ရည်စူးကုသိုလ်သေလွန်သွားပြီးတဲ့နောက် - - -
ကုသိုလ်အကျိုးပေးကြောင့် လူဖြစ်သွားတယ်၊နတ်ဖြစ်သွားတယ်ဆိုရင်
ဒါမှမဟုတ် အကုသိုလ် အကျိုးပေးကြောင့် ငရဲကျသွားတယ်၊တိရစ္ဆာန် ဖြစ်သွား တယ်ဆိုရင်
ကျန်ရစ်သူတွေက သူ့အတွက်ရည်စူးပြိးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို သူလုံးဝခံစားခွင့်မရှိတော့ပါဘူး ............
တကယ်လို့ အကုသိုလ်အကျိုးပေးတစ်ခုခုကြောင့်" ပြိတ္တာဘုံ "ဘ၀သို့ ရောက် သွားမယ်ဆိုရင်တော့ ကျန်ရစ်သူတွေက သူ့အတွက် ရည်စူးပြီးပြုတဲ့ ကုသိုလ်ရဲ့ အကျိုးကို အကြောင်းညီညွတ်မယ်ဆိုရင် သူ အပြည့်အ၀ ခံစားခွင့်ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် ရည်စူးပြီး ကုသိုလ်ပြုနေတာကို အကြောင်း ညီညွတ်ရင် သူသိနိုင်လို့ပါပဲ။
ပြိတ္တာဘုံဘ၀ ရောက်တိုင်းလည်း ရည်စူးကုသိုလ်ရဲ့  အကျိုးကို ခံစားခွင့်ရှိတာ မဟုတ်ပါဘူး။
ခုပ္ပိပါသိက ပြိတ္တာ -ထမင်းဆာလောင်ခြင်း၊ရေမွတ် သိပ်ခြင်းတို့ရဲ့ နှိပ်စက် မှုဒဏ်ကို အမြဲမပြတ် ခံနေရတဲ့ " အငတ်ခံ ပြိတ္တာ"
နိဇ္ဈာမတဏှိက ပြိတ္တာ - ပူပြင်းတဲ့ မီးတောက်မီးလျှံတွေရဲ့  လောင်ကျွမ်းဝါးမြိုက် မှုဒဏ်ကို အကြားမလပ်ခံနေရတဲ့ "အလောင်ခံ ပြိတ္တာ"
ကာလကဉ္စိက ပြိတ္တာ - အသူရကာယ်လို့ သီးခြားခေါ် တဲ့ " အကြီးစားပြိတ္တာ"တွေ က ပြိတ္တာဖြစ်ပေ မယ့် ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်း မရှိကြတဲ့အတွက် ရည်စူးကုသိုလ်ရဲ့ အကျိုးကို ဘာမှ ခံစားခွင့်မရှိပါဘူး။
သူတစ်ပါးတို့ပေးတဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်နေရတဲ့" အပေးခံ ပြိတ္တာ"(ပရဒတ္တုပဇိဝိ က ပြိတ္တာ) တစ်မျိုးတည်းသာ ရည်စူးကုသိုလ်ကို သာဓုခေါ်နိုင်စွမ်းရှိတဲ့အတွက် ရည်စူးကုသိုလ်ရဲ့ အကျိုးကို ခံစားခွင့်ရှိပါတယ်။
ဒီအပေးခံပြိတ္တာမျိုးကို " ဝေမာနိက ပြိတ္တာ"(ဗိမာန်ရှင် ပြိတ္တာ)လို့ အများက သိကြပါတယ်။
ရည်စူးကုသိုလ်တစ်ခုက အရည်စူးခံ ပုဂ္ဂိုလ်ကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အင်္ဂါ(ငါးချက်)နဲ့ ပြည့်စုံ ဖို့ လိုအပ်ပါတယ်.......
(၁) အလှူခံပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလစတဲ့ သူတော်ကောင်းဂုဏ်နဲ့ ပြည့်စုံသူ ဖြစ်ရမယ်။
(၂) အလှူပေးပုဂ္ဂိုလ်ရဲ့  သန္တာန်မှာ " ဒီကုသိုလ်ဟာ တမလွန်ဘ၀ ပြောင်းသွားတဲ့ ဘယ်သူ့ အတွက် ရည်စူးပါတယ်"လို့ ရည်စူးစိတ်ထား အတိအကျရှိရမယ်။
(၃) လှူဖွယ်ပစ္စည်း အမျိုးအစား စုံလင်ရမယ်။
(၄) အလှူပေးပုဂ္ဂိုလ်က မိမိရည်စူးတဲ့ပုဂ္ဂိုလ်ကို ကုသိုလ်အမျှအတန်း ပေးဝေရမည်။
(၅) တမလွန်ဘ၀မှ အရည်စူးခံပုဂ္ဂိုလ်က ရည်စူးကုသိုလ်ကို ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ရမယ်။
ဒီ-အင်္ဂါ(၅)ချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ သာဓုခေါ်လိုက်တာနဲ့ တစ်ပြိုင်နက် အလှူပွဲမှာ ပါဝင်လှူဒါန်း ထားတဲ့ပစ္စည်းတွေနဲ့ နာမည်သာတူပြီး သာလွန်ကောင်းမွန်တဲ့ ပစ္စည်းပေါင်းများစွာကို တမလွန် ဘ၀က အရည်စူးခံ ပုဂ္ဂိုလ် သေချာပေါက် ရရှိခံစားရပါတော့မယ်။
"အမည်တူ" " အမျိုးကောင်း" ပစ္စည်းတွေကို "အဆတိုး" ခံစားရတယ် ဆိုပါတော့ ....
သေလွန်သူကို ရည်စူးတဲ့ အလှူပွဲတစ်ခုမှာ အောက်ထစ်ဆုံးအားဖြင့်
စာစရာအတွက် - ဆွမ်းတစ်ပန်ကန်(သို့)မုန့်တစ်ခု
သောက်စရာအတွက် - ရေတစ်ဖန်ခွက်
ဝတ်ရုံစရာ အ၀တ်အထည်အတွက် - လက်သုတ်ပ၀ါတစ်ထည်(သို့) လက်ကိုင်ပ၀ါတစ်ထည်
ခိုစရာဆောင်းစရာအတွက် - ထီးတစ်လက်(သို့)ယပ်တောင်တစ်ချောင်း
စီးနင်းသွားစရာ ယာဉ်အတွက် - ဖိနပ်တစ်ရံ
အနည်းဆုံး လှူဖွယ်ပစ္စည်း ငါးမျိုး ပါဝင်ရပါမယ်။ဒါမှ စားရေး သောက်ရေး ၀တ်ရေး နေရေး သွားလာရေး အဆင်ပြေသွားမှာပါ။
ကျန်းမာရေးပါ ပြည့်စုံသွားအောင် လျက်ဆားတစ်ထုပ်လောက် ထည့်ချင်ထည့်လိုက်ပါဦး။
မိမိကို ရည်စူးပြီးပြုတဲ့ အလှူဒါနအမျှအတန်းကို သာဓုခေါ်တဲ့ ပြိတ္တာတစ်ဦးဟာ ပြိတ္တာဘ၀က ကျွတ်လွတ်ထိုက်တဲ့ ကံပါရင် သာဓုခေါ်ပြီးတာနဲ့ တစ်ပြိုင်နက် ပြိတ္တာဘ၀က ကျွတ်လွတ်ပြီး ကံအားလျှော်စွာ နတ်ပြည်၊လူ့ပြည် ရောက်သွားနိုင်ပါတယ်။
ကျွတ်လွတ်ထိုက်တဲ့ကံ မပါသေးဘူးဆိုရင်တော့ ပြိတ္တာဘ၀မှာပဲ ကျန်ရစ်သူ လူတွေ လှူဒါန်းပေးတဲ့ ပစ္စည်းတွေနဲ့ အလားတူ အမည်တူ အမျိုးကောင်း အဆတိုး ပစ္စည်းတွေကို သုံးဆောင်ခံစားခွင့်ရ သွားပါတယ်။
ပြိတ္တာနွယ်ဖွား တမလွန်သူ တမလွန်သားတွေကို ဘာပစ္စည်းပေးပေး တိုက်ရိုက်ပေးလို့မရပါဘူး။ လက်နဲ့ကိုင်ပြီးပဲ ဖြစ်ဖြစ်၊စားပွဲပေါ်၊စင်ပေါ်၊အုတ်ဂူပေါ်သွားတင်ပြီးပဲဖြစ်ဖြစ်၊ပုံစံတူ ပစ္စည်းအတုတွေ စက္ကူတွေကို မီးရှို့ ပြီးပဲဖြစ်ဖြစ် လုံးဝပေးလို့မရပါဘူး။
ပေးလို့ရတယ် လို့ ယုံကြည်ပြီးပေးလည်း အဲဒီယုံကြည်မှုဟာ တလွှဲယုံကြည်မှု (အယူလွဲမှု) မျှ သာ ဖြစ်တဲ့အတွက် အချိန်ကုန် လူပန်း ငွေခန်းရုံက လွဲလို့ ဘာအကျိုးမှ မရှိပါဘူး။ ယုံတိုင်း ဖြစ် တာမှ မဟုတ်ဘဲ ...
ဒါကြောင့် - - - တမလွန်ရောက် ကျေးဇူ့ရှင်တွေကို တကယ်ကျေးဇူ့ဆပ်ချင်တယ်၊တမလွန်ရောက် ချစ်ခင်သူတွေကို တကယ် အကျိုးရစေချင်တယ်ဆိုရင် လွဲမှားတဲ့ ပေးနည်းမျိုးတွေကို ရှောင်ကြဉ်ပြီး သူတော်ကောင်းဂုဏ် နဲ့ ပြည့်စုံတဲ့ ရဟန်း သံဃာ (သို့) လူဝတ်ကြောင်တွေကို မိမိ ပေးလိုရာ ပစ္စည်းများ ပေးလှူခြင်းဖြင့် ဒါန ကုသိုလ် ကို ကိုယ်က အရင်ရအောင်ယူပါ။
ပြီးမှ အဲဒီ့ ဒါနကုသိုလ်ကို တမလွန်ရောက် ကိုယ့် ကျေးဇူ့ရှင် ကိုယ့် ချစ်ခင်သူတွေကို အတိအကျ ရည်မှန်းပြီး အမျှအတန်းပေးဝေလိုက်ပါ ...............လို့။
*** ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) ၏ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည် ***
No comments:
Post a Comment