Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Saturday, July 15, 2017

ဝိဝေက

ဝိဝေက

▬▬▬▬▬▬▬▬
ဝိဝေက ဆိုတာ ဘာလဲ?
▬▬▬▬▬▬▬▬▬▬
ဝိဝေက သုံးမျိုး ရှိ​ပေ၏။

၁။ ကာယဝိဝေက။ တစ်ပါးထီးတည်း
တစ်ကိုယ်ထီးတည်း နေထိုင်ခြင်း။

၂။ စိတ္တဝိဝေက။ လောကီဈာန်သမာပတ်
(လောကုတ္တရာဈာန် သမာပတ်)တွေကို ဝင်စားကာ
နီဝရဏ ကိလေသာအညစ်အကြေး အမျိုးမျိုးတို့မှ
ကင်းဆိတ်နေတဲ့ စိတ်ဖြင့် နေထိုင်ခြင်း။

၃။ ဥပဓိဝိဝေက။
ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်ရာ
နိဗ္ဗာန်ကို အာရုံ ပြု၍ နေထိုင်ခြင်း။
သုံးမျိုးတည်း။

ဒီ(၃)မျိုးကို ထပ်ပြီးတော့ ရှင်းလင်းအံ့။

#ကာယဝိဝေက။
ဒီသာသနာတော်မှာ
ရဟန်းတော်တစ်ပါးဟာ တောကျောင်း၊ တောင်ကျောင်း၊ သစ်ပင်ရင်းကျောင်း၊
ချောက်ကမ်းပါး၊ လိုဏ်ဂူ၊ သုသာန်၊ တောအုပ်၊
လွင်တီးခေါင်၊ ကောက်ရိုးပုံ စတဲ့ ဆိတ်ငြိမ်တဲ့
ကျောင်းအိပ်ရာနေရာတွေကို မှီဝဲကာ တစ်ကိုယ်ရေ
တစ်ကာယ နေထိုင်လေ့ ရှိ၏။ အပါင်းအဖော်တွေနှင့်
ကင်းကင်းရှင်းရှင်း နေထိုင်လေ့ရှိ၏။
တစ်ပါးတည်း သွား၏။
တစ်ပါးတည်း ရပ်၏။
တစ်ပါးတည်း ထိုင်၏။
တစ်ပါးတည်း အိပ်၏။
တစ်ပါးတည်း ဆွမ်းခံသွား၏။
တစ်ပါးတည်း ဆွမ်းခံရွာမှ ပြန်လာ၏။
တစ်ပါးတည်း ဆိတ်ကွယ်ရာအရပ်မှာ နေထိုင်၏။
ကမ္မဋ္ဌာန် အာရုံပေါ်မှာ စိတ်ဓာတ်ကို
ဆောက်တည်ထားကာ တစ်ပါးထီးတည်း
စင်္ကြံကြွလေ့ရှိ၏။
တစ်ပါးထီးတည်း ကျောင်းဝင်းထဲမှာ
လှည့်လည်သွားလာလေ့ရှိ၏။
တစ်ပါးထီးတည်း သီတင်းသုံးလေ့ရှိ၏။
တစ်ပါးထီးတည်း ဣရိယာပုထ်ကို မျှတအောင်
စောင့်ရှောက်ကာ တရား ဘာဝနာကို
ကြိုးစားအားထုတ်လေ့ရှိ၏။

ဒီလို တစ်ပါးထီးတည်း နေထိုင်တာမျိုးကိုတော့
``ကာယဝိဝေက´´ တစ်ကိုယ်ရေ တစ်ကာယ
ကင်းကင်း ရှင်းရှင်း နေထိုင်ခြင်းဟု ခေါ်၏။
သွားလည်း တစ်တွဲတွဲ။
ရပ်လည်း တစ်တွဲတွဲ။
ထိုင်လည်း တစ်တွဲတွဲ။
အိပ်လည်း တစ်တွဲတွဲ။
စားလည်း တစ်တွဲတွဲ စသည်ဖြင့် တစ်တွဲတွဲလုပ်နေတဲ့
အလုပ်မျိုးကို ဘုရားရှင်ဟာ နှစ်ခြိုက်တော်မမူ​ပေ။
တစ်ပါးတည်း၊ တစ်ကိုယ်တည်း
အပေါင်းအဖော်တွေနှင့် ကင်းကင်းရှင်းရှင်း
နေထိုင်တဲ့ လုပ်ငန်းမျိုးကိုသာ ဘုရားရှင်ဟာ
နှစ်ခြိုက်တော်မူ​ပေ၏။

#စိတ္တဝိဝေက။
အာရုံ ငါးပါး ကာမဂုဏ်တရားတို့အပေါ်မှာ
လိုလားတပ်မက်မှု``ကာမစ္ဆန္ဒ နီဝရဏ´´။
သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုတို့အပေါ်၌
ဖျက်ဆီးပစ်လိုမှု သို့မဟုတ် သူတစ်ပါးတို့
ဂုဏ်သိက္ခာကျအောင် ဖျက်ဆီးလိုမှု ``ဗျာပါဒနီဝရဏ´´။
ဘာဝနာလုပ်ငန်းခွင်မှ စိတ်ဓာတ်
တွန့်ဆုတ်နေမှု ပျင်းရိမှု ``ထိနမိဒ္ဓနီဝရဏ´´။
ဘာဝနာလုပ်ငန်းခွင်အာရုံမှ ပြင်ပအာရုံအမျိုးမျိုးတွေမှာ
စိတ်ဓာတ် ပျံ့လွင့် ပြေးသွားနေမှု ပြုပြီးဒုစရိုက်အမျိုးမျိုး
မပြုမိလိုက်တဲ့ သုစရိုက်အမျိုးမျိုးတို့ အပေါ်မှာ
နောင်တတစ်ဖန် ပူပန်နေမှုဆိုတဲ့
``ဥဒ္ဓစ္စ၊ ကုက္ကုစ္စနီဝရဏ´´။

ရတနာ သုံးတန် ကံ-ကံရဲ့အကျိုးတရား စသည်တို့
အပေါ်မှာ ဟုတ်လေသလား မဟုတ်လေသလား၊
ယခုလိုခေတ်မှာ ဈာန်သမာပတ်တွေ ရမှရ
နိုင်ပါ့မလား မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို
ရမှရနိုင်ပါ့မလား စသည်ဖြင့် သို့လောသို့လော
တွေးတောယုံမှားမှု ``ဝိစိကိစ္ဆာနီဝရဏ´´။

 ဒီနီဝရဏ ငါးပါးကတော့ ဈာန်မဂ်ဖိုလ် တရားတွေကို
မရအောင် တားမြစ်နှောင့်ယှက် ပိတ်ဆို့ထားတတ်တဲ့
ကိလေသာ အပိတ်အဖုံးတွေ ဖြစ်ကြ​ပေ၏။

မိမိတို့၏ စိတ်အစဉ်မှာ ဒီနီဝရဏကိလေသာ
အညစ်အကြေးတွေမှ ကင်းဆိတ်သွားအောင်
ကင်းဆိတ်ရာ ကင်းဆိတ်ကြောင်းဖြစ်တဲ့ ပထမဈာန်
သမာပတ်ကို ဝင်စားလျက် နေထိုင်ခြင်းကို
စိတ္တဝိဝေက ဟု ခေါ်၏။
ဝိတက် ဝိစာရတို့မှ
ကင်းဆိတ်ရာဖြစ်သည့်​ ဒုတိယဈာန်သမာပတ်ကို၊ ပီတိမှ
ကင်းဆိတ်ရာဖြစ်သည့်​ တတိယဈာန်သမာပတ်ကို၊
သုခဒုက္ခမှ ကင်းဆိတ်ရာ ဖြစ်တဲ့
စတုတ္ထဈာန်သမာပတ်ကို ဝင်စားလျက်
နေထိုင်ခြင်းကိုလည်း စိတ္တ ဝိဝေက ဟု ခေါ်၏။

အာကာသာနဉ္စာယတနဈာန်ကို
ဝင်စားလျက် နေထိုင်မည်ဆိုလျှင် ရူပသညာ
နာနတ္တသညာ ပဋိဃသညာတွေမှ ကင်းဆိတ်
နေ၏။

ရူပသညာဆိုတာကတော့ ပထဝီကသိုဏ်းမှ သည်
အာလောက ကသိုဏ်းသို့တိုင်အောင် ကိုးမျိုးသော
ကသိုဏ်းရုပ်တွေကို အာရုံယူပြီး ဖြစ်ပေါ်နေတဲ့
ရူပါဝစရဈာန်တွေနဲ့ ယှဉ်တွဲနေတဲ့ သညာကို
ရူပသညာလို့ ခေါ်၏။

ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို
အာရုံပြုကာ ဖြစ်ပေါ်လာကြသည့်​ သက်ဆိုင်ရာဝတ္ထုနှင့်
သက်ဆိုင်ရာအာရုံတို့ ထိခိုက်ခြင်း ကြောင့်
ဖြစ်ပေါ်လာတဲ့ ဥပမာ --- စက္ခုဝတ္ထုနှင့် ရူပါရုံ၊
သောတဝတ္ထုနှင့် သဒ္ဒါရုံ၊ ဃာနဝတ္ထုနှင့် ဂန္ဓာရုံ၊
ဇိဝှါဝတ္ထုနှင့် ရသာရုံ၊ ကာယဝတ္ထုနှင့် ဖောဋ္ဌဗ္ဗာရုံ တို့
ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စက္ခုဒွါရဝီထိ
သောတဒွါရဝီထိ ဃာနဒွါရဝီထိ ဇိဝှါဒွါရဝီထိ
ကာယဒွါရဝီထိတွေရဲ့အတွင်းမှာ တည်ရှိနေကြတဲ့
ကာမာဝစရစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့

အဆင်း ရူပါရုံကို မှတ်သားတဲ့ ရူပသညာ။
အသံ သဒ္ဒါရုံကို မှတ်သားတဲ့ သဒ္ဒသညာ။
အနံ့ ဂန္ဓာရုံကို မှတ်သားတဲ့ ဂန္ဓသညာ။
အရသာ ရသာရုံကို မှတ်သားတဲ့ ရသသညာ။
အတွေ့ ဖောဋ္ဌဗ္ဗာရုံ ကို မှတ်သားတဲ့ ဖောဋ္ဌဗ္ဗသညာ။
ဒီသညာအမျိုးမျိုးကိုတော့ ဝတ္ထုနှင့် အာရုံတို့
ထိခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာကြတဲ့ သညာတွေ
ဖြစ်နေကြတဲ့အတွက် ပဋိဃသညာ ဟု ခေါ်၏။

မနောဓာတ် မနောဝိညာဏဓာတ်လို့ ခေါ်ဆိုတဲ့
ကာမာဝစရကုသိုလ် အကုသိုလ် ဝိပါက်
ကိရိယာစိတ်တွေ ရှိကြ​သေး၏။
ဒီစိတ်တွေဟာ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊
ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံလို့ ခေါ်ဆိုတဲ့ အာရုံအမျိုးမျိုးတွေကို
အာရုံပြုကြတဲ့အတွက် ယင်းစိတ်တွေနဲ့ ယှဉ်တွဲနေတဲ့
သညာကို အာရုံအမျိုးမျိုး ရှိနေတဲ့ နာနတ္တသညာလို့
ခေါ်၏။
အာရုံ အမျိုးမျိုးရှိနေသည့်​ ထူးထွေကွဲပြားတဲ့
သညာလို့ ဆိုလိုတယ်။

အာကာသာနဉ္စာယတနဈာန်ကို ဝင်စားနေတဲ့ပုဂ္ဂိုလ်ရဲ့
သန္တာန်မှာ ယင်း အာကာသာနဉ္စာယတနဈာန်စိတ်က
ပထဝီကသိုဏ်းရုပ်စတဲ့ ကသိုဏ်းရုပ်ကို
နှလုံးမသွင်းတော့ဘဲ ကသိုဏ်းရုပ်ကို ခွာပြီးမှ
ရရှိလာတဲ့ အနန္တအာကာသလို့ ခေါ်ဆိုအပ်တဲ့
အဆုံးအပိုင်းအခြား မရှိတဲ့ ကောင်းကင်ပညတ်ကိုသာ
အာရုံ ပြုနေတဲ့အတွက် ရူပါဝစရဈာန်တွေနှင့်
ရူပါဝစရဈာန်တွေရဲ့ အာရုံမှလည်း ဆိတ်သုဉ်းနေ၏။

ရူပသညာ ပဋိဃသညာ နာနတ္တသညာတို့မှလည်း
ဆိတ်သုဉ်းနေ၏။ ဆိတ်သုဉ်းနေတဲ့အတွက်ကြောင့် အာကာသာနဉ္စာ ယတနဈာန်စိတ်ကိုလည်း စိတ္တဝိဝေကလို့ ခေါ်၏။
အလားတူဘဲ ဝိညာဏဉ္စာယတနဈာန်သို့
ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကာသာ
နဉ္စာယတနဈာန်မှ ဆိတ်သုဉ်းနေ၏။
အာကိဉ္စညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့
သန္တာန်မှာ ဝိညာဏဉ္စာယတနဈာန်မှ ဆိတ်သုဉ်း
နေ၏။
နေဝသညာနာသညာယတနဈာန်သို့ ဆိုက်ရောက်နေတဲ့
ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ အာကိဉ္စညာယတနဈာန်မှ
ဆိတ်သုဉ်းနေ၏။
ယင်းကြောင့် ထို ဝိညာဏဉ္စာယတနဈာန်၊
အာကိဉ္စညာယတနဈာန်၊ နေဝသညာနာသညာ
ယတနဈာန်တွေကို ဝင်စားလျက် နေထိုင်ခြင်းကိုလည်း
စိတ္တဝိဝေကလို့ ခေါ်၏။

ဒီလို စိတ္တဝိဝေကနယ်ပယ်မှာ သီတင်းသုံးနေထိုင်
နေခြင်းကိုလည်း မြတ်စွာဘုရား နှစ်ခြိုက်တော်မူ​ပေ၏။
အချိန်တွေ ဖြုန်းပြီးတော့ အကျိုး မရှိတဲ့ ဈာန်မဂ်ဖိုလ်နဲ့
မဆက်စပ်တဲ့ စကားအမျိုးမျိုးတွေကို ပြောဆိုကာ
နေထိုင်နေခြင်းမျိုးကိုတော့ ဘုရားရှင်သည်
အမြဲ ရွံရှာစက်ဆုပ်တော်မူ၏။

မဟာနိဒ္ဒေသပါဠိတော်နှင့် မဟာနိဒ္ဒေသအဋ္ဌကထာတို့မှာ
တော့ခုပြောခဲ့တဲ့ ဈာန်သမာပတ် ရှစ်ပါးတွင်သာမက
လောကုတ္တရာစိတ်တွေ ကိုလည်း မိမိတို့ ပယ်ရှားရမည့်
ဆိုင်ရာ ဆိုင်ရာ ကိလေသာတို့မှ ကင်းဆိတ်
နေကြတဲ့အတွက် စိတ္တဝိဝေကလို့ ခေါ်ဆိုကြောင်း
ရှင်းလင်းတင်ပြထားတော်မူ၏။

သောတာပတ္တိမဂ်ဉာဏ်
••••••••••••••••••••••••••••
ခန္ဓာ(၅)ပါး ရုပ်နာမ်တရားတို့အပေါ်၌ ငါ သူတစ်ပါး
ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါ လူ နတ် ဗြဟ္မာ အတ္တ
စသည်ဖြင့် စွဲလမ်းယုံကြည်မှု  အယူမှားမှု။
စွဲလမ်းမှုဆိုသည့်
သက္ကာယဒိဋ္ဌိသံယောဇဉ် ``ဒိဋ္ဌာနုသယ´´။

ရတနာသုံးတန် ကံ-ကံရဲ့ အကျိုးတရား စသည်တို့အပေါ်၌
ဟုတ်လေသလား မဟုတ်လေသလား၊ ယခုလိုခေတ်မှာ
ဈာန်သမာပတ်တွေ ရမှရနိုင်ပါ့မလား၊
မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေကို ရမှရနိုင်ပါ့ မလား
စသည်ဖြင့် သို့လောသို့လော တွေးတောယုံမှားမှု
ဝိစိကိစ္ဆာ သံယောဇဉ် ``ဝိစိကိစ္ဆာနုသယ´´။

နွားအကျင့် ခွေးအကျင့် စသည်တို့ဖြင့် ကိလေသာတို့မှ
စင်ကြယ်နိုင်တယ် သံသရာဝဋ်ဆင်းရဲဒုက္ခမှ
လွတ်မြောက် နိုင်တယ်လို့ ဒီလို အမှားမှား အယွင်းယွင်း
သုံးသပ်တတ်တဲ့ ``သီလဗ္ဗတပရာ မာသသံယောဇဉ်´´
ဆိုတဲ့ ကိလေသာတွေကို၎င်း၊
ယင်းကိလေသာ တို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ ``တဒေကဋ္ဌ´´ ယင်းကိလေသာတို့
နောက်သို့ အစဉ်တစိုက် လိုက်ပါနေကြတဲ့``တဒနုဝတ္တက´´
ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်
ခန္ဓာတွေကို၎င်း၊
ဒီအကုသိုလ်
တရားအားလုံးကို ``အဇ္ဈတ္တသင်္ခါရတရား´´ဟု
ခေါ်၏။
အဇ္ဈတ္တသင်္ခါရ ဟု ခေါ်ရသည့်​ ယင်းအကုသိုလ်တရား
အားလုံးကို သောတာပတ္တိမဂ်ဉာဏ်က အကြွင်းမဲ့
ပယ်ရှားထားပြီး ဖြစ်သည့်​အတွက်
သောတာပတ္တိမဂ်ဉာဏ်ဟာ အဇ္ဈတ္တ သင်္ခါရလို့
ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးမှ ကင်းဆိတ်နေ​ပေ၏။
ထို့အတူ
သောတာပတ္တိဖလသမာပတ်ကို
ဝင်စားနေတဲ့ သောတာပန် အရိယာသူတော်ကောင်းရဲ့
သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိ​ပေ၏။

သကဒါဂါမိမဂ်ဉာဏ်
••••••••••••••••••••••••
ရုန့်ရင်းကြမ်းတမ်းတဲ့ ကာမရာဂသံယောဇဉ်
``ကာမရာဂါနုသယ´´နှင့်
ရုန့်ရင်းကြမ်းတမ်းတဲ့ ပဋိဃသံယောဇဉ်
``ပဋိဃာ နုသယ´´ ဆိုတဲ့
ကိလေသာတွေကို၎င်း၊

ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ ``တဒေကဋ္ဌ´´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့
``တဒနုဝတ္တက´´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေကို
လည်းကောင်း-
ဒီအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရား
လို့ ခေါ်၏။
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့
ယင်းအကုသိုလ်တရား အားလုံးကို သကဒါဂါမိမဂ်ဉာဏ်က ပယ်ရှားထားပြီးဖြစ်တဲ့အတွက် သကဒါဂါမိမဂ်ဉာဏ်ဟာ အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့
ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား
အားလုံးတို့မှ ကင်းဆိတ်နေ​ပေ၏။
ထို့တူ သကဒါဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ သကဒါဂါမ်အရိယာသူတော်ကောင်းရဲ့ သန္တာန်မှာ
လည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ယင်းအကုသိုလ်တရား အားလုံးတို့မှ
ကင်းဆိတ်လျက် ရှိ​ပေ၏။

အနာဂါမိမဂ်ဉာဏ်
•••••••••••••••••••••
သိမ်မွေ့နူးညံ့နေတဲ့ ကာမရာဂသံယောဇဉ်
``ကာမရာဂါနုသယ´´နှင့် သိမ်မွေ့နူးညံ့နေတဲ့
ပဋိဃသံယောဇဉ်
``ပဋိဃာ နုသယ´´ ဆိုသည့်​ ကိလေသာတွေကို၎င်း၊
ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့``တဒေကဋ္ဌ´´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြတဲ့
``တဒနုဝတ္တက´´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြတဲ့ အကုသိုလ်ခန္ဓာတွေ
ကို၎င်း၊
ယင်းအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့
 ခေါ်၏။

အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးကို အနာဂါမိမဂ်ဉာဏ်က
အကြွင်းအကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီး
ဖြစ်တဲ့ အတွက် အနာဂါမိမဂ်ဉာဏ်ဟာ
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်နေ​ပေ၏။
ထို့အတူ အနာဂါမိဖလသမာပတ်ကို ဝင်စားနေတဲ့ အနာဂါမ်အရိယာသူတော်ကောင်း ရဲ့ သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ခေါ်ဆိုတဲ့ သိမ်မွေ့နူးညံ့တဲ့ ယင်း အကုသိုလ်တရားအားလုံးတို့မှ ကင်းဆိတ်လျက်
ရှိ၏။

အရဟတ္တမဂ်ဉာဏ်
••••••••••••••••••••••
- ရူပဘဝအပေါ်မှာ တွယ်တာမက်မောနေတဲ့
``ရူပရာဂသံယောဇဉ်´´နှင့် အရူပဘဝအပေါ်မှာ
တွယ်တာမက်မောနေတဲ့
``အရူပ ရာဂသံယောဇဉ်ဆိုတဲ့
``ဘဝရာဂါနုသယ´´။
- ထောင်လွှားခြင်း
မာနသံယောဇဉ်``မာနာနုသယ´´။
- စိတ်ဓာတ်ပျံ့လွင့်မှု ``ဥဒ္ဓစ္စသံယောဇဉ်´´။
- သစ္စာလေးပါး
အမှန်တရားတွေကို မသိမှု ပြောင်းပြန်လှန်ကာ
ယောက်ျား မိန်းမ စသည်ဖြင့် အမှားတွေကို သိနေမှု
အဝိဇ္ဇာသံယောဇဉ်``အဝိဇ္ဇာ နုသယ´´ - ဆိုတဲ့ ကိလေသာတွေကို၎င်း၊
ယင်းကိလေသာတို့နှင့် တူသောတည်ရာအာရုံ
ရှိနေကြတဲ့ `တဒေကဋ္ဌ´ ယင်းကိလေသာတွေရဲ့
နောက်ကို အစဉ်တစိုက် လိုက်ပါနေကြသည့်
`တဒနုဝတ္တက´ ကိလေသာ အပေါင်းအဖော်တွေနှင့်
ယင်းကိလေသာတွေနဲ့ စိတ္တက္ခဏတစ်ခုအတွင်းမှာ အတူယှဉ်တွဲဖြစ်နေကြသည့်
အကုသိုလ်ခန္ဓာတွေကို၎င်း၊
ယင်းအကုသိုလ် တရားအားလုံးကို အဇ္ဈတ္တသင်္ခါရတရား
ဟု ခေါ်၏။
အဇ္ဈတ္တသင်္ခါရဟု ခေါ်ရသည့်​ ယင်းအကုသိုလ်
တရားအားလုံးကို အရဟတ္တမဂ်ဉာဏ်က အကြွင်း
အကျန်မရှိ ကုန်စင်အောင် ပယ်ရှားထားပြီး
ဖြစ်တဲ့အတွက် အရဟတ္တမဂ်ဉာဏ် ဟာ
အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့ ယင်းအကုသိုလ်
တရားအားလုံးတို့မှ ကင်းဆိတ်နေ​ပေ၏။
ထို့အတူ အရဟတ္တဖလသမာပတ်ကို ဝင်စားတော်မူနေသည့်​ ရဟန္တာအရိယာသူတော်ကောင်း၏
သန္တာန်မှာလည်း အဇ္ဈတ္တသင်္ခါရလို့ ခေါ်ဆိုတဲ့  ယင်းအကုသိုလ်တရားအားလုံးတို့မှ
ကင်းဆိတ်လျက်​ ရှိ​ပေ၏။

ထို့အပြင်​ အရဟတ္တမဂ်ဉာဏ်က
အကြွင်းအကျန်မရှိ ကုန်စင် အောင် ပယ်ရှားလိုက်ပြီး
ဖြစ်တဲ့ အကုသိုလ်တရား ``အကုသိုလ်ခန္ဓာ´´
အားလုံးကို အဇ္ဈတ္တသင်္ခါရတရားလို့
ခေါ်ဆိုထားတဲ့အတွက် ယင်းအဇ္ဈတ္တသင်္ခါရ
(အကုသိုလ်ခန္ဓာ)မှ ထောက်ဆကာ
ကြွင်းကျန်နေကြသည့်​ ရုပ်နာမ်ဓမ္မ သင်္ခါရတရား
အားလုံးတို့ကို``အဇ္ဈတ္တသန္တာန်´´၌ တည်ရှိနေကြသည့်
သင်္ခါရတရား တွေဘဲ ဖြစ်ချင်ဖြစ်ကြပါစေ၊
ဗဟိဒ္ဓသန္တာန်မှာ တည်ရှိနေကြတဲ့ သင်္ခါရတရား
တွေပဲ ဖြစ်ချင်ဖြစ်ကြပါစေ၊ အားလုံးကိုဘဲ
``ဗဟိဒ္ဓ သဗ္ဗနိမိတ္တ´´ ဗဟိဒ္ဓသင်္ခါရ တရားများဟု ခေါ်​ပေ၏။
အရဟတ္တမဂ်ဉာဏ်သည်​ ယင်းအဇ္ဈတ္တသင်္ခါရ
အမည်ရတဲ့ အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ'
အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေ​ပေ၏။
ထို့အတူ
အရဟတ္တ ဖလသမာပတ်ကို
ဝင်စားတော်မူနေသည့်​ ရဟန္တာအရှင်မြတ်၏
သန္တာန်၌လည်း ယင်းအဇ္ဈတ္တသင်္ခါရအမည်ရသည့်
အကုသိုလ်ခန္ဓာနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရသည့်
ဗဟိဒ္ဓသင်္ခါရတရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေ​ပေ၏။

သို့သော် ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်နှင့် ဝိသုဒ္ဓိမဂ္ဂ
အဋ္ဌကထာတို့မှာတော့ အရိယမဂ်ဉာဏ်
(၄)ပါးလုံးတို့မှာပဲ ---- မိမိတို့ဆိုင်ရာ အရိယမဂ်တရား
အသီးအသီးက ပယ်ရှားထားပြီးဖြစ်တဲ့
အဇ္ဈတ္တသင်္ခါရအမည်ရတဲ့ အကုသိုလ်
ခန္ဓာအားလုံးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့
ဗဟိဒ္ဓသင်္ခါရတရားအားလုံး တို့မှ
ကင်းဆိတ်နေကြောင်းကို ဟောကြားထား
တော်မူခဲ့၏ဟု ဖွင့်ဆိုထား တော်မူခဲ့ပါ၏။
ထို့အတူပင်
လေးမျိုးသော ဆိုင်ရာဆိုင်ရာ
ဖလသမာပတ် အသီးအသီးကို ဝင်စားတော်မူနေကြတဲ့
ဆိုင်ရာဆိုင်ရာ အရိယာသူတော် ကောင်းတွေ၏ သန္တာန်၌လည်း ဖလသမာပတ်အသီးအသီး အခိုက်တွင်
မိမိတို့ ဆိုင်ရာ အရိယမဂ်တရားအသီးအသီးက
ပယ်ရှားထားပြီးဖြစ်သည့်​ အဇ္ဈတ္တသင်္ခါရ
အမည်ရတဲ့ အကုသိုလ်ခန္ဓာအသီးအသီးနှင့်
'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ
တရားအားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေ​ပေ၏။

အကြောင်းပြချက်ကတော့ ဒီလိုပါ။ အရိယ
မဂ်ဉာဏ်အားလုံးတို့နှင့် အရိယဖိုလ်ဉာဏ်
အားလုံးတို့သည်​ သဗ္ဗသင်္ခါရသမထအမည်ရသည့်
သင်္ခါရတရား အားလုံးတို့မှ ငြိမ်းအေးရာဖြစ်တော်မူသည့်
အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်
တရားတော်မြတ်ကို၊ သဗ္ဗူပဓိနိဿဂ္ဂအမည်ရသည့်
ဥပဓိလေးဖြာတို့ကို စွန့်လွှတ် ရာဖြစ်တဲ့ ဥပဓိလေးဖြာတို့မှ ကင်းဆိတ်ရာဖြစ်တဲ့ အသင်္ခတဓာတ် အငြိမ်းဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို အသီးအသီး
အာရုံပြုကာ ဖြစ်ပေါ်နေကြသည့်​ လောကုတ္တရာ
တရားထူး တရားမြတ်တွေ ဖြစ်ကြ​ပေ၏။

မိမိတို့၏ အာရုံ ဖြစ်တဲ့ အငြိမ်းဓာတ် နိဗ္ဗာန်တရား
တော်မြတ်ကြီးဟာလည်း သင်္ခါရတရား
အားလုံးတို့မှ ကင်းဆိတ်လျက်ပဲ ရှိနေ​ပေ၏။
မိမိတို့ဆိုင်ရာ အရိယမဂ်ဉာဏ် အသီးအသီး
ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယမဂ်
စိတ်စေတသိက် တွေသာ ဖြစ်ခွင့်ရှိကြတဲ့အတွက် အခြားသင်္ခါရတရားတွေလည်း ဖြစ်ခွင့်မရှိ
ကြတဲ့အတွက် ဆိုခဲ့ပြီး​သော ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တသင်္ခါရ အမည်ရသည့်​ အကုသိုလ်
ခန္ဓာအသီးအသီးနှင့် 'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ'
အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ တရားအားလုံးတို့မှ
ကင်းဆိတ်လျက် ရှိနေ​ပေ၏။
ထို့အတူ
အရိယ ဖိုလ်ဉာဏ်အသီးအသီး
ဖြစ်ခိုက်မှာလည်း ဆိုင်ရာဆိုင်ရာ အရိယဖိုလ်
စိတ် စေတသိက်တွေသာ ထင်ရှားဖြစ်နေကြတဲ့အတွက် အခြားသင်္ခါရတရားတွေ လည်း ဖြစ်ခွင့်မရှိကြတဲ့
အတွက် ဆိုခဲ့ပြီး​သော
ဆိုင်ရာဆိုင်ရာ အဇ္ဈတ္တ
သင်္ခါရ အမည်ရသည့်​ အကုသိုလ်ခန္ဓာအသီးအသီးနှင့်
'ဗဟိဒ္ဓ သဗ္ဗနိမိတ္တ' အမည်ရတဲ့ ဗဟိဒ္ဓသင်္ခါရ
တရားအားလုံးတို့မှ ကင်းဆိတ်လျက် ရှိနေ​ပေ၏။
ဒီလောကုတ္တရာစိတ်တွေကတော့ အကောင်းဆုံး
သော အမြတ်ဆုံးသော ဘုရားရှင် အနှစ်ခြိုက်ဆုံး
ဖြစ်တော်မူတဲ့ စိတ္တဝိဝေကတရားတွေ
ဖြစ်ကြ​ပေ​တော့၏။
ယခုလို အဆင့်အတန်း မြင့်မားလှတဲ့ စိတ္တဝိဝေကနှင့်
ဆက်စပ်နေတဲ့ တရားစကားတွေကို ဆွေးနွေးနေတာ
တိုင်ပင်နေတာ ပြောကြားနေတာ တွေကိုလည်း
ဘုရားရှင်က နှစ်ခြိုက်တော်မူပါ​ပေ၏။
ကြားလည်း ကြားလိုတဲ့ သဘော ရှိတော်မူပါ​ပေ၏။

ဘုရားရှင်ဘက်ကတော့ မိမိတည်ထောင်ထား
တော်မူတဲ့ သာသနာတော်ကို မှီတင်းနေထိုင်ကြတဲ့
တပည့်သာဝကတွေဟာ ယခုလို အဆင့်အတန်း
မြင့်မားလှတဲ့ စိတ္တဝိဝေက နယ်ပယ်မှာ
နေထိုင်သီတင်းသုံးနေတာကို နှစ်ခြိုက် တော်မူပါတယ်။
မြင်လည်း မြင်တော်မူလိုပါတယ်။ နေထိုင်သီတင်း
သုံးနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်မြောက်ရေး
အတွက်လည်း ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ တိုက်တွန်းတော်မူခဲ့ပါတယ်။
``ချစ်သားရဟန်းတို့ ဤသည်တို့ကတော့
သစ်ပင်ရင်းကျောင်းတွေ ဖြစ်ကြ၏။
ဤသည်တို့ကတော့ ဆိတ်ငြိမ်တဲ့တောကျောင်း
တောင်ကျောင်းတွေ ဖြစ်ကြ၏။
ချစ်သားရဟန်းတို့ ဒီလို သစ်ပင်ရင်းကျောင်း တွေမှာ
နေထိုင်ပြီးတော့ ဒီလိုဆိတ်ငြိမ်တဲ့ တောကျောင်း
တောင်ကျောင်းတွေမှာ နေထိုင်ပြီးတော့
လောကီဈာန် လောကုတ္တရာဈာန်တွေကို
ဝင်စားကာ သင်ချစ်သားတို့ရဲ့သန္တာန်မှာ
တည်ရှိနေကြတဲ့ ကိလေသာတောချုံပုတ်တွေကို
လောင်ကျွမ်းသွားအောင် ရှို့မြှိုက်ကြစမ်းပါ။
သမထ ဝိပဿနာဘာဝနာ ကုသိုလ်တရားတို့၌
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ
မနေထိုင်ကြပါကုန်လင့်။ နောင်သောအခါ
သေခါနီးကာလကျမှ မကောင်းတဲ့ အာရုံနိမိတ်တွေ
ထင်လာတဲ့အတွက်
``ငါတော့ မှားခဲ့လေပြီ ဟု
စိတ်နှလုံး မသာမယာ မဖြစ်ကြပါ ကုန်လင့်။´´
ဒီအဆုံးအမကတော့ သင်ချစ်သားတို့အတွက်
ငါဘုရားရှင်​က ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ
ဆိုဆုံးမနေတဲ့ အဆုံးအမ
``အနုသာသနီ´´ ​ပေတည်း။
ဒီလို ဘုရားရှင်က ထပ်ကာထပ်ကာ
တိုက်တွန်းတော်မူခဲ့ပါတယ်။

#ဥပဓိဝိဝေက
ဥပဓိ လေးဖြာတို့မှ ကင်းဆိတ်နေတဲ့ နိဗ္ဗာန်တရားတော်မြတ်ကို ဥပဓိ ဝိဝေကလို့
ခေါ်ဆိုပါ၏။
ဥပဓိ လေးဖြာဆိုတာကတော့
ကာမူပဓိ၊ ခန္ဓူပဓိ၊ ကိလေသူပဓိ၊
အဘိသင်္ခါရူပဓိတို့ ဖြစ်ကြ၏။

ကာမူပဓိ။
--------------
အဆင်း အသံ အနံ့ အရသာ အတွေ့အထိလို့
ခေါ်ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ---- ယင်းအာရုံအသီးအသီးတို့အပေါ်၌ တွယ်တာ
မက်မောမှု သာယာနှစ်သက်မှု ကာမတဏှာလျှင်
အကြောင်းရင်းခံ ရှိနေတဲ့ ဝမ်းမြောက်ဝမ်းသာ
ခံစားမှု သောမနဿ (သုခဝေဒနာ)၏
တည်ရာဖြစ်၍``ကာမူပဓိ´´ ဟု ခေါ်၏။

ခန္ဓူပဓိ။
-----------
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ---- ယင်းခန္ဓာလျှင်
အကြောင်းရင်းခံ ရှိနေတဲ့ ပဋိသန္ဓေတည်နေရခြင်း
ဇာတိဒုက္ခ၊
အိုရခြင်း ဇရာဒုက္ခ၊
ဖျားနာရခြင်း ဗျာဓိဒုက္ခ၊
သေကျေပျက်စီးရခြင်း မရဏဒုက္ခ၊ အိုနာသေရေး ဒုက္ခဘေးမှ ကင်းဝေးရန်
အလိုရှိပါသော်လည်း တောင့်တပါသော်လည်း
အလိုရှိတိုင်း တောင့်တတိုင်း မရနိုင်သည့်​အတွက်
စိတ်ဆင်းရဲရခြင်းဒုက္ခ၊
ချစ်နှစ်သက်အပ်သည့်
သတ္တဝါသင်္ခါရတွေနှင့်
ကွေကွင်းခွဲခွာရ၍ ဖြစ်ပေါ်လာသည့်​ စိတ်ဆင်းရဲရခြင်း
ဒုက္ခ၊
မချစ်မနှစ်သက်အပ်သည့်​ သတ္တဝါ သင်္ခါရတွေနှင့်
ပေါင်းသင်းဆက်ဆံ နေရ၍ ဖြစ်ပေါ်လာရသည့်
စိတ်ဆင်းရဲရခြင်းဒုက္ခ၊
သက်ရှိ သက်မဲ့ ကာမဝတ္ထု အစုစုတွေ
ဖောက်ပြန်ပျက်စီးမှုကို အကြောင်းပြု၍
ဖြစ်ပေါ်လာတဲ့ စိုးရိမ် ရခြင်း သောက၊
ငိုကြွေးမြည်တမ်းရခြင်း ပရိဒေဝ၊
ကိုယ်ဆင်းရဲရခြင်း ဒုက္ခ၊
စိတ်ဆင်းရဲရခြင်း ဒေါမနဿ၊ ပြင်းစွာပူပန်ရခြင်း
ဥပါယာသဆိုတဲ့ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ရာဂမီး
ဒေါသမီး မောဟမီး စတဲ့ ကိလေသာ အပူမီးတွေရဲ့
လောင်မြိုက်မှုကြောင့် ဖြစ်ပေါ်လာရတဲ့
ဆင်းရဲဒုက္ခ.... ဒီဆင်းရဲဒုက္ခအဝဝတို့၏
တည်ရာဖြစ်၍ ``ခန္ဓူပဓိ´´ ဟု ခေါ်၏။

ကိလေသူပဓိ။
------------------
ဒိဋ္ဌ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာန စတဲ့
ကိလေသာတွေကိုလည်း  အပါယ်သံသရာ
ဝဋ်ဆင်းရဲသို့ ရောက်ခြင်း ရခြင်း၏ အကြောင်းရင်းစစ် ဧကန် ဖြစ်နေကြတဲ့အတွက် အပါယ်သံသရာဝဋ်ဆင်းရဲဒုက္ခအဝဝတို့ရဲ့
တည်ရာဖြစ်၍ ``ကိလေသူပဓိ´´ဟု ခေါ်၏။

အဘိသင်္ခါရူပဓိ။
----------------------
ကုသိုလ်သင်္ခါရ အကုသိုလ်သင်္ခါရတရားတွေ
ွဟာလည်း ဘဝသစ်ကို ဖြစ်ပေါ်လာအောင်
ပြုပြင်တည်ထောင်ပေးတတ်သည့်​ တရားတွေ
ဖြစ်ခြင်းကြောင့် အဘိသင်္ခါရတရား ဟု
ခေါ်၏။
ထို့ကြောင့်  ကုသိုလ်အဘိ သင်္ခါရတရား အကုသိုလ်အဘိသင်္ခါရတရားတွေကိုလည်း ဘဝဒုက္ခ သံသရာ ဝဋ်ဒုက္ခအဝဝတို့၏
တည်ရာဖြစ်၍ ``အဘိသင်္ခါရူပဓိ´´ ဟု ခေါ်၏။
နိဗ္ဗာန်တရားတော်မြတ်၌
``ဥပဓိ´´လေးပါးတို့သည်
မတည်ရှိကြ​ပေ။
ဥပဓိလေးပါးတို့မှ အမြဲတမ်း ကင်းဆိတ်လျက်
ရှိနေ၏။ ထို့ကြောင့် ဒီနိဗ္ဗာန်တရားတော်မြတ်ကို
ဥပဓိဝိဝေကလို့ ခေါ်ဆိုပါ၏။

ဤသို့ ဥပဓိလေးပါးတို့မှ ကင်းဆိတ်ရာဖြစ်​သည့်
နိဗ္ဗာန်တရားတော်မြတ်ကို အာရုံပြုလျက်
ဖလသမာပတ်တွေ ဝင်စားကာ နေထိုင်ခြင်းကိုလည်း
ဘုရားရှင် က အလွန်နှစ်ခြိုက်တော်မူပါတယ်။
ဒီလို ဥပဓိဝိဝေကနှင့် ဆက်စပ်နေတဲ့ တရားစကားတွေကို
ဆွေးနွေးနေခြင်း တိုင်ပင်နေခြင်း ပြောကြားနေခြင်း
ကိုလည်း ဘုရားရှင်က ကြည်ဖြူစွာ
ခွင့်ပြုတော်မူလျက်ပင် ရှိနေပါတယ်။
▬▬▬▬▬▬▬▬▬▬
ဝိဝေက အခေါ်အဝေါ်များ
ဝိဝေကတရား ၃ပါး

၁။ ကာယ၀ိဝေက။
ကိုယ်၏ ဆိတ်ငြိမ်ခြင်းဟု
ဆိုအပ်သော အပေါင်းအသင်း တပည့်သားမြေး
ကာမဂုဏ်တရားတို့မှ ကင်းကွာစွာ နေခြင်းမျိုး။

၂။ စိတ္တ၀ိဝေက။
စိတ်၏ ဆိတ်ငြိမ်ခြင်းဟု
ဆိုအပ်သောသမာပတ်ရှစ်ပါး ၀င်စားခြင်း၊
သမာဓိအလုပ်တရား ကမ္မဋ္ဌာန်းအားထုတ် နေခြင်းမျိုး။

၃။ ဥပဓိ ၀ိဝေက။
သန္တိသုခအေးမြ ဆိတ်ငြိမ်ရာ
နိဗ္ဗာန်တရားမြတ်ကို ဖိုလ်စိတ်ဖြင့် ၀င်စားကာ
အာရုံပြုနေခြင်းမျိုး။

{ မူလပဏ္ဏာသ ။ပါ။ ၁၉၉ ။ဋ္ဌ။ ဒု-အုပ်။ ၄၉-၌အကျယ်ရှုပါ။ }
{ ပဋိသမ္ဘိဒါမဂ် ဒု-အုပ်၊ ပည၀ဂ္ဂ ၃၀၆-၌ ရှုပါ။ }

ကိလေသာတို့မှ ဆိတ်သုဉ်းခြင်း တရားမျိုး ၃-ပါး
~~~~~~~~~~~~~~~~~
၁။ တဒင်္ဂ၀ိဝေက။
၂။ သမုစ္ဆေဒ ၀ိဝေက။
၃။ နိဿရဏ ၀ိဝေက။
အဓိပ္ပါယ်``ပဟာန်ငါးပါး´´နှင့် တူ၏။

ဝိဝေကတရား မျိုး ၅-ပါး၊ တနည်း။
•••••••••••••••••••••••••••
၁။ တဒင်္ဂ၀ိဝေက။
၂။ ၀ိက္ခ မ္ဘန၀ိဝေက။
၃။ သမုစ္ဆေဒ၀ိဝေက။
၎။ ပဋိပဿဒ္ဓိဝိဝေက။
၅။ နိဿရဏ၀ိဝေက။
အဓိပ္ပါယ် ``ပဟာန် ၅ပါး´´နှင့် တူ၏။

ပဟာန် ၅ပါး။
•••••••••••••••
၁။ တဒင်္ဂပဟာန်။
ကာမကုသိုလ် တရားစုဖြင့်
ပြုဆဲခဏ၌ ပယ်ခြင်း။

၂။ ၀ိက္ခ မ္ဘနပဟာန်။ မဟဂ္ဂုတ်ကုသိုလ်စုဖြင့်
ခေါင်းပါးအောင် ပြုခြင်း။

၃။ သမုစ္ဆေဒပဟာန်။ မဂ်ကုသိုလ်စုဖြင့်
မြစ်​ပြတ်ပယ်ခြင်း။

၎။ ပဋိပဿဓိပဟာန်။ ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှုပြုခြင်း။

၅။ နိဿရဏပဟာန်။
ပရိနိဗ္ဗာန ဓာတ်ဖြင့်
ဖြတ်တောက် ထွက်မြောက်သွားခြင်း။

ဓမ္မသင်္ဂဏီပါဠိတော် ၂၀၈။ ၎င်းအဋ္ဌကထာ ၃၈၆။
ပဋိသမ္ဘိဒါမဂ် ။ပါ။ ၁၃၇။ဋ္ဌ။ဒု-အုပ်။
                  Ashin Pan Tita.                   ကမ္မဝါဒီ

1 comment:


  1. Read online Urdu Digests,Urdu Books,Novels,Magazines,Safarnama,Islamic Books,Education Books,imran series mazhar kaleem And Much More https://zubiweb.org

    ReplyDelete