသက်(၈၀)လောက်ရှိပြီဖြစ်တဲ့
အငြိမ်းစားယူထားတဲ့ အစိုးရအရာရှိကြီးတစ်ဦးဟာ
ဘုန်းဘုန်းလေးရဲ့ အင်မတန်ကျော်ကြားလှတဲ့ ဂုဏ်သတင်း
ကြောင့် ဆွမ်းခံကြွမယ့်လမ်းမှာ လာရောက်စောင့်မျှော်ပြီး
ဖူးတွေ့ကန်တော့သတဲ့။ လှူဖွယ်တွေလှူဒါန်းပြီးတဲ့အခါ
ဆရာတော်ဘုရား တပည့်တော်အတွက်တစ်သက်တာ မှတ်
လောက်စရာ သြ၀ါဒစကား ဟောကြားချီးမြှင့်တော်မူပါလို့
လျှောက်ထားတဲ့အတွက် ဆရာတော်က မကောင်းမှုရှောင်
ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားလို့ မိန့်ကြားလိုက်
ပါတယ်။

ဘုန်းဘုန်းလေးရဲ့ရိုးစင်းလှတဲ့ သြ၀ါဒစကားကို ကြားလိုက်
ရတဲ့အတွက် အရာရှိကြီးဟာ မှန်းချက်နဲ့နှမ်းထွက်မကိုက်
သလိုပုံစံမျိုးနဲ့ အရှင်ဘုရား ဒီလိုတရားစကားမျိုးတော့
တပည့်တော် (၈)နှစ်သားအရွယ်ကတည်းက ကြားဖူးပါ
တယ်ဘုရားလို့ ပြန်လည်လျှောက်ထားသတဲ့။ အဲဒီအခါ
ဘုန်းဘုန်းလေးက ရှစ်နှစ်သားအရွယ်ကတည်းကကြား
ဖူးတဲ့ တရားစကားကို အသက်ရှစ်ဆယ်အရွယ်ရောက်
တာတောင် လက်တွေ့လိုက်နာဖို့ မလွယ်ကူသေးဘူး
မဟုတ်သေးဘူးမလားလို့ ထပ်ဆင့်မိန့်ကြားတော်မူပါ
တယ်။ အဲဒီအခါကျမှ အရာရှိကြီးဟာ မှန်လှပါ၊ မှန်လှပါ၊
တပည့်တော်နားလည်ပါပြီဘုရားလို့ ပျာပျာသလဲလဲဝန်ခံ
သတဲ့။

ဒီလိုနဲ့ တစ်နေ့တော့ ဘုန်းဘုန်းလေးထံကို ဓါးပြဗိုလ်ကြီး
တစ်ဦးရောက်လာတယ်။ အဲဒီဓါးပြဗိုလ်ကြီးဟာ လုယက်
သတ်ဖြတ်ရာမှာ အညှာအတာကင်းရက်စက်လွန်းလို့
အင်မတန်နာမည်ကြီးပြီး လူတိုင်းက ကြောက်ရွံ့ရသတဲ့။
ဘုန်းဘုန်းလေးထံရောက်လာတဲ့ ဓါးပြဗိုလ်ကြီးက
ဆရာတော်ဘုရား လောကမှာ နတ်ပြည်နဲ့ငရဲပြည်ဆိုတာ
တကယ်ရှိပါသလား။ ရှိရင် ငရဲနဲ့နတ်ပြည်အကြောင်းတပည့်
တော်ကို သင်ပြပေးပါဦးလို့ မေးမြန်းလျှောက်ထားသတဲ့။
အဲဒီအခါ ဘုန်းဘုန်းလေးက ဓါးပြဗိုလ်ကြီးရဲမျက်နှာကို
စေ့စေ့ကြည့်ပြီး မင်းလိုသူတစ်ပါးတွေရဲ့အသက်ကို
ရက်ရက်စက်စက်သတ်ဖြတ်ပြီး သူများစည်းစိမ်ချမ်းသာ
တွေကို လုယက်ခိုးယူနေတဲ့သူတစ်ယောက်ကို နတ်ပြည်
အကြောင်း သင်ပြပေးလို့ဘာအဓိပ္ပါယ်ရှိမှာလဲ အပိုပဲပေါ့
လို့ မိန့်ကြားလိုက်ပါတယ်။ ဘုန်းဘုန်းလေးရဲ့မညှာမတာ
မိန့်ကြားတဲ့ အဖြေစကားကို ကြားလိုက်ရတဲ့အခါ ဓါးပြ
ဗိုလ်ကြီးဟာ တစ်ခါတည်း မျက်စိမျက်နှာပျက်ပြီး လက်
တွေ တဆတ်ဆတ်တုန်လာအောင် ဒေါသတွေထွက်
လာတယ်။

ပြီးတော့ ဆူပွက်နေတဲ့ သူ့စိတ်ကို သူမထိန်းနိုင်တော့ဘဲ
ဒီလောက် မိုက်ရိုင်းတဲ့ ကိုယ်တော်ကို ခေါင်းဖြတ်သတ်ပစ်
တာပဲ နားအေးတယ်ဆိုပြီး ဆောင်ဓါးကိုထုတ်ကာ ဘုန်းဘုန်း
လေးရဲ့ ဦးခေါင်းထက်မှာ ချိန်ရွယ်လိုက်တယ်။
အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါငရဲပဲ။ မင်းအတွက် ငရဲ
တံခါးကြီးပွင့်သွားပြီလို့ အမိန့်ရှိပါတယ်။

အဲဒီတော့မှ ဘုန်းဘုန်းလေး သူ့အသက်နဲ့ရင်းပြီး သူနားလည်
အောင် ငရဲရဲ့သဘာဝကို သင်ပြပေးလိုက်တာပဲလို့ ဓါးပြဗိုလ်
ကြီးဟာ သဘောပေါက်သွားတယ်။ ဒါ့ကြောင့်မြှောက်ချီထားတဲ့
ဆောင်ဓါးကို မြေကြီးပေါ်မှာ အသာအယာချပြီး လက်အုပ်ချီ
ကာ ကျေးဇူးကြီးလိုက်တာ အရှင်ဘုရား၊ ခွင့်လွှတ်တော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်ရင်း ဦးသုံးကြိမ်ချကန်တော့
လိုက်ပါတယ်။

အဲဒီအခါ ဘုန်းဘုန်းလေးက အဲဒါနတ်ပြည်ပဲ ဒကာကြီး
အတွက် နတ်ပြည်တံခါးပွင့်သွားပြီလို့ ထပ်မံအမိန့်ပေးလိုက်
ပါတယ်။

ဒီဓမ္မပုံပြင်ကလေးဟာ ငရဲနဲ့နတ်ပြည်ရဲ့သဘာဝကိုလူပြိန်း
နားလည်လွယ်အောင် တစ်စိတ်တစ်ဒေသ ဖော်ပြခြင်းမျှသာ
ဖြစ်ပါတယ်။ ငရဲနဲ့နတ်ပြည်ရဲ့အတိအကျသဘာဝကိုတော့
အဘိညာဉ်ရသူများသာ အပြည့်အစုံ သိနိုင်ကြမှာပါ။
နတ်ပြည်နဲ့ငရဲဆိုတာ ဘုံ၊ နေရာ၊ ဌာနတွေရဲ့အခေါ်ဝေါ်
တွေဖြစ်ပေမယ့် ဒီနာမည်တွေမှာ ခံစားမှုပိုင်းဆိုင်ရာ
စိတ်ရဲ့အခြေအနေတွေက အများကြီးလွှမ်းမိုးနေပါတယ်။
ချမ်းသာမှုကင်းမဲ့တဲ့ အခြေအနေဖြစ်ရာဌာနဟာ ငရဲဖြစ်ပြီး
ချမ်းသာမှုပြည့်စုံတဲ့ အခြေအနေ ဖြစ်ရာဌာနဟာ နတ်ပြည်
ပဲဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဖော်ဆောင်မှုဟာ ငရဲနဲ့နတ်ပြည်
ဟာ သေလွန်ပြီးနောက် တမလွန်ဘ၀ရောက်မှတွေ့ကြုံ
ခံစားရမယ့်အရာတွေပဲလို့ လွဲမှားစွာတွေးခေါ်နေသူတွေ
ကို အမြင်မှန်ရစေမှာဖြစ်သလို ဒီဘ၀ ဒီကိုယ်စံ၊ နောက်ဘဝ
နောက်ကိုယ်ခံလိမ့်မယ်ဆိုတဲ့ မကောင်းတဲ့ဝါဒကိုလည်း
စင်ကြယ်စေနိုင်ပါလိမ့်မယ်။

တကယ်တော့ ငရဲကျတယ်ဆိုတာ မကောင်းမှုအကုသိုလ်
ဒုစရိုက်ကိုကျူးလွန်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့
အဲဒီမကောင်းမှုအကုသိုလ်ရဲ့အပြစ်ကို ခုချဆတ်ဆတ်
ခံစားရတာကို ဆိုလိုတာပါ။ အဲဒီလိုပါပဲ။ နတ်ပြည်ရောက်
တယ်ဆိုတာလည်း ကောင်းမှုကုသိုလ်သုစရိုက်ကိုအားထုတ်
ပြုလုပ်မိချိန်ကစပြီး ကွယ်လွန်ချိန်မှာတော့ အဲဒီကောင်းမှု
ကုသိုလ်ရဲ့အကျိုကို မုချဆတ်ဆတ် ခံစားရတာကိုဆိုလို
တာပါ။

နတ်ပြည်နဲ့ငရဲဟာ တမလွန်ဘ၀နဲ့အကျုံးဝင်သလိုပစ္စုပ္ပန်
ဘ၀နဲ့လည်း သက်ဆိုင်ပါတယ်။ ကုသိုလ်ကောင်းမှုကြောင့်
ဒီဘ၀ကျေနပ်ကြည်နူးရတဲ့ပီတိဟာ ပစ္စုပ္ပန်နတ်ပြည်ဖြစ်ပြီး
နောက်ဘ၀ ကောင်းစားရတဲ့ အခြေအနေဟာ တမလွန်
ဘ၀ နတ်ပြည်ဖြစ်ပါတယ်။ အကုသိုလ်မကောင်းမှုကြောင့်
ဒီဘ၀ပူပန်ဆင်းရဲရတဲ့နောင်တဟာ ပစ္စုပ္ပန်ငရဲဖြစ်ပြီးနောင်
ဘ၀တွေ့ကြုံရမယ့်ဆိုးဝါးလှတဲ့ အခြေအနေဟာ တမလွန်
ဘ၀ငရဲဖြစ်ပါတယ်။

ပုံပြင်ထဲက ဘုန်းဘုန်းလေးပြောပြသလိုပဲ နတ်ပြည်နဲ့ငရဲ
မျိုးစေ့ဟာ မိမိတို့ရဲ့နှလုံးသားမှာ ကိန်းအောင်းနေတာမို့
မိမိတို့နဲ့ အနေဝေးလှတာမဟုတ်ပါဘူး။ ရင်ထဲမှာရှိတဲ့
ဒီမျိုးစေ့ကိုပဲ ကုသိုလ်ရေစင်နဲ့သွန်းဖျန်းလိုက်တဲ့အခါ
နတ်ဘုံဗိမာန်တွေပေါ်ပေါက်လာပြီး အကုသိုလ်အဆိပ်
ရေတွေနဲ့လောင်းလိုက်တဲ့အခါ ငရဲကြီးရှစ်ထပ်ပေါ်ပေါက်
လာတာပဲ ဖြစ်ပါတယ်။

အကြောင်းရှိမှအကျိုးထင်တတ်တဲ့လောကကြီးမှာအကျိုး
တရား သက်သက်ဖြစ်တဲ့ နတ်ပြည်နဲ့ ငရဲဆိုတာ တကယ်
တော့ ဘာမျှပြဿနာမဟုတ်ပါဘူး။ အကြောင်းအကျိုးကို
ကိုယ်လိုသလိုဆွဲယူချင်တာကသာ ပြဿနာဖြစ်ပါတယ်။
စိတ္တေန နိယတေ လောကော= လောကကြီးကို စိတ်က
ဖန်ဆင်းတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဆိုမိန့်ချက်ရှိပါတယ်။
ဒါ့ကြောင့် နတ်ပြည်ရော ငရဲပါ (၃၁)ဘုံသောလောကကြီး
ဟာ လူ့စိတ်တွေက ဖန်ဆင်းထားတဲ့ တကယ့်အရှိတရား
တစ်ခုဖြစ်တယ်ဆိုတာ လွတ်လပ်ပွင့်လင်းတဲ့စိတ်ထားနဲ့
ရိုးသားစွာ လက်ခံလိုက်ရင် ပြဿနာအားလုံးရှင်းလင်း
သွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၄ခုနှစ် သြဂုတ်လ

Wednesday, August 24, 2016

ငရဲပြည်​မှာ အမှုထမ်းရ​သော ယမမင်း အ​ကြောင်း

ငရဲပြည်မှာ အမှုထမ်းရသော ယမမင်း အကြောင်း


ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ အမှုထမ်းရသနည်း ?


(မေး)
ဆရာတော် အရှင်သူမြတ်ဘုရား

ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက်ထိုလူ သွားရောက် ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။

ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။

ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို သိလိုပါသည်ဘုရား။

ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင် ပါသည်ဘုရား။

(ဖြေ)
“ယမမင်း”

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-
“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံ ရခြင်း နှင့် သေခြင်း”  ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည် ကိုသတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။

မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။ သင်သာလျှင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။

ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့
ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)”။

“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊ တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီ ရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)”။

“မိဿ    ကကုသိုလ်”  
                                
(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏ 
(အံ-ဋီ ၂၊ ၁၁၄)”။

“သိကြားမင်း၏ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊
ဝေဿ    ဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့်ကြည့် လျှင်ပြာကျစေနိုင်သော)မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏”။
(သံ-ဋ္ဌ ၁၊ ၂၉၀)

“အဓိပ္ပာယ်တစ်မျိုး”

“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော
(ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉)”

အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ ယမမင်းရဲ့အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
(ဇာ-ဋ္ဌ ၂၊ ၂၈၈) လို့လည်း နာမည်တစ်မျိုးနဲ့ ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာ ဘုရားဟောပါ။

“လူဖြစ်ချင်သူ”

ယမရာဇသုတ် (အံ ၁၊ ၁၄၀)အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓ ဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့” အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်းအကြံ ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများ အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ် လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။

“ငရဲနှင့် ငရဲထိန်း”

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်က လူမပြုနိုင် (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့်သူများ သာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်း မရှိ။ အကုသိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာ သူများကိုသာ စစ်ဆေးခြင်းဖြစ်၏
(ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။

မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ
ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသ တစ်နေရာမှာ ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။

“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ် နတ်မျိုးဖြစ်သော ဘီလူးများသည်
အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌ နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။

မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့ သရုပ်ဖော်သည် ...

“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင် ဘိတ်လျက် သပိတ်လုံးနှယ်၊ မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊
ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။

(မဃဒေဝ၊ ပိုဒ်-၄၆၅)။

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ် မလာနိုင်တော့တဲ့ “ထာဝရငရဲ” ဆိုတာ မရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ လူ့ဘဝ နတ်ဘဝတွေ ကို ပြန်ရောက်လာပြီး တရားအားထုတ်လို့ ဗောဓိဉာဏ် ကိုတောင်ရနိုင်ပါသေး တယ်။

ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿ    နပါပဲ။

“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”

သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေက ပဲအာကာသ မှာ သက်ရှိလောက ရှိနိုင်တယ်လို့ ဆိုလာကြတယ်။

သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာ သက်ရှိသတ္တဝါ ရှိတယ်” ဆိုတဲ့ သိပ္ပံနိယာမရယ် ၊ရေဆူမှတ် နီးနီးပူနေ တဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲက အပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောက တစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။

တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ် လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့ အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။

-【ဆရာတော်အရှင်ကေလာသ ၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။

ငလျင်​လှုပ်​​ကြောင်း ရှစ်​ပါး

ငလျင်လှုပ်ကြောင်း ရှစ်ပါး

၁။ ။ဤမဟာပထဝီမြေကြီးသည် ရေ၌တည်၍ ရေသည်လေ၌ တည်ပြီး လေသည် ကောင်းကင်၌ တည်သဖြင့် ပြင်းထန်စွာလေတိုက်သော အခါ ရေကိုလှုပ်စေပြီး ထိုရေလှုပ်သောကြောင့် မြေလှုပ်ရခြင်း ။

၂။ ။ကြီးသောတန်ခိုးအာနုဘော်ရှိသော သမဏ ဗြဟ္မဏတို့ သည်လည်းကောင်း နတ် ဗြဟ္မာတို့သည်လည်းကောင်း အားနည်းသော (မြေ)ပထဝီ ကသိုဏ်းဈာန်နှင့် အားကြီးသော (ရေ)အာပေါကသိုဏ်းဈာန် တို့ကို ပွါးများလျက် ဤမဟာပထဝီမြေကြီးကို လှုပ်စေခြင်း

၃။ ။ ဘုရားအလောင်းသည် တုသိတာနတ်ပြည်မှ စုတေလျက် အမိဝမ်းတိုက်သို့ သက်ရောက်အခါ၌ ဤမဟာပထဝီမြေကြီးသည် သွက်သွက်ခါအောင် ပြင်းထန်စွာလှုပ်ခြင်း

၎။ ။ ဘုရားအလောင်းသည် အမိဝမ်းတိုက်မှ ဖွါးမြင်တော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၅။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူသောအခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၆။ ။ မြတ်စွာဘုရားသည် အမြတ်ဆုံး ဓမ္မစကြာ တရားတော်ကိုဟောတော်မူသော အခါ၌ ပြင်းထန်စွာ တုန်လှုပ်ခြင်း

၇။ ။ မြတ်စွာဘုရား အာယုသင်္ခါရလွှတ်တော်မူသော အခါ၌ တုန်လှုပ်ခြင်း

၈။ ။ မြတ်စွာဘုရားသည် အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူသော အခါ၌ သွက်သွက်ခါအောင် ပြင်းစွာတုန်လှုပ်ခြင်း

(အံ၊၃။၁၃၁) (အံ၊မြန်၊၃။၁၃၄)

Friday, August 5, 2016

သတိပါတဲ့ အချစ်​ နဲ့ ချစ်

“သတိပါတဲ့ အချစ် နဲ့ ချစ်”

“အနာဂါမ်” မဖြစ်သရွေ့တော့
အချစ်ဆိုတာ လူသားတိုင်းမှာ ရှိနေကြဦးမှာပါပဲ။
အနာဂါမ် ဖြစ်မှပဲ အဲဒီ “အချစ်”ဆိုတာက
မရှိတော့မှာပါ။
●တစ်ချို့က “အချစ်မရှိဘူး ၊အချစ်မရှိဘူး”
နဲ့ပြောတတ်ကြပေမယ့်၊ အနာဂါမ် မဖြစ်သေးဘူး
ဆိုရင်တော့ စကားလုံးနဲ့ ပြောနေတာပဲ ရှိမှာပါ။
တကယ်မရှိတာမဟုတ်ပါဘူး။
အချစ် က ၃ မျိုးရှိပါတယ်။
●(၁)။ ဝီတိက္ကမ အချစ် =
(အာရုံတစ်ခုခုကို တွေ့ပြီး ကိုယ်နှုတ် ကို
မစောင့်ထိန်းနိုင်တော့ဘဲ ကာယကံမြောက်၊
ဝစီကံမြောက် လွန်ကျူးလိုက်တဲ့ အချစ်)
●(၂)။ ပရိယုဋ္ဌာနအချစ် =
(စိတ်ထဲကပဲ ထကြွသောင်းကျန်းနေတဲ့အချစ်)
●(၃)။ အနုသယ အချစ် =
(သတ္တဝါတွေရဲ့ သန္တာန် မှာ အစဉ်သဖြင့်
ကိန်းနေတဲ့ အချစ်၊ ပဋ္ဋိသန္ဓေကတည်းက
ပါလာတဲ့ အချစ်ပါ။)
လောကကြီးမှာ “အချစ်မရှိတဲ့သူ” ဆိုတာ မရှိပါဘူး။
အရွယ်၊ပညာ၊ဂုဏ် စသည်တွေကိုထောက်ပြီး
“ဝီတိက္ကမ အချစ် နဲ့ ပရိယုဋ္ဌာနအချစ်” သာမရှိရင်နေမယ်။
“အနုသယ အချစ်”ကတော့ ပုထုဇဉ်လူသားတိုင်းရဲ့
သန္တာန်မှာကိုယ်စီရှိနေကြပါတယ်။
အဲဒီအချစ်ကို ဘာနဲ့တားမလဲဆိုရင်. . .
●“ဝီတိက္ကမ အချစ်”ကို သီလနဲ့တားရပါတယ်။
●“ပရိယုဋ္ဌာနအချစ်”ကို သမာဓိနဲ့ တားရပါတယ်။
သမာဓိဖြစ်တဲ့ ကမဋ္ဌာန်း လေးဆယ်ထဲက တစ်ခုခုပွါးနေရင်
တားပြီးသားဖြစ်နေပါတယ်။
●“အနုသယ အချစ်”ကိုတော့ပညာလို့ခေါ်တဲ့
ဝိပဿနာ နဲ့တားရပါတယ်။
ဒါပေမယ့် အနုသယ အချစ်ကို
အကြွင်းမဲ့တော့တားလို့မရပါဘူး။
တဒင်္ဂအနေနဲ့ပဲ တားလို့ရပါတယ်။
ဝင်တယ်၊ထွက်တယ် ၊ ဖောင်းတယ် ၊ ပိန်တယ် စသဖြင့်
ရှုမှာနေဆဲ အခိုက်အတန့်မှာတော့ တဒင်္ဂ အနေနှင့်
တားပြီးသားဖြစ်နေပါတယ်။
ပုထုဇဉ်တွေဆိုတော့ မချစ်ပါနဲ့ ပြောလည်း
ချစ်ကြမှာပါ။ချစ်ပါ။ဘယ်လိုချစ်မလဲ။
ချစ်တဲ့နေရာမှာ သတိပါတဲ့ အချစ်နဲ့
သတိမပါတဲ့ အချစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။
အဲဒီတော့ ပုထုဇဉ်ပီပီ ချစ်စရာရှိလို့ ချစ်မယ်
ဆိုရင်လည်း သတိပါနဲ့ အချစ်နဲ့ချစ်ဖြစ်ဖို့ လိုပါတယ်။
သတိပါတဲ့အချစ်ကတော့ ချစ်စရာအာရုံတစ်ခုကိုတွေ့ရင်
ချစ်သင့်သလား၊မချစ်သင့်ဘူးလား
ချစ်အပ်လား၊မချစ်အပ်ဘူးလား။
ကိုယ့်ရဲ့ချစ်ခင်တွယ်တာမှုဟာ
လွန်လွန်ကဲကဲဖြစ်နေလားစသည်ဖြင့်
အသိဉာဏ်ကတွဲတွဲပါနေတတ်ပါတယ်။
ဒီတော့ လောကပြစ်၊သံသရာပြစ်တွေလည်း မဖြစ်တော့ပါဘူး။
အချစ်မှာ အရေးအကြီးဆုံးက လောကပြစ်၊
သံသရာပြစ်မဖြစ်ဖို့က အဓိကပါ။
သတိပါတဲ့အချစ်နဲ့ ချစ်ကြတဲ့သူတွေကို
လောကသဘာဝအရ ဘယ်သူ့မှအပြစ်မမြင်ပါဘူး။
သတိမပါတဲ့ အချစ်နဲ့ချစ်မိရင်တော့
လောကပြစ်၊သံသရာပြစ်တွေကတန်းစီနေသလို၊
ကိုယ့်ပတ်ဝန်းကျင်ကလည်းအပြစ်မျိုးစုံတင်ကြတော့မှာပါ။
အချစ်ကြောင့် ကျောင်းပညာရေးဆုံးရှုံးတာ၊
အချစ်ကြောင့် ဘဝရည်မှန်းချက်ကိုစွန့်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် အချိန်တွေ အလဟဿ ကုန်ဆုံးရတာ၊
အချစ်ကြောင့် အလုပ်တွေဆုံးရှုံးလက်လွှတ်လိုက်ရတာ၊
အချစ်ကြောင့် ထောင်ကျရတာ၊
အချစ်ကြောင့် ငရဲကျရတာ စသည်ဖြင့်
ဆိုးကျိုးတွေ အများကြီးပါပဲ။
ဒါတွေဟာ သတိမပါတဲ့ အချစ်နဲ့ ချစ်မိလို့ရတဲ့ဆိုးကျိုးတွေပါ။
တကယ်လို့ အချစ်တစ်ခု ဆုံးရှုံးလိုက်ရတယ်။
ဘာဖြစ်လဲ။လူဆိုတာ အချစ်တစ်ခုတည်းနဲ့
အသက်ရှင်နေတာမှ မဟုတ်တာ။
တခြား ယုံကြည်ချက်တွေလည်း ရှိနေသေးတာပဲ။
အဲဒီယုံကြည်ချက်တွေနဲ့ ဘဝကို တည်ဆောက်လိုက်ရုံပဲပေါ့။
အချစ်ဆိုတာဘဝမှာ တစ်သက်လုံး ပြဋ္ဌာန်း
မနေသင့်ပါဘူး။ဘဝရဲ့ အစိတ်အပိုင်းတစ်ခု အနေနဲ့ပဲရှိနေသင့်ပါတယ်။
ဝိရဇ=ရာဂစတဲ့မြူမရှိအောင် နေခြင်း ဟာ မင်္ဂလာပါတဲ့။
ရာဂစတဲ့ကိလေသာတွေကို မြူနဲ့ တင်စားပြီးပြောထားတာပါ။
ပကတိမြူတွေဟာ ကိုယ်ပေါ်ကျရင် ညစ်ပေညစ်နွမ်းရသလို၊
ရာဂစတဲ့ ကိလေသာတွေ ကိုယ့်သဏ္ဌာန်မှာ
ကျရောက်လာရင်လည်း စိတ်ကော၊ရုပ်ကော
ညစ်နွမ်းရတော့တာပါ။
“ရာဂ” စတဲ့ မြူများများရှိတဲ့သူဟာ များများညစ်နွမ်းရမယ်။
နည်းနည်းရှိတဲ့သူဟာ နည်းနည်းပဲညစ်နွမ်းရမယ်။
လုံးဝမရှိတော့ရင် မညစ်နွမ်းတော့ပါဘူး။
ရာဂစတဲ့ မြူရှိသရွေ့ သံသရာမှာကျင်လည်နေရဦးမှာပါ။
သံသရာမှာကျင်လည်နေသရွေ့တော့ ငိုတစ်ခါ ရယ်တစ်လှည့်နဲ့
လောကဇာတ်ခုံပေါ်မှာ ကနေရကြဦးမှာပါ။
မြူကင်းချင်တယ် ၊ အချစ်ကင်းချင်တယ်ဆိုရင်တော့
ဝိပဿနာအားထုတ်မှပဲကင်းမှာပါ။
●ဆယ့်ငါးမိနစ် ဝိပဿနာ တရားအားထုတ်လို့
ဆယ့်ငါးမိနစ် အချစ်ကင်းတယ်ဆိုရင်
ဆယ့်ငါးမိနစ်ချမ်းသာမှာပါ။
●နာရီဝက် ဝိပဿနာ တရားအားထုတ်လို့
နာရီဝက် အချစ်ကင်းတယ်ဆိုရင် နာရီဝက် ချမ်းသာမှာပါ။
ချစ်စရာတွေအများကြီးရှိနေတဲ့ ဒီလောကကြီးထဲမှာ
အချစ်မရှိတဲ့ လူသားတစ်ယောက်အဖြစ်
တစ်နေ့ကို ဆယ့်ငါးမိနစ်လောက်ပဲဖြစ်ဖြစ်၊
နာရီဝက်လောက်ပဲဖြစ်ဖြစ်
နေကြည့်သင့်ပါတယ်။
အချစ်မရှိတဲ့လူသားတစ်ယောက်မှာ
ဘယ်လောက်ချမ်းသာတယ်ဆိုတာသိသွားအောင်လို့ပါ။
ပုထုဇဉ်ပီပီ “မချစ်ရရင် မနေနိုင်တာကလွဲလို့”ဆိုရင်လည်း
သတိပါတဲ့ အချစ်နဲ့ ချစ်ဖြစ်လိုက်ဖို့ပါပဲလေ။
-
အပ္ပမာဒေန သမ္ပာဒေထ။
-【အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)၏“မင်္ဂလာအတွေးများ”မှ-
ကောက်နှုတ် ပူဇော်မျှဝေပါသည်။】