Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Wednesday, June 7, 2017

ဗိုလ်ဆိုတာ

ဗိုလ်ဆိုတာ

     ဗိုလ်ဆိုတာသည် ပါဠိဝေါဟာရအရ "ဗလ"မှ ဆင်းသက်လာခြင်း ဖြစ်၏။ "ဗလ"၏ အဓိပ္ပါယ်သည် ဆန့်ကျင်ဘက်ရန်သူကို ချေမုန်းနိုင်စွမ်းသော သတ္တိ (စိတ်စွမ်းအား/ကာယခွန်အား) သဘောရ၏။

     ဗိုလ် (၅) ပါးရှိသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ဟောခဲ့ခြင်း ဖြစ်၏။
(၁) သဒ္ဒါ (ယုံကြည်ချက်)
(၂) သတိ (စိတ်မြဲမြံမှု)
(၃) သမာဓိ (စိတ်တည်ကြည်မှု)
(၄) ဝီရိယ (အားထုတ်မှု)
(၅) ပညာ (မြော်မြင်နိုင်စွမ်း)

(၁) သဒ္ဒါကို သာယာမှုဆိုသည့် (တဏှာ)က ဖျက်ဆီးတတ်၏။ ဥပမာ| အများကောင်းစားရေးဝါဒနဲ့ တည်ဆောက်မည်လို့ ယုံကြည်ချက်ဖြင့် လုပ်ခဲ့သော်လည်း စည်းစိမ်တွေ သာယာစရာတွေ ကြုံတွေ့ ခံစားရလာတဲ့အခါ ယစ်မှုးသာယာပြီး သဒ္ဒါဆိုသည့် ယုံကြည်ချက်သည် လျော့ရဲပေါ့ပျက် လာတတ်သည်။

(၂) သတိကို ပေါ့လျော့မှုဆိုသည့် (မုဌသစ္စာ)က ဖျက်တတ်၏။

(၃) သမာဓိကို ပျံ့လွင့်မှုဆိုသည့် (ဝိက္ခေပက)က ဖျက်တတ်၏။

(၄) ဝီရိယကို ပျင်းရိခြင်းဆိုသည့် (ကောသဇ္ဇ)က ဖျက်တတ်၏။

(၅) ပညာကို မှုန်မှိုင်း မဝေခွဲနိုင်မှုဆိုသည့် (သမ္မေဟ) က ဖျက်တတ်သည်။

အိန္ဒိယ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီက "သင်ကိုယ်တိုင်မှတစ်ပါး မည်သူကမျှ သင့်ကို အန္တရာယ် မပေးနိုင်ချေ" မိန့်ဆိုချက်ကို ကြားသိဖူး၏။

ဒုတိယကမ္ဘာစစ်မှ ဂျပန်တွေ လက်နက်ချတာကို လက်ခံယူတဲ့ အောင်ပွဲခံ ဗိုလ်ချုပ်ကြီး မက်အောသာက ပြောခဲ့ဖူးသည်မှာ
" Build up to be a man who will master himself before he seeks to master other men. "
"တစ်ခြားသူများ အပေါ် အနိုင်မယူခင် မိမိကိုယ်ကို အစဉ်အောင်နိုင်သူ ဖြစ်အောင် ပထမတည်ဆောက်ပါ"

     အနောက်တိုင်းစစ်တက္ကသိုလ်တွင် မိမိကိုယ်ကို ထိန်းချုပ်မှု (Self Control) ၊ မိမိကိုယ် ပျိုးထောင်မှု (Self Cultivation) ဆိုတဲ့ အချက်တွေကို အခြေခံပြီး လေ့ကျင့်သင်ကြားကြ၏။

    ခေါင်းဆောင်ဆိုသည် ကိုယ့်ကိုယ့်ကို ဆုံးမနိုင်တဲ့သူ ၊ ငယ်သားဆိုသည်ကား အထိန်းအကွပ်ကို ကိုယ့်ဘာသာမလုပ်နိုင်၍ သူတစ်ပါးသြဇာပေးခြင်းကို တောင်းဆိုတဲ့လူပင်။

      ကိုယ့်ကိုဗိုလ်ငါးပါး ပြည့်စုံအောင် ထိန်းသိမ်းရမည်။ ပျိုးထောင်ရမည်။ မိမိကိုယ်ကို ထိန်းသိမ်းပဲ့ပြင်သည့်သူ၊ မိမိဆန္ဒ အလိုတွေကို အလိုမလိုက်တတ်သည့်သူမှသာ တစ်ပါးသူကို ဆရာလုပ်နိုင်မည်။ အုပ်ချုပ် နိုင်မည်။


သင်္ဂဟဗိုလ် 


      သင်္ဂဟဗိုလ် (၄) ပါးရှိ၏။ ပူပင်ကြောင့်ကြမှု အမျိုးမျိုးကို ကာကွယ်တားဆီးနိုင်ခြင်း ဟု အဓိပ္ပါယ်ဆောင်၏။

(၁) သမာနတ္တတာ = (ကိုယ်ချင်းစာစိတ်ထားရြှိခင်း)
ဒါသည် ရန်ကင်း၏၊ အေးချမ်း၏၊ ကြောင့်ကြခပ်သိမ်း လက်တွေ့ငြိမ်းစေနိုင်တဲ့ ဗိုလ်ဖြစ်သည်။


(၂) ဝေယျဝဇ္ဇ = (သူတစ်ပါးအကျိုးရှေးရှုပြီး သူတစ်ဖက်သား
 နားဝင်ချိုသာအောင် ပြောဆိုခြင်း)
ဒါသည်လည်း စွမ်းအား တစ်ခုမည်၏၊ ရန်လည်းအောင်စေ၏။

(၃) အတ္တာစရိယ = ( မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သူတစ်ပါး အကျိုးကိုဆောင်ခြင်း)
ရဲဘော်သည် တိုင်းပြည်အတွက်ဆိုတဲ့ဆောင်ပုဒ်နှင့် အနစ်နာခံကြခြင်းဖြစ်သည်။ ဤသည်မှာ ဗိုလ် ပီသတဲ့ စည်းရုံးရေးစွမ်းရည် ဖြစ်၏။

(၄) ဒါန = (အများအကျိုးအတွက် လုပ်အား၊ ဉာဏ်အား ပညာ ဥစ္စာ စသည့်အရာပေးခြင်း)


    သင်္ဂဟဗိုလ်လေးပါးနှင့် ပြည့်စုံသူသည် ပူပင်သောက ကင်ဝေးရပြီး အကြောက်တရားလည်း မရှိတော့သဖြင့် ရဲရင့်တည်ငြိမ်လာမည်။

       ကျွန်ုပ်ဆိုလိုသည်မှာ စစ်ဗိုလ်၊ ဒုရဲအုပ် ဖြစ်ရမည်ထက် ကိုယ့်ဘဝကို ကိုယ်တိုင် ဗိုလ်ဖြစ်အောင် ထူထောင် တည်ဆောက်ရမည်က ပိုပြီး လိုအပ်လှပါသည်။




ကိုးကား ( ဗုဒ္ဓအဘိဓမ္မာ၊ ချစ်နိုင်-စိတ်ပညာ)

ကမ္မဝါဒီမှ စာဖတ်သူသို့............
www.bomgsaw.blogspot.com 

No comments:

Post a Comment