Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Friday, January 29, 2016

“အရှင်သီဝလိမထေရ် နှင့် မယ်တော်သုပ္ပဝါသ မင်းသမီးတို့၏ဝဋ်ကြွေး”

“အရှင်သီဝလိမထေရ် နှင့် မယ်တော်သုပ္ပဝါသ မင်းသမီးတို့၏ဝဋ်ကြွေး”
•••••••••••••••••••••••••••••••••••••••••
သုပ္ပဝါသမင်းသမီးသည် ကောလိယအမျိုးအနွယ်
မင်းသား၏ ဇနီးသည်တစ်ဦး ဖြစ်သည်။
သုပ္ပဝါသမင်းသမီးသည် ဘုရားရှင်နှင့် သံဃာတော်များကို
အလွန် ကြည်ညိုမြတ်နိုးပြီး မကြာခဏလည်း
အလှူပေးလေ့ရှိပါသည်။

သုပ္ပဝါသမင်းသမီးသည် အရှင်သီဝလိမထေရ်လောင်းကို
(၇)နှစ်(၇)ရက် ဝမ်း၌လွယ်၍ မွေးဖွားခဲ့ရသည်။

အရှင်သီဝလိ မမွေးခင် မယ်တော်သည်
(၇)ရက်ပတ်လုံး မီးမဖွားနိုင်သဖြင့် မိန်းမော
တွေဝေခြင်း ဖြစ်ခဲ့ရသည်။

သုပ္ပဝါသမင်းသမီးသည် ကိုယ်ဝန်ဆောင်ဒုက္ခကို
ခံစားနေရသည်။

“အကြင်ဘုရားရှင်သည် ဤသို့သဘောရှိသော
ဒုက္ခမျိုးကို ပယ်ဖို့ရာ တရားဟောတော်မူ၏။
ထိုဘုရားရှင်သည် မဖောက်မပြန် အလုံးစုံသော
တရားတို့ကို ကိုယ်တိုင် သိမြင်တော်မူပါ၏။”

“အကြောင်းအရိယာရှစ်ဖေါ် သံဃာတော်တို့သည်
ဤသို့ သဘောရှိသော ဒုက္ခမျိုးကိုပယ်ရန်
ကျင့်တော်မူ၏။ ထိုဘုရားရှင်၏တပည့်ဖြစ်သော
သံဃာတော်သည် အမှန်ကောင်းစွာကျင့်သော
သံဃာတော်အစစ် ဖြစ်ပါ၏။”

“အကြင်နိဗ္ဗာန်သည် ဤသို့သဘောရှိသော
ဒုက္ခမျိုးမရှိပါပေ။ထိုနိဗ္ဗာန်သည် စင်စစ်
အလွန်ချမ်းသာပါပေ၏”

“အကြင်နိဗ္ဗာန်သည် ဤသို့သဘောရှိသော ဒုက္ခမျိုး
မရှိပေ။ထိုနိဗ္ဗာန်သည် စင်စစ် အလွန်ချမ်းသာပါပေ၏။”

ဟူ၍ဘုရား၊ တရား၊ သံဃာရတနာသုံးပါးကို
အာရုံပြုလျက် ဝေဒနာကို သည်းခံလေသည်။
သို့အတွက် ဝမ်းနာ ဝေဒနာ အတော်အတန်
သက်သာလေသည်။

အရှင်သီဝလိလောင်းသည်လည်း မိခင်၏
ယောနိဝတွင် (၇)ရက်လုံးလုံး
“လောဟကုမ္ဘိငရဲ” တစ်မျှ ဆင်းရဲစွာ ခံစားရသည်။

ထိုမထေရ်သည် မွေးဖွားပြီးနောက် အသက်(၇)နှစ်
အရွယ်တွင် သာသနာ့ဘောင်သို့ဝင်ခဲ့ပြီး ရဟန္တာဖြစ်ခဲ့သည်။
ဘုရားရှင်သာသနာတော်ဝယ် လာဘ်လာဘ
ပေါကြွယ်ဝသောအရာ၌ အသာဆုံး၊အမြတ်ဆုံး
ဧတဒဂ်ဘွဲ့ပေးခံရသည်။

“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬
လွန်လေပြီးသော အတိတ်ဘဝတစ်ခု၌
အရှင်သီဝလိမထေရ်နှင့် သုပ္ပဝါသမင်းသမီးတို့သည်
ဗာရာဏသီမင်း၏ မိဖုရားနှင့် သားတော် ဖြစ်ခဲ့ဖူးသည်။

တစ်ချိန်သောအခါတွင် ကောသလမင်းကြီးသည်
စစ်တပ်အလုံးအရင်းဖြင့် ဗာရာဏသီပြည်ကို
လုယက်တိုက်ခိုက်လာသည်။ ကောသလမင်းကြီးသည်
ဗာရာဏသီပြည်ကို တိုက်ခိုက်အောင်မြင်ပြီး၊
ဗာရာဏသီမင်းကိုသတ်ပြီး မိဖုရားကြီးကို
သိမ်းပိုက်ကာ မိဖုရားခေါင်းရာထူး၌ထားကာ
အုပ်စိုးလေသည်။

ဗာရာဏသီမင်း၏သားတော်သည် ခမည်းတော်စစ်ရှုံး၍
နတ်ရွာစံသောအခါ ရေထုတ်ပြွန်ပေါက်မှတစ်ဆင့်
ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။

ထိုမင်းသားသည် အရပ်တစ်ပါး၌ တိမ်းရှောင်နေရင်း
နောက်လိုက်ဗိုလ်ပါ အလုံးအရင်းကို စုဆောင်း
သိမ်းသွင်း၍ နေခဲ့သည်။

အလုံးအရင်းရလာသောအခါ ဗာရာဏသီပြည်သို့
ပြန်လာပြီး မြို့ကိုဝိုင်းကာ “ထီးနန်းကို ပြန်အပ်မည်လော။
စစ်ကိုတိုက်မည်လော”ဟု ကောသလမင်းထံ
ရာဇသံပေးလေသည်။

သားတော်က ဗာရာဏသီကို လာဝိုင်းသည်ကိုသိသော
မယ်တော်မိဖုရားကြီးသည် စစ်တိုက်လျှင် ပြည်သူအများ
သေကြေဒုက္ခရောက်မည်။ထို့ကြောင့် စစ်မတိုက်ဘဲ
မြို့ကို အစာရေစာရိက္ခာ အဆက်အသွယ်ဖြတ်
ပိတ်ဆို့ဝိုင်းရံထားရန် လျှို့ဝှက်စာဖြင့် အကြံပေးလေသည်။

မင်းသားသည် “မယ်တော်”အကြံပေးသည့်အတိုင်း
မြို့တံခါးလေးဘက်တို့ကို အဝင်အထွက်
မရှိရလေအောင် ပိတ်ဆို့ထားလေသည်။

ခုနစ်နှစ်ကြာအောင် မြို့ကို ပိတ်ဆို့
တားဆီးထားသော်လည်း မြို့သူမြို့သားတို့သည်
တံခါးပေါက်ငယ်များမှထွက်၍ မြက်၊ ထင်း၊
အစာရေစာတို့ကို မြို့တွင်းသွင်းသဖြင့် မြို့တွင်းမှာ
အစာရေစာမပြတ်ဘဲ ကြံ့ကြံ့ခံနေလေသည်။

ထိုအကြောင်းကို မယ်တော်ကသိ၍ တံခါးငယ်များကိုပါ
ပိတ်ဆို့ရန် ထပ်မံ အကြံပေးသည်။

မယ်တော်မိဖုရားကြီး၏ လျှို့ဝှက်အကြံပေးချက်အရ
မြို့၏တံခါးပေါက်ငယ်များကိုပါ ထပ်မံ ပိတ်ဆို့
ထားလိုက်သောအခါ မြို့သူမြို့သားတို့သည်
(၇)ရက်တိတိ ကြီးစွာသောဆင်းရဲကို
ခံစားကြရလေသည်။

ခုနစ်ရက်ပြည့်သောအခါ မြို့သူမြို့သားတို့သည်
ကောသလမင်းကြီး၏ ဦးခေါင်းကိုဖြတ်၍ မင်းသားထံ
ဆက်သကြလေသည်။ ထိုအခါ မင်းသားသည်
ဗာရာဏသီပြည်ကို သိမ်းပိုက်၍ မင်းပြုလေသည်။

ထိုကဲ့သို့ မယ်တော်အကြံပေးချက်ကြောင့် သားတော်က
ဗာရာဏသီမြို့ကို (၇)နှစ်(၇)ရက်ပတ်လုံး
အစာရေစာပိတ်ဆို့ထားခဲ့ဖူးသော မကောင်းမှု
အကုသိုလ်ကံကြောင့် အရှင်သီဝလိမထေရ်နှင့်
မယ်တော်သုပ္ပဝါသ တို့သည်
“(၇)နှစ် ကိုယ်ဝန်ဆောင်ရခြင်း၊
အောင်းရခြင်းနှင့် (၇)ရက် မိန်းမောတွေဝေရခြင်း”
ဟူသော ဝဋ်ကို ပြန်လည်ခံရလေသည်။

အကြံပေးသူသည် ကိုယ်တိုင်မပြုလုပ်သော်လည်း
မနောကံ၊ ဝစီကံတို့ဖြင့် မကောင်းမှုကို တိုက်တွန်းခဲ့၏။
ထိုအကျိုးကို မုချခံစားရမည်သာ ဖြစ်ပါသည်။ ။

No comments:

Post a Comment