ဝိဝေက
▬▬▬▬▬▬▬▬
ဝိဝေက ဆိုတာ ဘာလဲ?
▬▬▬▬▬▬▬▬▬▬
ဝိဝေက သုံးမျိုး ရှိပေ၏။
၁။ ကာယဝိဝေက။ တစ်ပါးထီးတည်း
တစ်ကိုယ်ထီးတည်း နေထိုင်ခြင်း။
၂။ စိတ္တဝိဝေက။ လောကီဈာန်သမာပတ်
(လောကုတ္တရာဈာန် သမာပတ်)တွေကို ဝင်စားကာ
နီဝရဏ ကိလေသာအညစ်အကြေး အမျိုးမျိုးတို့မှ
ကင်းဆိတ်နေတဲ့ စိတ်ဖြင့် နေထိုင်ခြင်း။
၃။ ဥပဓိဝိဝေက။
ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာ
နိဗ္ဗာန်ကို အာရုံ ပြု၍ နေထိုင်ခြင်း။
သုံးမျိုးတည်း။
ဒီ(၃)မျိုးကို ထပ်ပြီးတော့ ရှင်းလင်းအံ့။
#ကာယဝိဝေက။
ဒီသာသနာတော်မှာ
ရဟန်းတော်တစ်ပါးဟာ တောကျောင်း၊ တောင်ကျောင်း၊ သစ်ပင်ရင်းကျောင်း၊
ချောက်ကမ်းပါး၊ လိုဏ်ဂူ၊ သုသာန်၊ တောအုပ်၊
လွင်တီးခေါင်၊ ကောက်ရိုးပုံ စတဲ့ ဆိတ်ငြိမ်တဲ့
ကျောင်းအိပ်ရာနေရာတွေကို မှီဝဲကာ တစ်ကိုယ်ရေ
တစ်ကာယ နေထိုင်လေ့ ရှိ၏။ အပါင်းအဖော်တွေနှင့်
ကင်းကင်းရှင်းရှင်း နေထိုင်လေ့ရှိ၏။
တစ်ပါးတည်း သွား၏။
တစ်ပါးတည်း ရပ်၏။
တစ်ပါးတည်း ထိုင်၏။
တစ်ပါးတည်း အိပ်၏။
တစ်ပါးတည်း ဆွမ်းခံသွား၏။
တစ်ပါးတည်း ဆွမ်းခံရွာမှ ပြန်လာ၏။
တစ်ပါးတည်း ဆိတ်ကွယ်ရာအရပ်မှာ နေထိုင်၏။
ကမ္မဋ္ဌာန် အာရုံပေါ်မှာ စိတ်ဓာတ်ကို
ဆောက်တည်ထားကာ တစ်ပါးထီးတည်း
စင်္ကြံကြွလေ့ရှိ၏။
တစ်ပါးထီးတည်း ကျောင်းဝင်းထဲမှာ
လှည့်လည်သွားလာလေ့ရှိ၏။
တစ်ပါးထီးတည်း သီတင်းသုံးလေ့ရှိ၏။
တစ်ပါးထီးတည်း ဣရိယာပုထ်ကို မျှတအောင်
စောင့်ရှောက်ကာ တရား ဘာဝနာကို
ကြိုးစားအားထုတ်လေ့ရှိ၏။
ဒီလို တစ်ပါးထီးတည်း နေထိုင်တာမျိုးကိုတော့
``ကာယဝိဝေက´´ တစ်ကိုယ်ရေ တစ်ကာယ
ကင်းကင်း ရှင်းရှင်း နေထိုင်ခြင်းဟု ခေါ်၏။
သွားလည်း တစ်တွဲတွဲ။
ရပ်လည်း တစ်တွဲတွဲ။
ထိုင်လည်း တစ်တွဲတွဲ။
အိပ်လည်း တစ်တွဲတွဲ။
စားလည်း တစ်တွဲတွဲ စသည်ဖြင့် တစ်တွဲတွဲလုပ်နေတဲ့
အလုပ်မျိုးကို ဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူပေ။
တစ်ပါးတည်း၊ တစ်ကိုယ်တည်း
အပေါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း
နေထိုင်တဲ့ လုပ်ငန်းမျိုးကိုသာ ဘုရားရှင်ဟာ
နှစ်ခြိုက်တော်မူပေ၏။
#စိတ္တဝိဝေက။
အာရုံ ငါးပါး ကာမဂုဏ်တရားတို့အပေါ်မှာ
လိုလားတပ်မက်မှု``ကာမစ္ဆန္ဒ နီဝရဏ´´။
သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌
ဖျက်ဆီးပစ်လိုမှု သို့မဟုတ် သူတစ်ပါးတို့
ဂုဏ်သိက္ခာကျအောင် ဖျက်ဆီးလိုမှု ``ဗျာပါဒနီဝရဏ´´။
ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်
တွန့်ဆုတ်နေမှု ပျင်းရိမှု ``ထိနမိဒ္ဓနီဝရဏ´´။
ဘာဝနာလုပ်ငန်းခွင်အာရုံမှ ပြင်ပအာရုံအမျိုးမျိုးတွေမှာ
စိတ်ဓာတ် ပျံ့လွင့် ပြေးသွားနေမှု ပြုပြီးဒုစရိုက်အမျိုးမျိုး
မပြုမိလိုက်တဲ့ သုစရိုက်အမျိုးမျိုးတို့ အပေါ်မှာ
နောင်တတစ်ဖန် ပူပန်နေမှုဆိုတဲ့
``ဥဒ္ဓစ္စ၊ ကုက္ကုစ္စနီဝရဏ´´။
ရတနာ သုံးတန် ကံ-ကံရဲ့အကျိုးတရား စသည်တို့
အပေါ်မှာ ဟုတ်လေသလား မဟုတ်လေသလား၊
ယခုလိုခေတ်မှာ ဈာန်သမာပတ်တွေ ရမှရ
နိုင်ပါ့မလား မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို
ရမှရနိုင်ပါ့မလား စသည်ဖြင့် သို့လောသို့လော
တွေးတောယုံမှားမှု ``ဝိစိကိစ္ဆာနီဝရဏ´´။
ဒီနီဝရဏ ငါးပါးကတော့ ဈာန်မဂ်ဖိုလ် တရားတွေကို
မရအောင် တားမြစ်နှောင့်ယှက် ပိတ်ဆို့ထားတတ်တဲ့
ကိလေသာ အပိတ်အဖုံးတွေ ဖြစ်ကြပေ၏။
မိမိတို့၏ စိတ်အစဉ်မှာ ဒီနီဝရဏကိလေသာ
အညစ်အကြေးတွေမှ ကင်းဆိတ်သွားအောင်
ကင်းဆိတ်ရာ ကင်းဆိတ်ကြောင်းဖြစ်တဲ့ ပထမဈာန်
သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကို
စိတ္တဝိဝေက ဟု ခေါ်၏။
ဝိတက် ဝိစာရတို့မှ
ကင်းဆိတ်ရာဖြစ်သည့် ဒုတိယဈာန်သမာပတ်ကို၊ ပီတိမှ
ကင်းဆိတ်ရာဖြစ်သည့် တတိယဈာန်သမာပတ်ကို၊
သုခဒုက္ခမှ ကင်းဆိတ်ရာ ဖြစ်တဲ့
စတုတ္ထဈာန်သမာပတ်ကို ဝင်စားလျက်
နေထိုင်ခြင်းကိုလည်း စိတ္တ ဝိဝေက ဟု ခေါ်၏။
အာကာသာနဉ္စာယတနဈာန်ကို
ဝင်စားလျက် နေထိုင်မည်ဆိုလျှင် ရူပသညာ
နာနတ္တသညာ ပဋိဃသညာတွေမှ ကင်းဆိတ်
နေ၏။
ရူပသညာဆိုတာကတော့ ပထဝီကသိုဏ်းမှ သည်
အာလောက ကသိုဏ်းသို့တိုင်အောင် ကိုးမျိုးသော
ကသိုဏ်းရုပ်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့
ရူပါဝစရဈာန်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို
ရူပသညာလို့ ခေါ်၏။
ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို
အာရုံပြုကာ ဖြစ်ပေါ်လာကြသည့် သက်ဆိုင်ရာဝတ္ထုနှင့်
သက်ဆိုင်ရာအာရုံတို့ ထိခိုက်ခြင်း ကြောင့်
ဖြစ်ပေါ်လာတဲ့ ဥပမာ --- စက္ခုဝတ္ထုနှင့် ရူပါရုံ၊
သောတဝတ္ထုနှင့် သဒ္ဒါရုံ၊ ဃာနဝတ္ထုနှင့် ဂန္ဓာရုံ၊
ဇိဝှါဝတ္ထုနှင့် ရသာရုံ၊ ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ တို့
ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရဝီထိ
သောတဒွါရဝီထိ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ
ကာယဒွါရဝီထိတွေရဲ့အတွင်းမှာ တည်ရှိနေကြတဲ့
ကာမာဝစရစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့
အဆင်း ရူပါရုံကို မှတ်သားတဲ့ ရူပသညာ။
အသံ သဒ္ဒါရုံကို မှတ်သားတဲ့ သဒ္ဒသညာ။
အနံ့ ဂန္ဓာရုံကို မှတ်သားတဲ့ ဂန္ဓသညာ။
အရသာ ရသာရုံကို မှတ်သားတဲ့ ရသသညာ။
အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကို မှတ်သားတဲ့ ဖောဋ္ဌဗ္ဗသညာ။
ဒီသညာအမျိုးမျိုးကိုတော့ ဝတ္ထုနှင့် အာရုံတို့
ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကြတဲ့ သညာတွေ
ဖြစ်နေကြတဲ့အတွက် ပဋိဃသညာ ဟု ခေါ်၏။
မနောဓာတ် မနောဝိညာဏဓာတ်လို့ ခေါ်ဆိုတဲ့
ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက်
ကိရိယာစိတ်တွေ ရှိကြသေး၏။
ဒီစိတ်တွေဟာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ ခေါ်ဆိုတဲ့ အာရုံအမျိုးမျိုးတွေကို
အာရုံပြုကြတဲ့အတွက် ယင်းစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့
သညာကို အာရုံအမျိုးမျိုး ရှိနေတဲ့ နာနတ္တသညာလို့
ခေါ်၏။
အာရုံ အမျိုးမျိုးရှိနေသည့် ထူးထွေကွဲပြားတဲ့
သညာလို့ ဆိုလိုတယ်။
အာကာသာနဉ္စာယတနဈာန်ကို ဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့
သန္တာန်မှာ ယင်း အာကာသာနဉ္စာယတနဈာန်စိတ်က
ပထဝီကသိုဏ်းရုပ်စတဲ့ ကသိုဏ်းရုပ်ကို
နှလုံးမသွင်းတော့ဘဲ ကသိုဏ်းရုပ်ကို ခွာပြီးမှ
ရရှိလာတဲ့ အနန္တအာကာသလို့ ခေါ်ဆိုအပ်တဲ့
အဆုံးအပိုင်းအခြား မရှိတဲ့ ကောင်းကင်ပညတ်ကိုသာ
အာရုံ ပြုနေတဲ့အတွက် ရူပါဝစရဈာန်တွေနှင့်
ရူပါဝစရဈာန်တွေရဲ့ အာရုံမှလည်း ဆိတ်သုဉ်းနေ၏။
ရူပသညာ ပဋိဃသညာ နာနတ္တသညာတို့မှလည်း
ဆိတ်သုဉ်းနေ၏။ ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် အာကာသာနဉ္စာ ယတနဈာန်စိတ်ကိုလည်း စိတ္တဝိဝေကလို့ ခေါ်၏။
အလားတူဘဲ ဝိညာဏဉ္စာယတနဈာန်သို့
ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကာသာ
နဉ္စာယတနဈာန်မှ ဆိတ်သုဉ်းနေ၏။
အာကိဉ္စညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့
သန္တာန်မှာ ဝိညာဏဉ္စာယတနဈာန်မှ ဆိတ်သုဉ်း
နေ၏။
နေဝသညာနာသညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့
ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကိဉ္စညာယတနဈာန်မှ
ဆိတ်သုဉ်းနေ၏။
ယင်းကြောင့် ထို ဝိညာဏဉ္စာယတနဈာန်၊
အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာ
ယတနဈာန်တွေကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း
စိတ္တဝိဝေကလို့ ခေါ်၏။
ဒီလို စိတ္တဝိဝေကနယ်ပယ်မှာ သီတင်းသုံးနေထိုင်
နေခြင်းကိုလည်း မြတ်စွာဘုရား နှစ်ခြိုက်တော်မူပေ၏။
အချိန်တွေ ဖြုန်းပြီးတော့ အကျိုး မရှိတဲ့ ဈာန်မဂ်ဖိုလ်နဲ့
မဆက်စပ်တဲ့ စကားအမျိုးမျိုးတွေကို ပြောဆိုကာ
နေထိုင်နေခြင်းမျိုးကိုတော့ ဘုရားရှင်သည်
အမြဲ ရွံရှာစက်ဆုပ်တော်မူ၏။
မဟာနိဒ္ဒေသပါဠိတော်နှင့် မဟာနိဒ္ဒေသအဋ္ဌကထာတို့မှာ
တော့ခုပြောခဲ့တဲ့ ဈာန်သမာပတ် ရှစ်ပါးတွင်သာမက
လောကုတ္တရာစိတ်တွေ ကိုလည်း မိမိတို့ ပယ်ရှားရမည့်
ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့မှ ကင်းဆိတ်
နေကြတဲ့အတွက် စိတ္တဝိဝေကလို့ ခေါ်ဆိုကြောင်း
ရှင်းလင်းတင်ပြထားတော်မူ၏။
သောတာပတ္တိမဂ်ဉာဏ်
••••••••••••••••••••••••••••
ခန္ဓာ(၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ ငါ သူတစ်ပါး
ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အတ္တ
စသည်ဖြင့် စွဲလမ်းယုံကြည်မှု အယူမှားမှု။
စွဲလမ်းမှုဆိုသည့်
သက္ကာယဒိဋ္ဌိသံယောဇဉ် ``ဒိဋ္ဌာနုသယ´´။
ရတနာသုံးတန် ကံ-ကံရဲ့ အကျိုးတရား စသည်တို့အပေါ်၌
ဟုတ်လေသလား မဟုတ်လေသလား၊ ယခုလိုခေတ်မှာ
ဈာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား၊
မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့ မလား
စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု
ဝိစိကိစ္ဆာ သံယောဇဉ် ``ဝိစိကိစ္ဆာနုသယ´´။
နွားအကျင့် ခွေးအကျင့် စသည်တို့ဖြင့် ကိလေသာတို့မှ
စင်ကြယ်နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ
လွတ်မြောက် နိုင်တယ်လို့ ဒီလို အမှားမှား အယွင်းယွင်း
သုံးသပ်တတ်တဲ့ ``သီလဗ္ဗတပရာ မာသသံယောဇဉ်´´
ဆိုတဲ့ ကိလေသာတွေကို၎င်း၊
ယင်းကိလေသာ တို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ ``တဒေကဋ္ဌ´´ ယင်းကိလေသာတို့
နောက်သို့ အစဉ်တစိုက် လိုက်ပါနေကြတဲ့``တဒနုဝတ္တက´´
ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်
ခန္ဓာတွေကို၎င်း၊
ဒီအကုသိုလ်
တရားအားလုံးကို ``အဇ္ဈတ္တသင်္ခါရတရား´´ဟု
ခေါ်၏။
အဇ္ဈတ္တသင်္ခါရ ဟု ခေါ်ရသည့် ယင်းအကုသိုလ်တရား
အားလုံးကို သောတာပတ္တိမဂ်ဉာဏ်က အကြွင်းမဲ့
ပယ်ရှားထားပြီး ဖြစ်သည့်အတွက်
သောတာပတ္တိမဂ်ဉာဏ်ဟာ အဇ္ဈတ္တ သင်္ခါရလို့
ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးမှ ကင်းဆိတ်နေပေ၏။
ထို့အတူ
သောတာပတ္တိဖလသမာပတ်ကို
ဝင်စားနေတဲ့ သောတာပန် အရိယာသူတော်ကောင်းရဲ့
သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိပေ၏။
သကဒါဂါမိမဂ်ဉာဏ်
••••••••••••••••••••••••
ရုန့်ရင်းကြမ်းတမ်းတဲ့ ကာမရာဂသံယောဇဉ်
``ကာမရာဂါနုသယ´´နှင့်
ရုန့်ရင်းကြမ်းတမ်းတဲ့ ပဋိဃသံယောဇဉ်
``ပဋိဃာ နုသယ´´ ဆိုတဲ့
ကိလေသာတွေကို၎င်း၊
ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ ``တဒေကဋ္ဌ´´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့
``တဒနုဝတ္တက´´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကို
လည်းကောင်း-
ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရား
လို့ ခေါ်၏။
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့
ယင်းအကုသိုလ်တရား အားလုံးကို သကဒါဂါမိမဂ်ဉာဏ်က ပယ်ရှားထားပြီးဖြစ်တဲ့အတွက် သကဒါဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့
ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား
အားလုံးတို့မှ ကင်းဆိတ်နေပေ၏။
ထို့တူ သကဒါဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ သကဒါဂါမ်အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ
လည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ
ကင်းဆိတ်လျက် ရှိပေ၏။
အနာဂါမိမဂ်ဉာဏ်
•••••••••••••••••••••
သိမ်မွေ့နူးညံ့နေတဲ့ ကာမရာဂသံယောဇဉ်
``ကာမရာဂါနုသယ´´နှင့် သိမ်မွေ့နူးညံ့နေတဲ့
ပဋိဃသံယောဇဉ်
``ပဋိဃာ နုသယ´´ ဆိုသည့် ကိလေသာတွေကို၎င်း၊
ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့``တဒေကဋ္ဌ´´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့
``တဒနုဝတ္တက´´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေ
ကို၎င်း၊
ယင်းအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့
ခေါ်၏။
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးကို အနာဂါမိမဂ်ဉာဏ်က
အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီး
ဖြစ်တဲ့ အတွက် အနာဂါမိမဂ်ဉာဏ်ဟာ
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်နေပေ၏။
ထို့အတူ အနာဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ အနာဂါမ်အရိယာသူတော်ကောင်း ရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်း အကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်
ရှိ၏။
အရဟတ္တမဂ်ဉာဏ်
••••••••••••••••••••••
- ရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့
``ရူပရာဂသံယောဇဉ်´´နှင့် အရူပဘဝအပေါ်မှာ
တွယ်တာမက်မောနေတဲ့
``အရူပ ရာဂသံယောဇဉ်ဆိုတဲ့
``ဘဝရာဂါနုသယ´´။
- ထောင်လွှားခြင်း
မာနသံယောဇဉ်``မာနာနုသယ´´။
- စိတ်ဓာတ်ပျံ့လွင့်မှု ``ဥဒ္ဓစ္စသံယောဇဉ်´´။
- သစ္စာလေးပါး
အမှန်တရားတွေကို မသိမှု ပြောင်းပြန်လှန်ကာ
ယောက်ျား မိန်းမ စသည်ဖြင့် အမှားတွေကို သိနေမှု
အဝိဇ္ဇာသံယောဇဉ်``အဝိဇ္ဇာ နုသယ´´ - ဆိုတဲ့ ကိလေသာတွေကို၎င်း၊
ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ `တဒေကဋ္ဌ´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြသည့်
`တဒနုဝတ္တက´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြသည့်
အကုသိုလ်ခန္ဓာတွေကို၎င်း၊
ယင်းအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရား
ဟု ခေါ်၏။
အဇ္ဈတ္တသင်္ခါရဟု ခေါ်ရသည့် ယင်းအကုသိုလ်
တရားအားလုံးကို အရဟတ္တမဂ်ဉာဏ်က အကြွင်း
အကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီး
ဖြစ်တဲ့အတွက် အရဟတ္တမဂ်ဉာဏ် ဟာ
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်
တရားအားလုံးတို့မှ ကင်းဆိတ်နေပေ၏။
ထို့အတူ အရဟတ္တဖလသမာပတ်ကို ဝင်စားတော်မူနေသည့် ရဟန္တာအရိယာသူတော်ကောင်း၏
သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိပေ၏။
ထို့အပြင် အရဟတ္တမဂ်ဉာဏ်က
အကြွင်းအကျန်မရှိ ကုန်စင် အောင် ပယ်ရှားလိုက်ပြီး
ဖြစ်တဲ့ အကုသိုလ်တရား ``အကုသိုလ်ခန္ဓာ´´
အားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့
ခေါ်ဆိုထားတဲ့အတွက် ယင်းအဇ္ဈတ္တသင်္ခါရ
(အကုသိုလ်ခန္ဓာ)မှ ထောက်ဆကာ
ကြွင်းကျန်နေကြသည့် ရုပ်နာမ်ဓမ္မ သင်္ခါရတရား
အားလုံးတို့ကို``အဇ္ဈတ္တသန္တာန်´´၌ တည်ရှိနေကြသည့်
သင်္ခါရတရား တွေဘဲ ဖြစ်ချင်ဖြစ်ကြပါစေ၊
ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား
တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ၊ အားလုံးကိုဘဲ
``ဗဟိဒ္ဓ သဗ္ဗနိမိတ္တ´´ ဗဟိဒ္ဓသင်္ခါရ တရားများဟု ခေါ်ပေ၏။
အရဟတ္တမဂ်ဉာဏ်သည် ယင်းအဇ္ဈတ္တသင်္ခါရ
အမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ'
အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေပေ၏။
ထို့အတူ
အရဟတ္တ ဖလသမာပတ်ကို
ဝင်စားတော်မူနေသည့် ရဟန္တာအရှင်မြတ်၏
သန္တာန်၌လည်း ယင်းအဇ္ဈတ္တသင်္ခါရအမည်ရသည့်
အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရသည့်
ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေပေ၏။
သို့သော် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂ
အဋ္ဌကထာတို့မှာတော့ အရိယမဂ်ဉာဏ်
(၄)ပါးလုံးတို့မှာပဲ ---- မိမိတို့ဆိုင်ရာ အရိယမဂ်တရား
အသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့
အဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ်
ခန္ဓာအားလုံးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့
ဗဟိဒ္ဓသင်္ခါရတရားအားလုံး တို့မှ
ကင်းဆိတ်နေကြောင်းကို ဟောကြားထား
တော်မူခဲ့၏ဟု ဖွင့်ဆိုထား တော်မူခဲ့ပါ၏။
ထို့အတူပင်
လေးမျိုးသော ဆိုင်ရာဆိုင်ရာ
ဖလသမာပတ် အသီးအသီးကို ဝင်စားတော်မူနေကြတဲ့
ဆိုင်ရာဆိုင်ရာ အရိယာသူတော် ကောင်းတွေ၏ သန္တာန်၌လည်း ဖလသမာပတ်အသီးအသီး အခိုက်တွင်
မိမိတို့ ဆိုင်ရာ အရိယမဂ်တရားအသီးအသီးက
ပယ်ရှားထားပြီးဖြစ်သည့် အဇ္ဈတ္တသင်္ခါရ
အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့်
'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ
တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပေ၏။
အကြောင်းပြချက်ကတော့ ဒီလိုပါ။ အရိယ
မဂ်ဉာဏ်အားလုံးတို့နှင့် အရိယဖိုလ်ဉာဏ်
အားလုံးတို့သည် သဗ္ဗသင်္ခါရသမထအမည်ရသည့်
သင်္ခါရတရား အားလုံးတို့မှ ငြိမ်းအေးရာဖြစ်တော်မူသည့်
အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်
တရားတော်မြတ်ကို၊ သဗ္ဗူပဓိနိဿဂ္ဂအမည်ရသည့်
ဥပဓိလေးဖြာတို့ကို စွန့်လွှတ် ရာဖြစ်တဲ့ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အသီးအသီး
အာရုံပြုကာ ဖြစ်ပေါ်နေကြသည့် လောကုတ္တရာ
တရားထူး တရားမြတ်တွေ ဖြစ်ကြပေ၏။
မိမိတို့၏ အာရုံ ဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရား
တော်မြတ်ကြီးဟာလည်း သင်္ခါရတရား
အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေပေ၏။
မိမိတို့ဆိုင်ရာ အရိယမဂ်ဉာဏ် အသီးအသီး
ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယမဂ်
စိတ်စေတသိက် တွေသာ ဖြစ်ခွင့်ရှိကြတဲ့အတွက် အခြားသင်္ခါရတရားတွေလည်း ဖြစ်ခွင့်မရှိ
ကြတဲ့အတွက် ဆိုခဲ့ပြီးသော ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တသင်္ခါရ အမည်ရသည့် အကုသိုလ်
ခန္ဓာအသီးအသီးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ'
အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေပေ၏။
ထို့အတူ
အရိယ ဖိုလ်ဉာဏ်အသီးအသီး
ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယဖိုလ်
စိတ် စေတသိက်တွေသာ ထင်ရှားဖြစ်နေကြတဲ့အတွက် အခြားသင်္ခါရတရားတွေ လည်း ဖြစ်ခွင့်မရှိကြတဲ့
အတွက် ဆိုခဲ့ပြီးသော
ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တ
သင်္ခါရ အမည်ရသည့် အကုသိုလ်ခန္ဓာအသီးအသီးနှင့်
'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ
တရားအားလုံးတို့မှ ကင်းဆိတ်လျက် ရှိနေပေ၏။
ဒီလောကုတ္တရာစိတ်တွေကတော့ အကောင်းဆုံး
သော အမြတ်ဆုံးသော ဘုရားရှင် အနှစ်ခြိုက်ဆုံး
ဖြစ်တော်မူတဲ့ စိတ္တဝိဝေကတရားတွေ
ဖြစ်ကြပေတော့၏။
ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေကနှင့်
ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေတာ
တိုင်ပင်နေတာ ပြောကြားနေတာ တွေကိုလည်း
ဘုရားရှင်က နှစ်ခြိုက်တော်မူပါပေ၏။
ကြားလည်း ကြားလိုတဲ့ သဘော ရှိတော်မူပါပေ၏။
ဘုရားရှင်ဘက်ကတော့ မိမိတည်ထောင်ထား
တော်မူတဲ့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့
တပည့်သာဝကတွေဟာ ယခုလို အဆင့်အတန်း
မြင့်မားလှတဲ့ စိတ္တဝိဝေက နယ်ပယ်မှာ
နေထိုင်သီတင်းသုံးနေတာကို နှစ်ခြိုက် တော်မူပါတယ်။
မြင်လည်း မြင်တော်မူလိုပါတယ်။ နေထိုင်သီတင်း
သုံးနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်မြောက်ရေး
အတွက်လည်း ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။
``ချစ်သားရဟန်းတို့ ဤသည်တို့ကတော့
သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြ၏။
ဤသည်တို့ကတော့ ဆိတ်ငြိမ်တဲ့တောကျောင်း
တောင်ကျောင်းတွေ ဖြစ်ကြ၏။
ချစ်သားရဟန်းတို့ ဒီလို သစ်ပင်ရင်းကျောင်း တွေမှာ
နေထိုင်ပြီးတော့ ဒီလိုဆိတ်ငြိမ်တဲ့ တောကျောင်း
တောင်ကျောင်းတွေမှာ နေထိုင်ပြီးတော့
လောကီဈာန် လောကုတ္တရာဈာန်တွေကို
ဝင်စားကာ သင်ချစ်သားတို့ရဲ့သန္တာန်မှာ
တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေကို
လောင်ကျွမ်းသွားအောင် ရှို့မြှိုက်ကြစမ်းပါ။
သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့၌
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ
မနေထိုင်ကြပါကုန်လင့်။ နောင်သောအခါ
သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ
ထင်လာတဲ့အတွက်
``ငါတော့ မှားခဲ့လေပြီ ဟု
စိတ်နှလုံး မသာမယာ မဖြစ်ကြပါ ကုန်လင့်။´´
ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက်
ငါဘုရားရှင်က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ
ဆိုဆုံးမနေတဲ့ အဆုံးအမ
``အနုသာသနီ´´ ပေတည်း။
ဒီလို ဘုရားရှင်က ထပ်ကာထပ်ကာ
တိုက်တွန်းတော်မူခဲ့ပါတယ်။
#ဥပဓိဝိဝေက
ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်နေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိ ဝိဝေကလို့
ခေါ်ဆိုပါ၏။
ဥပဓိ လေးဖြာဆိုတာကတော့
ကာမူပဓိ၊ ခန္ဓူပဓိ၊ ကိလေသူပဓိ၊
အဘိသင်္ခါရူပဓိတို့ ဖြစ်ကြ၏။
ကာမူပဓိ။
--------------
အဆင်း အသံ အနံ့ အရသာ အတွေ့အထိလို့
ခေါ်ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ---- ယင်းအာရုံအသီးအသီးတို့အပေါ်၌ တွယ်တာ
မက်မောမှု သာယာနှစ်သက်မှု ကာမတဏှာလျှင်
အကြောင်းရင်းခံ ရှိနေတဲ့ ဝမ်းမြောက်ဝမ်းသာ
ခံစားမှု သောမနဿ (သုခဝေဒနာ)၏
တည်ရာဖြစ်၍``ကာမူပဓိ´´ ဟု ခေါ်၏။
ခန္ဓူပဓိ။
-----------
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ---- ယင်းခန္ဓာလျှင်
အကြောင်းရင်းခံ ရှိနေတဲ့ ပဋိသန္ဓေတည်နေရခြင်း
ဇာတိဒုက္ခ၊
အိုရခြင်း ဇရာဒုက္ခ၊
ဖျားနာရခြင်း ဗျာဓိဒုက္ခ၊
သေကျေပျက်စီးရခြင်း မရဏဒုက္ခ၊ အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးရန်
အလိုရှိပါသော်လည်း တောင့်တပါသော်လည်း
အလိုရှိတိုင်း တောင့်တတိုင်း မရနိုင်သည့်အတွက်
စိတ်ဆင်းရဲရခြင်းဒုက္ခ၊
ချစ်နှစ်သက်အပ်သည့်
သတ္တဝါသင်္ခါရတွေနှင့်
ကွေကွင်းခွဲခွာရ၍ ဖြစ်ပေါ်လာသည့် စိတ်ဆင်းရဲရခြင်း
ဒုက္ခ၊
မချစ်မနှစ်သက်အပ်သည့် သတ္တဝါ သင်္ခါရတွေနှင့်
ပေါင်းသင်းဆက်ဆံ နေရ၍ ဖြစ်ပေါ်လာရသည့်
စိတ်ဆင်းရဲရခြင်းဒုက္ခ၊
သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတွေ
ဖောက်ပြန်ပျက်စီးမှုကို အကြောင်းပြု၍
ဖြစ်ပေါ်လာတဲ့ စိုးရိမ် ရခြင်း သောက၊
ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲရခြင်း ဒုက္ခ၊
စိတ်ဆင်းရဲရခြင်း ဒေါမနဿ၊ ပြင်းစွာပူပန်ရခြင်း
ဥပါယာသဆိုတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရာဂမီး
ဒေါသမီး မောဟမီး စတဲ့ ကိလေသာ အပူမီးတွေရဲ့
လောင်မြိုက်မှုကြောင့် ဖြစ်ပေါ်လာရတဲ့
ဆင်းရဲဒုက္ခ.... ဒီဆင်းရဲဒုက္ခအဝဝတို့၏
တည်ရာဖြစ်၍ ``ခန္ဓူပဓိ´´ ဟု ခေါ်၏။
ကိလေသူပဓိ။
------------------
ဒိဋ္ဌ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာန စတဲ့
ကိလေသာတွေကိုလည်း အပါယ်သံသရာ
ဝဋ်ဆင်းရဲသို့ ရောက်ခြင်း ရခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်နေကြတဲ့အတွက် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့ရဲ့
တည်ရာဖြစ်၍ ``ကိလေသူပဓိ´´ဟု ခေါ်၏။
အဘိသင်္ခါရူပဓိ။
----------------------
ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေ
ွဟာလည်း ဘဝသစ်ကို ဖြစ်ပေါ်လာအောင်
ပြုပြင်တည်ထောင်ပေးတတ်သည့် တရားတွေ
ဖြစ်ခြင်းကြောင့် အဘိသင်္ခါရတရား ဟု
ခေါ်၏။
ထို့ကြောင့် ကုသိုလ်အဘိ သင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကိုလည်း ဘဝဒုက္ခ သံသရာ ဝဋ်ဒုက္ခအဝဝတို့၏
တည်ရာဖြစ်၍ ``အဘိသင်္ခါရူပဓိ´´ ဟု ခေါ်၏။
နိဗ္ဗာန်တရားတော်မြတ်၌
``ဥပဓိ´´လေးပါးတို့သည်
မတည်ရှိကြပေ။
ဥပဓိလေးပါးတို့မှ အမြဲတမ်း ကင်းဆိတ်လျက်
ရှိနေ၏။ ထို့ကြောင့် ဒီနိဗ္ဗာန်တရားတော်မြတ်ကို
ဥပဓိဝိဝေကလို့ ခေါ်ဆိုပါ၏။
ဤသို့ ဥပဓိလေးပါးတို့မှ ကင်းဆိတ်ရာဖြစ်သည့်
နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုလျက်
ဖလသမာပတ်တွေ ဝင်စားကာ နေထိုင်ခြင်းကိုလည်း
ဘုရားရှင် က အလွန်နှစ်ခြိုက်တော်မူပါတယ်။
ဒီလို ဥပဓိဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို
ဆွေးနွေးနေခြင်း တိုင်ပင်နေခြင်း ပြောကြားနေခြင်း
ကိုလည်း ဘုရားရှင်က ကြည်ဖြူစွာ
ခွင့်ပြုတော်မူလျက်ပင် ရှိနေပါတယ်။
▬▬▬▬▬▬▬▬▬▬
ဝိဝေက အခေါ်အဝေါ်များ
ဝိဝေကတရား ၃ပါး
၁။ ကာယ၀ိဝေက။
ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု
ဆိုအပ်သော အပေါင်းအသင်း တပည့်သားမြေး
ကာမဂုဏ်တရားတို့မှ ကင်းကွာစွာ နေခြင်းမျိုး။
၂။ စိတ္တ၀ိဝေက။
စိတ်၏ ဆိတ်ငြိမ်ခြင်းဟု
ဆိုအပ်သောသမာပတ်ရှစ်ပါး ၀င်စားခြင်း၊
သမာဓိအလုပ်တရား ကမ္မဋ္ဌာန်းအားထုတ် နေခြင်းမျိုး။
၃။ ဥပဓိ ၀ိဝေက။
သန္တိသုခအေးမြ ဆိတ်ငြိမ်ရာ
နိဗ္ဗာန်တရားမြတ်ကို ဖိုလ်စိတ်ဖြင့် ၀င်စားကာ
အာရုံပြုနေခြင်းမျိုး။
{ မူလပဏ္ဏာသ ။ပါ။ ၁၉၉ ။ဋ္ဌ။ ဒု-အုပ်။ ၄၉-၌အကျယ်ရှုပါ။ }
{ ပဋိသမ္ဘိဒါမဂ် ဒု-အုပ်၊ ပည၀ဂ္ဂ ၃၀၆-၌ ရှုပါ။ }
ကိလေသာတို့မှ ဆိတ်သုဉ်းခြင်း တရားမျိုး ၃-ပါး
~~~~~~~~~~~~~~~~~
၁။ တဒင်္ဂ၀ိဝေက။
၂။ သမုစ္ဆေဒ ၀ိဝေက။
၃။ နိဿရဏ ၀ိဝေက။
အဓိပ္ပါယ်``ပဟာန်ငါးပါး´´နှင့် တူ၏။
ဝိဝေကတရား မျိုး ၅-ပါး၊ တနည်း။
•••••••••••••••••••••••••••
၁။ တဒင်္ဂ၀ိဝေက။
၂။ ၀ိက္ခ မ္ဘန၀ိဝေက။
၃။ သမုစ္ဆေဒ၀ိဝေက။
၎။ ပဋိပဿဒ္ဓိဝိဝေက။
၅။ နိဿရဏ၀ိဝေက။
အဓိပ္ပါယ် ``ပဟာန် ၅ပါး´´နှင့် တူ၏။
ပဟာန် ၅ပါး။
•••••••••••••••
၁။ တဒင်္ဂပဟာန်။
ကာမကုသိုလ် တရားစုဖြင့်
ပြုဆဲခဏ၌ ပယ်ခြင်း။
၂။ ၀ိက္ခ မ္ဘနပဟာန်။ မဟဂ္ဂုတ်ကုသိုလ်စုဖြင့်
ခေါင်းပါးအောင် ပြုခြင်း။
၃။ သမုစ္ဆေဒပဟာန်။ မဂ်ကုသိုလ်စုဖြင့်
မြစ်ပြတ်ပယ်ခြင်း။
၎။ ပဋိပဿဓိပဟာန်။ ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း။
၅။ နိဿရဏပဟာန်။
ပရိနိဗ္ဗာန ဓာတ်ဖြင့်
ဖြတ်တောက် ထွက်မြောက်သွားခြင်း။
ဓမ္မသင်္ဂဏီပါဠိတော် ၂၀၈။ ၎င်းအဋ္ဌကထာ ၃၈၆။
ပဋိသမ္ဘိဒါမဂ် ။ပါ။ ၁၃၇။ဋ္ဌ။ဒု-အုပ်။
Ashin Pan Tita. ကမ္မဝါဒီ
ကမ္မဝါဒီ
Saturday, July 15, 2017
Wednesday, June 7, 2017
ဗိုလ်ဆိုတာ
ဗိုလ်ဆိုတာ
ဗိုလ်ဆိုတာသည် ပါဠိဝေါဟာရအရ "ဗလ"မှ ဆင်းသက်လာခြင်း ဖြစ်၏။ "ဗလ"၏ အဓိပ္ပါယ်သည် ဆန့်ကျင်ဘက်ရန်သူကို ချေမုန်းနိုင်စွမ်းသော သတ္တိ (စိတ်စွမ်းအား/ကာယခွန်အား) သဘောရ၏။
ဗိုလ် (၅) ပါးရှိသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောခဲ့ခြင်း ဖြစ်၏။
(၁) သဒ္ဒါ (ယုံကြည်ချက်)
(၂) သတိ (စိတ်မြဲမြံမှု)
(၃) သမာဓိ (စိတ်တည်ကြည်မှု)
(၄) ဝီရိယ (အားထုတ်မှု)
(၅) ပညာ (မြော်မြင်နိုင်စွမ်း)
(၁) သဒ္ဒါကို သာယာမှုဆိုသည့် (တဏှာ)က ဖျက်ဆီးတတ်၏။ ဥပမာ| အများကောင်းစားရေးဝါဒနဲ့ တည်ဆောက်မည်လို့ ယုံကြည်ချက်ဖြင့် လုပ်ခဲ့သော်လည်း စည်းစိမ်တွေ သာယာစရာတွေ ကြုံတွေ့ ခံစားရလာတဲ့အခါ ယစ်မှုးသာယာပြီး သဒ္ဒါဆိုသည့် ယုံကြည်ချက်သည် လျော့ရဲပေါ့ပျက် လာတတ်သည်။
(၂) သတိကို ပေါ့လျော့မှုဆိုသည့် (မုဌသစ္စာ)က ဖျက်တတ်၏။
(၃) သမာဓိကို ပျံ့လွင့်မှုဆိုသည့် (ဝိက္ခေပက)က ဖျက်တတ်၏။
(၄) ဝီရိယကို ပျင်းရိခြင်းဆိုသည့် (ကောသဇ္ဇ)က ဖျက်တတ်၏။
(၅) ပညာကို မှုန်မှိုင်း မဝေခွဲနိုင်မှုဆိုသည့် (သမ္မေဟ) က ဖျက်တတ်သည်။
အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက "သင်ကိုယ်တိုင်မှတစ်ပါး မည်သူကမျှ သင့်ကို အန္တရာယ် မပေးနိုင်ချေ" မိန့်ဆိုချက်ကို ကြားသိဖူး၏။
ဒုတိယကမ္ဘာစစ်မှ ဂျပန်တွေ လက်နက်ချတာကို လက်ခံယူတဲ့ အောင်ပွဲခံ ဗိုလ်ချုပ်ကြီး မက်အောသာက ပြောခဲ့ဖူးသည်မှာ
" Build up to be a man who will master himself before he seeks to master other men. "
"တစ်ခြားသူများ အပေါ် အနိုင်မယူခင် မိမိကိုယ်ကို အစဉ်အောင်နိုင်သူ ဖြစ်အောင် ပထမတည်ဆောက်ပါ"
အနောက်တိုင်းစစ်တက္ကသိုလ်တွင် မိမိကိုယ်ကို ထိန်းချုပ်မှု (Self Control) ၊ မိမိကိုယ် ပျိုးထောင်မှု (Self Cultivation) ဆိုတဲ့ အချက်တွေကို အခြေခံပြီး လေ့ကျင့်သင်ကြားကြ၏။
ခေါင်းဆောင်ဆိုသည် ကိုယ့်ကိုယ့်ကို ဆုံးမနိုင်တဲ့သူ ၊ ငယ်သားဆိုသည်ကား အထိန်းအကွပ်ကို ကိုယ့်ဘာသာမလုပ်နိုင်၍ သူတစ်ပါးသြဇာပေးခြင်းကို တောင်းဆိုတဲ့လူပင်။
ကိုယ့်ကိုဗိုလ်ငါးပါး ပြည့်စုံအောင် ထိန်းသိမ်းရမည်။ ပျိုးထောင်ရမည်။ မိမိကိုယ်ကို ထိန်းသိမ်းပဲ့ပြင်သည့်သူ၊ မိမိဆန္ဒ အလိုတွေကို အလိုမလိုက်တတ်သည့်သူမှသာ တစ်ပါးသူကို ဆရာလုပ်နိုင်မည်။ အုပ်ချုပ် နိုင်မည်။
သင်္ဂဟဗိုလ်
သင်္ဂဟဗိုလ် (၄) ပါးရှိ၏။ ပူပင်ကြောင့်ကြမှု အမျိုးမျိုးကို ကာကွယ်တားဆီးနိုင်ခြင်း ဟု အဓိပ္ပါယ်ဆောင်၏။
(၁) သမာနတ္တတာ = (ကိုယ်ချင်းစာစိတ်ထားရြှိခင်း)
ဒါသည် ရန်ကင်း၏၊ အေးချမ်း၏၊ ကြောင့်ကြခပ်သိမ်း လက်တွေ့ငြိမ်းစေနိုင်တဲ့ ဗိုလ်ဖြစ်သည်။
(၂) ဝေယျဝဇ္ဇ = (သူတစ်ပါးအကျိုးရှေးရှုပြီး သူတစ်ဖက်သား
နားဝင်ချိုသာအောင် ပြောဆိုခြင်း)
ဒါသည်လည်း စွမ်းအား တစ်ခုမည်၏၊ ရန်လည်းအောင်စေ၏။
(၃) အတ္တာစရိယ = ( မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သူတစ်ပါး အကျိုးကိုဆောင်ခြင်း)
ရဲဘော်သည် တိုင်းပြည်အတွက်ဆိုတဲ့ဆောင်ပုဒ်နှင့် အနစ်နာခံကြခြင်းဖြစ်သည်။ ဤသည်မှာ ဗိုလ် ပီသတဲ့ စည်းရုံးရေးစွမ်းရည် ဖြစ်၏။
(၄) ဒါန = (အများအကျိုးအတွက် လုပ်အား၊ ဉာဏ်အား ပညာ ဥစ္စာ စသည့်အရာပေးခြင်း)
သင်္ဂဟဗိုလ်လေးပါးနှင့် ပြည့်စုံသူသည် ပူပင်သောက ကင်ဝေးရပြီး အကြောက်တရားလည်း မရှိတော့သဖြင့် ရဲရင့်တည်ငြိမ်လာမည်။
ကျွန်ုပ်ဆိုလိုသည်မှာ စစ်ဗိုလ်၊ ဒုရဲအုပ် ဖြစ်ရမည်ထက် ကိုယ့်ဘဝကို ကိုယ်တိုင် ဗိုလ်ဖြစ်အောင် ထူထောင် တည်ဆောက်ရမည်က ပိုပြီး လိုအပ်လှပါသည်။
ကိုးကား ( ဗုဒ္ဓအဘိဓမ္မာ၊ ချစ်နိုင်-စိတ်ပညာ)
ကမ္မဝါဒီမှ စာဖတ်သူသို့............
www.bomgsaw.blogspot.com

Monday, April 17, 2017
နှစ်သစ်မင်္ဂလာ ဆုမွန်စကား
စိတ္တံယဿ န ကမ္ပတိ
အ သောကံ ဝိရဇံ ခေမံ
"မည်သည့် လောကဓံတရားနှင့်
ကြုံတွေ့ရသည်ဖြစ်စေ
မတုန်မလှုပ်၊ မယိမ်းမယိုင်
ကောင်းစွာကျော်လွှားနိုင်ပါစေသတည်း။”
Wednesday, March 22, 2017
အလုပ်မြတ်ဖို့အဓိကပါ
အလုပ်မြတ်ဖို့ အဓိကပါ
ယောင်္ကျားဖြစ်ရုံသက်သက်နဲ့ မြင့်မြတ်သူတစ်ယောက်
ဖြစ်မလာနိုင်သလို မိန်းမဖြစ်ရုံသက်သက်နဲ့လည်း
ယုတ်နိမ့်သူတစ်ယောက် ဖြစ်မသွားနိုင်ပါဘူး။
ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်
မြင့်မြတ်တဲ့ အလုပ်လုပ်ရင် မြင့်မြတ်သူဖြစ်ပြီး
ယုတ်နိမ့်တဲ့အလုပ်လုပ်ရင် ယုတ်နိမ့်သူဖြစ်ပါတယ်။
မှတ်ချက်။ ။အရှင်ဆန္ဒာဓိက(စိတ်အားဖြည့်ဓမ္မ သံစဉ်)စာအုပ်မှ ကောက်နှုတ် ချက်ဖြစ်သည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
www.bomgsaw.blogspot.com ကမ္မဝါဒီ

Monday, March 20, 2017
တမလွန်ပြောင်းသူတို့အတွက် အားထားမှီခိုရာ
တစ်နေ့တွင် အသက် (၁၂၀) နှစ် အရွယ် အိုမင်းရင့်ရော်နေသော ပုဏ္ဏားကြီး နှစ်ယောက်တို့သည် ဘုရားရှင်ထံသို့ ရောက်လာကြသည်။
``အရှင်ဂေါတမ၊ ကျွန်ုပ်တို့သည် အသက် (၁၂၀) နှစ် ရှိပြီး အိုမင်းရင့်ရော်သော အရွယ် ရောက်နေကြပါပြီ၊ ကျွန်ုပ်တို့သည် ဒုဂ္ဂတိဘေးမှ တားမြစ်ကြောင်း ကုသိုလ်ကောင်းမှုများမပြုရသေးပါ။ အရှင်ဂေါတမသည် ကျွန်ုပ်တို့အား ရှည်ကြာမြင့်စွာ အကျိုးစီးပွားဖြစ်ခြင်း ချမ်းသာခြင်းအကျိုးငှါ ဆုံးမသွန်သင်မှုပြုပါ´´ ဟုလျှောက်ထားကြသည်။
`ပုဏ္ဏားတို့...... အိုခြင်း၊ နာခြင်း၊ သေခြင်းသည် ဤသတ္တလောကကို အဆင့်ဆင့်ပို့ဆောင်အပ်၏၊ ဤမျက်မှောက် ဘဝ၌ ကိုယ်ဖြင့် စောင့်စည်းခြင်း၊ နှုတ်စောင့်စည်းခြင်း၊ စိတ်စောင့်စည်းခြင်းသည် တမလွန်ဘဝသို့ ကူးပြောင်းသွားသူတို့အတွက် မှီခိုအားထားရာဖြစ်ပါသည်။
အိုနာသေရေး ဒုက္ခသည် ဇီဝိတိနြေ္ဒကို အဆင့်ဆင့်ပို့ဆောင်အပ်သည်။ သတ္တဝါတို့၏ အသက်သည် တိုတောင်းလှ၏၊ အိုခြင်းတရားသည် အဆင့်ဆင့်ပို့ဆောင်အပ်သော သတ္တဝါတို့အား ကိုးကွယ်ရာမရှိ၊ သေခြင်းတရား၌ ဤမည်သောဘေးကို ပညာမျက်စိဖြင့် မြင်အောင် ရှုလျက် ချမ်းသာကိုဆောင်နိုင်သော ကုသိုလ်ကောင်းမှုတို့ကို ပြုရာသည်။
ဤမျက်မှောက်ဘဝ၌ ကိုယ်နှုတ်စိတ်ဖြင့် စောင့်စည်းခြင်းသည်လည်းကောင်း၊ အသက်ဝိညာဉ်ရှင်သန်နေစဉ် ကောင်းမှုပြုခြင်းသည် လည်းကောင်း တမလွန်လောကပြောင်းသွားသူအား ချမ်းသာခြင်းငှါ ဖြစ်ပါသည်။
ပုဏ္ဏားတို့ ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်နေပါသည်။ ဤမျက်မှောက် ဘဝ၌ ကိုယ်နှုတ်စိတ် စောင့်ခြင်းသည် တမလွန်ဘဝပြောင်းသွားသူတို့အတွက် အားထား မှီခို ကိုးကွယ်ရာ ဖြစ်သည်။
အိမ်ကိုမီးစွဲလောင်သည် ရှိသော် အကြင်အိုးခွက်စသော ပစ္စည်းတို့ကို ထုတ်ယူအပ်၏၊ ထိုမီးမလောင်ခံရသော ပစ္စည်းများသည် အိမ်ရှင်အတွက်အကျိုးရှိသည်။ ဤအတူ ဤသတ္တလောကကို အိုခြင်းသေခြင်းမီးတို့သည် စွဲလောင်ကုန်၏၊ ချမ်းသာကိုစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပေးလှူခြင်းဖြင့် ထုတ်ယူအပ်ပါသည်၊ ပေးလှူအပ်ပြီးသောအလှူဒါနသည် ကောင်းစွာထုတ်ယူ ထားပြီးသည်နှင့် တူပါ၏။´
အဂုင်္တ္တိုရ်-ဒုတိယပဏ္ဏာသက-ဗြဟ္မဏဝဂ္ဂ
ကမ္မဝါဒီ ဓမ္မ မိတ်ဆွေအားလုံးတို့သည် ထိန့်လန့်ကြောက် ရွံ့မှုမရှိဘဲ အေးဆေးစွာ ဘဝသစ်သို့ ကူးပြောင်းနိုင်ကြ၍ သုဂတိဘုံ အဆင့်ဆင့်သို့ ရောက်ရှိခံစားကြရပါစေသား.......
www.bomgsaw.blogspot.com
Friday, March 17, 2017
အချစ်ကံမကောင်းခြင်း အချစ်ကံခေခြင်း ဆိုတာရဲ့ အကြောင်းတရား
အချစ်ကံမကောင်းခြင်း အချစ်ကံခေခြင်းဆိုတာရဲ့အကြောင်းတရား
★ အချစ်ရေး အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ
အချစ်ရေး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ မကောင်းကံတွေ
အတိတ်ကပြုခဲ့ဖူးလို့ပါ။ သူတစ်ပါးရဲ့ ချစ်ခြင်းကိုခွဲတဲ့သူ
သူတစ်ပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး
အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ဘူး။
★ သမီးရည်စားချစ် လင်မယားချစ်တွေကို ဖြိုခွဲမှ အချစ်ကမကောင်းတာ မဟုတ်ပါဘူး။
မေတ္တာချစ် သံယောဇဉ် ချစ်တဲ့ မည်သူကိုမဆို တကွဲတပြားစီ
ဝေးလွင့်သွားအောင်လုပ်ရင် ဖြစ်ရာဘ၀တိုင်း ကိုယ့်ချစ်တဲ့သူတွေနဲ့
ဆုံနိုင်ခွင့် မှေးမှိန်ပျောက်ကွယ်ပြီး လွမ်းဆွတ်ခွင့် တမ်းတခွင့် တွေသာ
ရှင်သန်ကြီးထွားလာနိုင်ပါတယ်။
★ အောက်ထစ်ဆုံး ငှက်ကလေး ငါးကလေးတွေ
ကြောင်ကလေးတွေ ခွေးကလေးတွေကို
သူတို့မိသားစု သူတို့အသိုက်အမြုံကနေ ခွဲခွာနှုတ်ယူပြီး မွေးမြူသိမ်းပိုက်ထားခဲ့ရင်တောင်
အဲ့ဒီအကုသိုလ်က အကျိုးပေတဲ့ဘ၀မှာ ကာယကံရှင်ကို
အချစ်ကံခေသူ အလွမ်းကဝေသူဖြစ်အောင်
စွမ်းဆောင်ဖန်တီးနိုင်ပါတယ်။
★ အချစ်ရေး အိမ်ထောင်ရေးကို အရုပ်ဆိုး အကျည်းတန် ကြောက်စရာအကောင်းဆုံးကတော့
ကာမေသုမိစ္ဆာစာရကပါပဲ။ ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်ခဲ့တဲ့က လို့ အဓိပ္ပာယ်
ရပါတယ်။ကိုယ့်ရဲ့ ကာမပိုင်မဟုတ်သူတွေနဲ့
ကာမကိစ္စဖောက်ပြန်ရင် ကာမေသုမိစ္ဆာစာရကံ
ထိုက်ပါတယ်။ သူတစ်ပါးသားမယားနဲ့ဖောက်ပြန်ရင်တော့
“ပရဒါရကံ” ထိုက်တယ်လို့လည်းခေါ်ပါတယ်။
အတိတ်ဘ၀တွေက ကာမကိစ္စ ဖောက်ပြန်ခဲ့တဲ့ သူဟာ ကာမကိစ္စတစ်စိတ်တစ်ပိုင်းပါဝင်တဲ့
အချစ်ရေး အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ကိုယ့်ရဲ့အိမ်ထောင်ဘက်က
ကိုယ့်အပေါ် သစ္စာမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က သစ္စာမဲ့ကံ
ကကိုယ့်ကို အကျိုးပေးတာပါပဲ။
★ ကိုယ့်ရဲ့နှလုံးသားလမ်းကြောင်းမှာ ခံနေတဲ့ကျွန်းဟာ ကိုယ်ကိုယ်တိုင်ဖွဲ့စည်းတည်ဆောက်တည်ခဲ့တဲ့ကျွန်းပါ။
ဘယ်သူမပြုမိမိမှုပေါ့နော်။ “နှလုံးသားလမ်းကြောင်းမှာကျွန်းခံနေတယ်”လို့
ဟစ်အော်ကြွေးကြော်တာဟာ “အတိတ်ဘ၀က အချစ်ရေး အိမ်ထောင်ရေးတွေမှာသစ္စာယွင်းပျက်ခဲ့ပါတယ်
ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့” ထုတ်ဖော်ဝန်ခံနေတာပဲ။
{အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)}

Tuesday, March 14, 2017
ရောဟိနီမင်းသမီး၏ဝဋ်ကြွေး
“ရောဟိနီမင်းသမီး၏ဝဋ်ကြွေး”
•••••••••••••••••••••••••မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်သည်။
ရောဟိနီမင်းသမီးသည် အရှင်အနုရုဒ္ဓါမထေရ်၏
ညီမတော်ဖြစ်သည်။ ကပ္ပိလဝတ်ပြည်သို့
အရှင်အနုရုဒ္ဓါမထေရ် ကြွလာသောအခါ မထေရ်၏
ဆွေတော်မျိုးတော်များသည် မထေရ်၏အထံသို့
ဖူးမြင်ရန် လာကြကုန်၏။ မထေရ်သည်
ဆွေတော်မျိုးတော်များထဲ၌ ညီမတော်
ရောဟိနီမင်းသမီးကို မမြင်၍ မေးလေ၏။
ဆွေတော်မျိုးတော်တို့က-
“ရောဟိနီမင်းသမီး၏ကိုယ်၌ အရေပြားရောဂါရှိ၍
ရှက်သဖြင့် မလာရောက်၊ အိမ်တွင် တည်ရှိနေပါသည်”
ဟု လျှောက်ထားကြသည်။
မထေရ်သည် ရောဟိနီမင်းသမီးကို လူလွှတ်၍
ခေါ်စေခဲ့သည်။ ရောဟိနီမင်းသမီး ရောက်လာသောအခါ
အကြောင်းစုံကို သိရလျှင် ညီမတော်ရောဟိနီ
မင်းသမီး၏ ရောဂါဝေဒနာမှ သက်သာစေရန်
ရည်ရွယ်၍ သံဃာတော်များ အသုံးပြုရန်
ဆွမ်းစားဇရပ်(၂)ထပ်ကျောင်းဆောင် ဆောက်လုပ်
လှူဒါန်းရန် တိုက်တွန်းလေသည်။
ဆွမ်းစားဇရပ်အတွက် ကုန်ကျစရိတ်ကို
လက်ဝတ်ရတနာများ ရောင်းချ၍ အသုံးပြုစေခဲ့သည်။
ဆွေတော်မျိုးတော်တို့ကိုလည်း မိမိနှင့်အတူတကွ
ဆွမ်းစားဇရပ်တည်ဆောက်ရာ၌ ဝိုင်းဝန်း
ကြီးကြပ်ကြရန် တာဝန်ပေးခဲ့သည်။
ဆွမ်းစားဇရပ်သည် ဘုံ(၂)ဆင့်ရှိသည်။
ပထမဆင့်ဆောက်လုပ်ပြီးစီးသော် ၎င်းအဆင့်၌
ရောဟိနီမင်းသမီးအား တံမြက်လှည်းခြင်းစသော
ဝေယျာဝစ္စအမှုများကို ပြုစေသည်။
ရောဟိနီမင်းသမီးသည် အထက်၌ ပျဉ်ခင်းချိန်မှစ၍
နေ့စဉ်နေ့တိုင်း ဆွမ်းစားဇရပ်၌ တံမြက်လှည်းသည်။
နေရာခင်းသည်၊ သောက်ရေအိုးတည်သည်။
ပြီးစီးသောအထပ်၌ ရဟန်းတော်များလည်း
အမြဲမပြတ် သီတင်းသုံးနေထိုင်စေသည်။
ထိုကောင်းမှု၏ အရှိန်အဟုန်ကြောင့်
ရောဟိနီမင်းသမီး၏ ကိုယ်၌ ဖြစ်နေသော
ကိုယ်ရေပြားရောဂါဝေဒနာတို့သည် ယားယံ
ပေါက်ကွဲပြီး ဆွမ်းစားဇရပ် မပြီးခင်အချိန်တွင် မှည့်၍
အနာရောဂါများ ညှိုးနွမ်း ခြောက်သွေ့ကုန်လေသည်။
ဆွမ်းစားဇရပ် ဆောက်လုပ်ပြီးစီးသောအခါ
ဘုရားအမှူးရှိသော သံဃာတော်အရှင်မြတ်တို့အား
ပင့်ဖိတ်၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို
လှူဒါန်း၏။ မြတ်စွာဘုရားရှင်သည် ဆွမ်းကိစ္စ
ပြီးဆုံးပြီးနောက်-
“ဤဆွမ်းစားဇရပ် ကုသိုလ်ရှင်က မည်သူနည်း”
ဟု မေးမြန်းသည်။
“တပည့်တော်၏ ညီမတော် ရောဟိနီမင်းသမီး၏
ကုသိုလ်ဖြစ်ပါသည်။ ကိုယ်ရေပြားရောဂါဖြစ်နေသဖြင့်
မလာရောက်။အိမ်၌သာတည်ရှိပါ၏။”
ဟု လျှောက်ထားသည်။ ရောဟိနီမင်းသမီးကို
လူလွှတ်၍ခေါ်စေ၏။ မင်းသမီးရောက်ရှိလာသောအခါ-
“ရောဟိနီ...အသင် အဘယ့်ကြောင့် မလာသနည်း”
ဟုမေးသည်။
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား...
တပည့်တော်မ၏ ကိုယ်၌ အရေပြားရောဂါ ရှိပါ၏။
ထိုရောဂါ စွဲကပ်သဖြင့် ရှက်သောကြောင့်
မလာရောက်ခြင်း ဖြစ်ပါသည်။”
ထိုအခါ မြတ်စွာဘုရားရှင်သည် ရောဟိနီမင်းသမီး၏
ခန္ဓာကိုယ်၌ ကိုယ်ရေပြားရောဂါစွဲကပ်ရခြင်း
အကြောင်းအရင်းကို အတိတ်သာဓကဆောင်၍
ဟောကြားတော်မူလေသည်။
“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
လွန်လေပြီးသောအခါ ဗာရာဏသီမင်းကြီး၏
အဂ္ဂမဟေသီမိဖုရားကြီးသည် ဘုရင်မင်းမြတ်၏
ကချေသည်မိန်းမငယ်တစ်ယောက်အပေါ်
ရန်ငြိုးထားသည်။ ထိုမိန်းမငယ်အား
ဆင်းရဲကိုဖြစ်စေအံ့ဟု ကြံပြီးလျှင်
ယားယံခြင်းကိုဖြစ်စေတတ်သော အသီး
(ဂွေးငယ်သီး၊ခွေးလှေးယားသီး)တို့ကို
ဆောင်ယူစေ၍ မိန်းမငယ်အိပ်ရာ၌လည်းကောင်း၊
အပေါ်ရုံအဝတ်၌ လည်းကောင်း၊
ကော်ဇောစသည်၌ လည်းကောင်း
ခွေးလှေးယားသီးအမှုန့်တို့ကို ထားစေသည်။
ထို့နောက် ကချေသည်မကိုခေါ်၍ ပြက်ရယ်လှောင်ပြောင်
ကြည်စားဟန်ပြုပြီး ကိုယ်ပေါ်သို့လည်း ကြဲချသည်။
ကချေသည်မ၏ကိုယ်သည် ချက်ချင်းပင် ဖူးယောင်လာပြီး
အပူလောင်ကာ အဖုအပိမ့်များ ထလာသည်။
ကချေသည်မသည် ယားယံသည်ဖြစ်၍ မိမိ၏
အိပ်ရာသို့ ဝင်အိပ်လေသည်။ အိပ်ရာပေါ်၌လည်း
ယားယံသောအမှုန့်တို့သည် ကိုက်ခဲအပ်သည်ဖြစ်၍
ပို၍ကြမ်းတမ်းသောဝေဒနာကို ခံစားရလေသည်။
ဤမကောင်းမှု အကုသိုလ်ကံကြောင့် ဗာရာဏသီမင်း၏
မိဖုရားကြီးသည် သေလွန်ပြီးနောက် ငရဲသို့
ကျရောက်ရပြီးလျှင် ယခုဘဝ ရောဟိနီမင်းသမီး
ဖြစ်သောအခါ၌ မိမိပြုခဲ့သော ကံနှင့်အတူ
ပြန်လည် ခံစားရလေသည်။
ထို့ပြင် မြတ်စွာဘုရားရှင်သည် ရောဟိနီမင်းသမီးအား-
“ရောဟိနီ, မိဖုရားကြီးဖြစ်စဉ်က သင်ကိုယ်တိုင် အဲဒီ
မကောင်းမှုကို ပြုအပ်ခဲ့လေ၏။ အနည်းငယ်မျှသော
စိတ်ဆိုးမှု၊ မနာလိုမှု၊ ငြူစူမှုတို့ကို ပြုခြင်းငှာ မသင့်”
ဟု မိန့်တော်မူ၏။
ရောဟိနီမင်းသမီးသည် မြတ်စွာဘုရားရှင်၏
တရားတော်ကို နာယူပြီးနောက် သောတာပတ္တိဖိုလ်၌
တည်လေသည်။ ထိုခဏသာလျှင် ရောဟိနီမင်းသမီး၏
ကိုယ်သည် ရွှေအဆင်းကဲ့သို့ လှပတင့်တယ်သည်။
များစွာကုန်သော သူတို့သည်လည်း သောတာပတ္တိဖိုလ်၌
တည်လေ၏။ ရောဟိနီမင်းသမီးလည်း သက်တမ်းကုန်၍
စုတေကွယ်လွန်ပြီးနောက် သံဃာတော်များ
အသုံးပြုရန် ဆွမ်းစားဇရပ် ဆောက်လုပ်လှူဒါန်းသော
ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်တွင်
နတ်သားလေးယောက်တို့၏အလယ်၌ နတ်သမီးအဖြစ်
ကျရောက်ခဲ့ရသည်။ အလွန်လှပသဖြင့် နတ်သားတို့
သူပိုင်၊ငါပိုင် အပြိုင်လုယက်ခြင်းကို ခံရ၏။
နောက်ဆုံး၌ သိကြားမင်းကောက်ယူခြင်းကိုခံရပြီး
သိကြားမင်း၏ မိဖုရားဖြစ်ရလေသည်။
Credit : Admin Team of Young Buddhist Association

Subscribe to:
Posts (Atom)