Search This Blog
ကမ္မဝါဒီ
ကမ္မဝါဒီ
Thursday, February 11, 2016
ရဟန်း ပြိတ္တာ......
ရဟန်း ပြိတ္တာ......
မိမိကို ရှစ်ခိုးနေသော လက်ဆယ်ချောင်းသည် မီးအလျှံ လျှံတောက်လောင်နေသော လှံ ဆယ်ချေုာင်းဖြင့် ထိုးနေတာနှင့် တူလှပါသည်။
မိမိကို လှူဒါန်းလာသော သင်္ကန်းကို ၀တ်ရုံလိုက်သည့်အခါ မီးအလျှံလျှံတောက်လောင်နေသော သံပြားကြီးကို ၀တ်ရုံထားတာနှင့်တူလှပါသည်။
မိမိတို့ သုံးဆောင်နေသော ဆွမ်းကွမ်းများသည် မီးအလျှံလျှံတောက်လောင်နေသော သံရည်ပူတွေ နှင့်တူလှပါသည်။
ယခုစာရေးသူရေးမယ့် ဆောင်းပါးကတော့ လက္ခဏသံယုတ်(သံ၊ ၂၊ ၄၄၆-၄၄၉) မှာ ပါရှိတဲ့ ဇာတ်တော်များအနက် တစ်ခုဖြစ်ပါတယ်။ မည်သူ့ကိုမှ စောင်းမြောင်း ပြောဆိုခြင်း ရေးသားခြင်းမရှိပါဘူး၊ တိုက်ဆိုင်မှုဆိုတာတော့ ရှိတတ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့ နှင့် တိုက်ဆိုင်မှုကလေးများ ရှိခဲ့မယ်ဆိုရင် မြတ်စွာဘုရား တရားတော်မှာပါတဲ့ အတိုင်းသာရေးသားထား တာဖြစ်ကြောင်း ရိုးသားစွာဖြင့်...........
တစ်ချိန်တွင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီးတင်းသုံးစံနေတော်မူချိန် အရှင်လက္ခဏမထေရ်မြတ်ကြီးနှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ် ကြီးတို့သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးစံနေတော်မူကြ၏။ တစ်နေ့တွင် ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးသည် အရှင်လက္ခဏနှင့်အတူ ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံရန် အတွက် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာ၏။
ရဟန်း ပြိတ္တာ......
ထိုသို့ ဆင်းသက်တော်မူလာစဉ် အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးသည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ၀င်စားတော်မူလျက် ကောင်းကင်သို့အာရုံယူကာ လှမ်းမျော်ကြည့်ရှု့တော်မူ လတ်သော် ကောင်းကင်ယံ တွင်အရိုးစုပြိတ္တာစသည့် ပြိတ္တာတို့ကို မြင်တော်မူလေသော် ဖြေးညင်းစွာဖြင့် ပြုံးရယ်တော်မူလေသည်။ ထိုသို့တွေ့မြင်ရသည့်အခါ သနားကရုဏာဖြစ်သင့်ပြုသင့်ပါလျက် အဘယ်ကြောင့် ပြုံးရယ်တော်မူသနည်းဟုမေး သည်ရှိသော် မိမိ၏ပြည့်စုံမှု သမ္ပတ္တိကို၎င်း ဘုရားရှင်၏ ပြည့်စုံမှုသမ္ပတ္တိကို၎င်း အဖန်ဖန်အောက်မေ့ အမှတ်ရ သော ကြောင့် ပြုံးရယ်တော်မူခြင်းဖြစ်၏။ ရဟန္တာအရှင်မြတ်တို့သည် အကြောင်းထူးတစ်ခုခုမရှိပဲ ပြုံးရယ်မှုကို ပြုတော်မမှု ထိုသို့ပြုံးတော်မူသည်ကို မြင်တော်မူသော အရှင်လက္ခဏမထေရ်မြတ်က မေးတော်မူ၏၊
ဒီနေရာလေးမှာ မှတ်သားရမှာက အရှင်လက္ခဏ မထေရ်မြတ်ကတန်ခိုးမရှိလို့မမြင်တာလားလို့မေးစရာရှိတယ်။ မဟုတ်ပါဘူး အရှင်လက္ခဏမထေရ်က ဆင်ခြင်တော်မမူသောကြောင့် မမြင်ရခြင်း ၊ မတွေ့ရခြင်းဖြစ်တယ်။ အရှင်မဟာမောဂ္ဂလ္လလာန်က ငါ့ရှင် ဘုရား ထံတော်မှောက်သို့ရောက်ရှိမှ မေးတော်မူပါဟု လျှောက်ထားပြောဆိုလိုက်၏။ ထို့နောက် ရဟန္တာအရှင်မြတ်ကြီးနှစ်ပါး တို့သည် ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားခြင်းကိစ္စပြု လုပ်ပြီးနောက် ဆွမ်းစားဇရပ်မှဖဲခွာလာကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှစ်ခိုးလျက် တစ်ခုသော နေရာ၍ ထိုင်နေကြပြီးသော် အရှင်လက္ခဏမထေရ်မြတ်က အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်အား လမ်းမှာ ပြုံးရယ်တော်မူခြင်း၏ အကြောင်းကို မေးမြန်းလျှောက်ထားတော်မူလိုက်၏။ အရှင်ဘုရား တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာ တွေကို မြင်ရပါ၏၊ ထို အရိုးစုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏၊ ထိုသို့ ဆင်းရဲစွာခံစားနေရရှာသည့် ပြိတ္တာများကြားထဲ မှာဘုရားတပည့်တော် မထင်မှတ်ပဲ အံ့သြစွာ ရဟန်းပြိတ္တာကို မြင်တွေ့လိုက်ရပါသည်ဘုရား၊ ထိုရဟန်းပြိတ္တာသည် ဒုကုဋ်သင်္ကန်း သပိတ် ခါးပန်းကြိုးနှင့် ခန္ဓာကိုယ်တို့သည်မီးအလျှံ ပြောင်ပြောင်တောက်လောင်နေကုန်၏၊ ထက်ဝန်းကျင် မီးတောက်မီးလျှံနှင့်တကွ မီးတောက်မီးလျှံတပြောင် ပြောင်တောက်လောင်နေ၏၊ ထို ပြိတ္တာရဟန်းသည် နာကျင်သောအသံကို ပြုလျက် အော်ဟစ်နေ ခြင်းအမှုကို ပြု၏။
အရှင်ဘုရား တပည့်တော်အား အံ့ဖွယ်ရှိစွတကား. မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော် သတ္တ၀ါ ရှိရတုံဘိဟု စိတ်အကြံဖြစ်ခဲ့ပါသည် ဟု မြတ်စွာဘုရားကို လျှောက်ထားပြောဆိုလိုက်၏။ ထို အခါ မြတ်စွာဘုရားက ရဟန်းတို့ ယခု မောဂ္ဂလ္လာန် မြင်ခဲ့ရသော ရဟန်းသည် ယုတ်မာသော ရဟန်း ဖြစ်ခဲ့ဖူးပြီး၊ မိမိတို့ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး ၊ များစွာသောနှစ်အရာတို့ပတ်လုံး ၊ များစွာသောနှစ်အထောင်တို့ပတ်လုံး ၊ များစွားသောနှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင်လျှင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစားနေရ၏ ဟု ဟောတော်မူ၏။( သံ၊၁၊၄၅၁၊၄၅၂)
သော ကိရ လောကဿ သဒ္ဓါဒေယျေ စတ္တာရော ပစ္စယေ ပရိဘုဉ္ဇိတွာ ကာယ၀စီဒွါရေဟိ အသံယတော ဘိန္နာဇီဝေါ စိတ္တကေဠိံ ကီဠန္တော ၀ိစရိ၊။ တတော ဧကံ ဗုဒ္ဓန္တရံ နိရယေ ပစ္စိတွာ ပေတလောကေ နိဗ္ဗတ္တန္တော ဘိက္ခုသဒိသေနေ၀ အတ္တဘာဝေန နိဗ္ဗတ္တိ။ ဘိက္ခုနီသိက္ခမာနာသာမဏေရ သာမဏေရီဝတ္ထူသုပိ ၀ိနိစ္ဆယော။ (သံ။ဌ။၂။၂၀၅။)
ထိုရဟန်းပြိတ္တာကား တစ်ချိန်က ကဿပဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော် တစ်ပါးပင် ဖြစ်ခဲ့၏။ ထိုရဟန်းသည်ကဿပဘုရားရှင် ၏သာသနာတော်တွင်မှီတင်းနေထိုင်စဉ် လူများအပေါင်း၏ သဒ္ဓါတရားပြဓာန်းလျက်လှူဒါန်းပူဇော်အပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကာယဒွါရ ၀စီဒွါရ တို့ဖြင့် ရဟန်းတို့၏ သီလကို စောင့်စည်းမှုမရှိဘဲ အသက်မွေးမှု ၊ ရဟန်းအကျင့်မကျင့်ဘဲ မှားယွင်းစွာ ဖြင့် လူ့ဘောင်လောကလူမှုကိစ္စတို့ဖြင့် ရောနှော၍ ပြုလုပ်နေခြင်းအမှု အာဇီဝပါရိသုဒ္ဓိသီလပျက်စီးလျက်စိတ်၏ အလိုအတိုင်း ထိုထို အာရုံကို ပျော်မြူးခြင်းကို ပျော်မြူးလျက် လှည့်လည်နေ ထိုင်ခဲ့၏။ ( သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော သာသန ဗြဟ္မစရိယကို ဖြူဖြူစင်စင် အားကိုးထိုက်အောင် မှီခိုအားထားရာ ဖြစ်အောင် မဖြည့်ကျင့်ခဲ့ဘဲ မိမိနှင့်မသင့်လျှော် မမှန်ကန်သော လူမှုကိစ္စတို့နှင့် သာ အချိန်ကို ကုန်ဆုံးခဲ့သည်။ ) ထိုရဟန်ုးသည် ဘ၀မှစုတေ လတ်သော် ငရဲသို့ရောက်ရှိ သွားခဲ့၏။ ကဿပဘုရားရှင် ၏ သာသနာတော်မှ သည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ဗုဒ္ဓန္တရ အသင်္ချေယျကပ် တစ်ကပ်ပတ်လုံး ငရဲ၌ ကျက်ခဲ့ရပြီးနောက် ပြိတ္တာလောက၌ ပြိတ္တာဖြစ်ပြန်လတ်သော် ရဟန်းနှင့်တူညီသော ခန္ဓာကိုယ်အတ္တဘောဖြင့် သာလျင် ပြိတ္တာဖြစ်လာ ရပေသည်။
တစ်ချိန် ရဟန်းဘ၀တွင် နေထိုင်ခဲ့စဉ်က မစင်ကြယ်သော သီလ၊ ယုတ်မာသော ကိုယ်ကျင့်တရား ရှိလျက် လူများအပေါင်း၏ သဒ္ဓါတရားဖြင့် လှူဒါန်းအပ်သော သင်္ကန်းကို ချွတ်မပစ်ဘဲ ဆက်လက် သုံးဆောင်ခဲ့၏။ သပိတ် စသည်ကိုလည်း အလားတူပင်သုံးဆောင်ခဲ့၏၊ ထိုမကောင်းမှု၏ အကုသိုလ်ကံကြောင့် ပြိတ္တာဘ၀သို့ရောက် သည့်အခါ၌လည်း အလျှံပြောင်ပြောင်မီးတဟုန်းဟုန်း တောက်လောင်နေသော သင်္ကန်း သပိတ် ပရိက္ခရာတို့ကို ချွတ်ပစ်လို့မရနိုင် ဖြစ်နေ၏။ စွန့်ပစ်လို့ မရနိုင် ဖြစ်နေ၏။ အကုသိုလ်များသည် အကျိုးပေးလာပါက အလွန်ကြောက်မက်ဖွယ် ကောင်း လှပေသည်။ အကုသိုလ် ကံ၏ အရှိန်အ၀ါ မကုန်သ၍ ခံနေရဦးမည် သာ ဖြစ်ပေသည်။
အလားတူ ၀တ္ထုများသည် ပါရာဇိကပါဠိတော် စတုတတ္ထပါရာဇိက၌လည်း လာရှိပေသည်။ သံသရာခရီး ဆက်ရန် ရှိနေသေးသည့် စာရေးသူတို့အဖို့ သတိတရား ကြီးစွာထားလျက် ရှောင်ရှားသင့်သော အကုသိုလ်ဒုစရိုက်များ လည်း ဖြစ်ပါသည်။ မစင်ကြယ်သော သီလဖြင့် ရှင်ဘ၀ ရဟန်းဘ၀တွင် မနေထိုင်မိဖို့ရန် ဆင်ခြင် နှလုံးသွင်း ရမည့် ၀တ္ထုဇာတ်လမ်းလည်း ဖြစ် ပါတယ်။ နောက်ဆုံးတော့ လုပ်သင့်သော စောင့်စည်းသင့်သော သီလ သမာဓိ ပညာ တွေကို မစောင့်စည်းပဲ နေထိုင်ခဲ့ရင်တော့ ဒီလိုဘ၀နဲ့ဘဲ သေကျေ ပျက်စီးပြီးတဲ့နောက် မှာတော့................
စာလေးကိုဖတ်ပြီး တစ်ခုခု ရရှိနိင်ကြပါစေ..........
သုဘလုလင်မေးသောမေးခွန်း(၁၄)ခု 
သုဘလုလင်မေးသောမေးခွန်း(၁၄)ခု
***********************
 သုဘလုလင်အမေး
၁။လူချင်းတူပါလျက်အချို့ မှာ အသက်တိုပြီး
၂။အချို့မှာအသက်ရှည်ရသနည်း။
မြတ်ဗုဒ္ဓအဖြေ၁။ အချို့မှာအသက်တိုရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် သတ္တ၀ါတို့ကိုသနားကြင်နာခြင်းကင်းမဲ့လျက် သူတစ်ပါးအသက်ကိုရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ထိုသူတို့သည်သေသောအခါ ငရဲသို့ကျရောက်ရသည်။ရှေးကုသိုလ်ကံတစ်ခုခု ထောက်မမှုကြောင့်လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မရ၊အသက်တိုလေ့ရှိသည်။
၂။အချို့မှာအသက်ရှည်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်သတ္တ၀ါတို့ကို သနားကြင်နာခြင်းဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ကြသည်။ ထိုသူတို့သည်သေသောအခါနတ်ပြည်သို့ ရောက်ကြသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသက်ရှည်စွာ နေရသည်။
......................................................................
သုဘလုလင်အမေး
၃။လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး
၎။အချို့ မှာ အနာရောဂါကင်းရသနည်း။
မြတ်ဗုဒ္ဓအဖြေ၃။အချို့မှာအနာရောဂါများရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ထူပြောလေ့ရှိသည်။
၎။အချို့မှာအနာရောဂါကင်းရှင်းရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တ၀ါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ကင်းရှင်းကြပေသည်။ .........................................................
သုဘလုလင်အမေး
၅။လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး
၆။အချို့မှာအဆင်းလှပါသနည်း။
မြတ်ဗုဒ္ဓအဖြေ၅။အချို့မှာရုပ်ဆိုးရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သောစကားကို ပြောလျှင်လည်းသူတစ်ပါးကိုစော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းမျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။
၆။အချို့မှာအဆင်းလှရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ဒေါသမထွက်၊သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်။ထိုသူတို့သေသောအခါနတ်ပြည်သို့ ရောက်ရသည်။လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသောရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။
သုဘလုလင်အမေး
၇။လူချင်းတူပါလျက်အချို့မှာအခြွေအရံတန်ခိုး အာဏာနည်းပါးပြီး
၈။အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ
၇။အချို့မှာအခြွေအရံတန်ခိုးအာဏာနည်းပါးရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားအားကြီးကြသည်။ ထိုသူတို့သေသာအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်းအခြွေအရံ တန်ခိုးအာဏာနည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ်-သူတစ်ပါးတို့သည်ကံ,ဉာဏ်, ၀ိရိယအားလျော်စွာစည်းစိမ်၊ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ်ကြီးမားခြင်း၊ထင်ရှားကျော်စောခြင်း၊ တတ်သိလိမ္မာခြင်းတို့ကိုမနာလိုမှု၊မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ငြူစူမှုစသည်တို့ကိုနှုတ်ခမ်းစူ၍ ပြောဆိုမှုများသညအတွင်းကဣသာတရား၏ အစွမ်းပင်ဖြစ်သည်။
၈။အချို့မှာအခြွေအရံတန်ခိုးအာဏာကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားမရှိ၏ကြပေ။ ထိုသူတို့သေသာအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။ ..................................................
သုဘလုလင်အမေး
၉။လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရပြီး
၁၀။အချို့မှာဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ
၉။အချို့မှာဥစ္စာမဲ့မွဲဆင်းရဲရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊မစ္ဆေရ(၀န်တိုခြင်း)တရား အလွန်အားကြီးကြကုန်၏။ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏။မစ္ဆေရ၏အဓိပ္ပါယ်-မိမိ၌ရှိသောပစ္စည်း၊မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှငမပတ်သက်မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊မိမိ၏စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာစိုးရိမ်ခြင်းတို့ကိုမစ္ဆေရ ဟုခေါ်သည်။
၁၀။အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊မစ္ဆေရ (၀န်တိုခြင်း)တရားမရှိကြကုန်။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့်ပြည့်စုံကြကုန်၏။ ........................................................................... .
သုဘလုလင်အမေး
၁၁။လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး
၁၂။အချို့မှာအမျိုးမြတ်ရသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ၁၁။အချို့မှာအမျိုးယုတ်ရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ရိုသေလေးစားထိုက်သော သူတို့ကိုရိုသေလေးစားရမှန်းမသိပေ။ထိုသူတို့ သေသာအခါငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအောက်ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင်ဖြစ်ရလေသည်။
၁၂။အချို့မှာအမျိုးမြတ်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။သူတစ်ပါးကို အထင်အမြင်သေးခြင်းမရှိကြကုန်။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားကြကုန်၏။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းမြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ .......................................................................
သုဘလုလင်အမေး
၁၃။လူချင်းတူပါလျက်အချို့မှာ အသိဥာဏ်ပညာနည်းပါးပြီး
၁၄။အချို့မှာ အသိဥာဏ်ပညာကြီးမားရသနည်း။
မြတ်ဗုဒ္ဓ၏အဖြေ၁၃။အချို့မှာအသိပညာဉာဏ် နည်းပါးရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်းကောင်း မေးမြန်းလေ့မရှိ။မိမိထင်ရာမြင်ရာပြုလုပ်ပြီး ဒုစရိုက်များဖြငသေလွန်သည့်အခါငရဲ၌ ဖြစ်ရလေသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသိပညာကင်းမဲ့သော လူဖျင်း၊လူညံ့၊လူအ၊လူမိုက်ဖြစ်ရလေသည်။
၁၄။အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲသုစရိုက်များဖြင့်သေလွန်သည့်အခါ နတ်ပြည်၌ဖြစ်ရလေသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းအသိပညာဉာဏ်ကြိးမားရလေသည်။
(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊၀ိဘင်္ဂ၀ဂ်၊စူဋ္ဌကမ္မ ၀ိဘင်္ဂသုတ်)
Wednesday, February 10, 2016
တံငါသည် နတ်သား
တံငါသည် နတ်သား
===========
သီဟိုဠ်ကျွန်း မဓုအင်္ဂဏရွာ၌ 'ဒမိဠ' အမည်ရှိ တံငါသည် တစ်ယောက်ရှိသည်။ သိတတ်သော အရွယ်မှစ၍ အိမ်ထောင်ကျပြီး သေခါနီးအချိန်ထိ တံငါအလုပ်တစ်ခုတည်းဖြင့်သာ အသက်မွေးခဲ့သူ တစ်ယောက်ပင်။ သူ့ဘဝတွင် ကုသိုလ်ဟူ၍ ဘာတစ်ခုမှ မရှိခဲ့ပါပေ။ အိမ်သူ ဇနီးက ရပ်ကိုယ်တော်တစ်ပါးကို တစ်ခါတရံ ဆွမ်းလောင်းလှူဖူးတာ ရှိသော်လည်း သူ့အနေနဲ့ကတော့ ဘာမှ မသိခဲ့။
လင်ပြုသော ကုသိုလ်ကိုမယားက ဝမ်းသာမှ မယားပါ ကုသိုလ်ရသည်။ မယားပြုသော ကုသိုလ်ကို လင်ကဝမ်းသာမှ လင်ပါကုသိုလ်ရသည် ဟု ဆိုထားရာ မယားဆွမ်းလောင်းသည်ကို သိလည်း မသိ၊ ဝမ်းလည်း မသာသောကြောင့် သူအနေဖြင့် ကုသိုလ် ဖြစ်စရာလမ်း မရှိပေ။
သူတစ်ပါးအသက် သတ်သူများသည် ဘဝဆက်တိုင်း-
၁။ ခြေ, လက်အင်္ဂါ ချို့ယွင်းခြင်း။
၂။ မွဲပြာ ခြောက်သွေ့သော ရုပ်ရည်ရှိခြင်း။
၃။ ပိန်လှီ သေးညှက်၍ အင်အား မရှိခြင်း။
၎။ လျင်မြန် ဖြတ်လတ်မှု မရှိဘဲ လေးလံထိုင်းမှိုင်းခြင်း။
၅။ အမြဲတမ်း ထိတ်လန့် ကြောက်ရွံ့နေရခြင်း။
၆။ သူတစ်ပါး သတ်ဖြတ်ခံရခြင်း။
၇။ အနာရောဂါ များခြင်း။
၈။ အခြွေအရံ ပျက်စီး၍ အထီးကျန်စွာ နေရခြင်း။
၉။ အသက်တိုခြင်း ဟူသော ဆိုးကျိုးတို့ကို ခံစားရမည်။
ဟု ဗုဒ္ဓ ဟောကြားတော်မူသည့်အတိုင်းပင် ဒမိဠတံငါသည်ကြီးမှာ အသက် ငါးဆယ်ကျော်လေးမှာပင် သေဖို့ရန် အချိန် ရောက်ခဲ့လေပြီ။ သေခါနီး ပုဂ္ဂိုလ်များသည် မိမိ လားရောက်ရမည့် နေရာဌာနကို မြင်တတ် ကြသည်။ စာလို ဂတိနမိတ် ဟုခေါ်သည်။
နတ်ပြည်ရောက်မည့်သူဖြစ်က နတ်သမီး၊ နတ်သား၊ ဗိမာန်၊ ပဒေသာပင် တို့ကို မြင်ကြရသည်။ လူပြန်ဖြစ်မည့်သူဖြစ်က အမိဝမ်းရေး ခပ်နီနီလေးကို မြင်ကြရသည်။ ငရဲကျမည့်သူဖြစ်က ငရဲသားများ၊ ခွေးနက်ကြီးများ၊ မီးလျှံများကို မြင်ကြရသည်။ တိရစ္ဆာန်ဖြစ်မည့်သူဖြစ်က မိခင် တိရစ္ဆာန်မ၏ ပုံသဏ္ဍာန် ကို မြင်လာတတ်သည်။
တစ္ဆေသရဲဟု ခေါ်ကြသည့် ပြိတ္တာဘုံကို ရောက်မည်ဆိုပါ က မြစ်ကြီး၊ ချောင်းကြီး၊ တောကြီး၊ တောင်ကြီးများကို မြင်ရတတ်သည်။ ယခု ဒမိဠတံငါသည်ကြီးမှာ ငရဲသို့ ကျရောက်မည့်သူ ဖြစ်သောကြောင့် ခွေးနက်ကြီး၊ ငရဲမီး၊ ငရဲသားတို့ကို မြင်နေရပြီ ဖြစ်သောကြောင့် ထိတ်လန့်ကြောက်ရွံ့စွာနှ င့် အော်ဟစ် မြည်တမ်းနေရှာလေသည်။
သားမယားများကား ဘာမှလည်း မမြင်ရ၊ ဘာမှလည်း မတတ်နိုင် သဖြင့် လက်ပိုက်၍သာ ကြည့်နေရပေတော့သည်။ စားသုံးကြသည်ကတော့ မိသားတစ်စုလုံး မကောင်းကျိုးခံစားရပြီဆိုတော့ ရှာဖွေသူ တစ်ယောက်တည်း သာ လည်စင်း၍ခံရမည်။ ရှာဖွေကျွေးမွေးရသော အိမ်ထောင်ဦးစီးများ အထူးသတိပြုစရာ အချက်ပင် ဖြစ်၏။
မီးဘေး၊ ရေဘေး၊ ပြည်ပျက်ဘေး စသည်တို့နှင့် ရင်ဆိုင်ကြ ရသောအခါ သားနှင့် အမိ၊ သမီးနှင့် အဖ၊ ဆယ်ရေးတစ်ရေး ကိုးရေးတစ်ရာ ကယ်တင်နိုင် ကြသေးသော်လည်း အိုဘေး၊ နာဘေး၊ သေခြင်းဘေး တို့ကိုကား ဘယ်သူက ဘယ်သူ့ကိုမှ မကယ်နိုင်တော့ပေ။ ထို့ကြောင့်လည်း မန်လည်ဆရာတော် ဘုရားကြီးက 'မာဃဒေဝ လင်္ကာသစ်' တွင်....။
ရေဘေး, မီးဘေး၊ ပြည်ပျက်ဘေးကား
ဆယ်ရေး တစ်ရေး၊ ကယ်နိုင်သေး၏။
အိုဘေး, နာဘေး၊ သေခြင်းဘေးဟု
ဤဘေးသုံးပါး၊ လွန်ကြီးမားက
သားနှင့်အမိ၊ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်
သက်ပင်ရေးပိုင်၊ မကယ်နိုင်ဘူး
လက်မှိုင်ချကာ၊ နေရစွာရှင့်....။
ဟူ၍ စပ်ဆိုခဲ့ခြင်း ဖြစ်ပေ လိမ့်မည်။
ထိုကဲ့သို့ ငရဲနိမိတ်များ ထင်နေသည့် အခိုက်မှာပင် စူဠပိဏ္ဍပါတိကတိဿ မည်သော ရဟန်းသည် ဆွမ်းခံရပ်ရင်ဖြင့် ဒမိဠတံငါသည်ကြီး၏ အသံကို ကြားလိုက်ရသဖြင့် ငရဲသွားမည့်သူ၏ အသံဖြစ်ကြောင်း သိလိုက် သည်နှင့်
" ဤအိမ်သည်ကား.....ငါ့ကို ဆွမ်းလောင်းဖူးသောကြောင့် ယခု အော်ဟစ်နေသော ဒကာကြီးသည်လည်း ငါ၏ ဆွမ်းဒကာပင် ဖြစ်သည်။ ဆွမ်းအလှူရှင်တစ်ယောက်သည် သူ ဆွမ်းလှူသော ရဟန်းတစ်ပါးရှေ့မှာ ငရဲသို့ ကျခြင်းသည် ဘယ်လိုမှ မသင့်လျော်၊ ငါ တတ်နိုင်သမျှ ငရဲမကျအောင် ကယ်လေမှ " ဟူသော အတွေးနှင့်အတူ ဒမိဠတံငါသည်၏ အနီးထိုင်ခုံတွင် ဝင်ထိုင်ပြီးလျင်.....။
" ဒကာကြီး-ယခုပင် ဒကာကြီးကို သရဏဂုံနှင့် ငါးပါးသီလ ပေးပါမည်၊ ဆောက်တည်ပါမည်လား " ဟု မေးလိုက်ရာ တံငါသည်ကြီးက " ဆောက်တည်ပါမည် ဘုရား " ဟု ဆိုသဖြင့် သရဏဂုံနှင့် ငါးပါးသီလကို စတင် ဆောက်တည် ပေးပါသည်။
သို့သော် သေဖို့ရာအချိန်က သိပ်နီးကပ်နေပြီ ဖြစ်သောကြောင့် သရဏဂုံသုံးပါး ဆောက်တည်အပြီးမှာပင် စုတိစိတ်ကျ၍ သေဆုံးသွား တော့သည်။ ငါးပါးသီလကို ဆက်လက် မဆောက်တည်လိုက်ရပေ။ အနန္တရမေဝ ဟူသော ဗုဒ္ဓ၏ ဒေသနာတော်အတိုင်း ဤဘဝမှ သေပြီးသည်နှင့် တပြိုင်နက် ကာလမခြားဘဲ လူသက်နှင့် အနှစ်ကိုးသန်း အသက်ရှည်သည့် စတုမဟာရာဇ်နတ်ဘုံ၌ နတ်သား သွား၍ ဖြစ်ရသည်။
နတ်ပြည်၌ နတ်သား ဖြစ်မည့်သူသည် အသက်နှစ်ဆယ်အရွယ် 'ဘွား' ကနဲ ချက်ချင်းဖြစ်ရသလို နတ်သမီး ဖြစ်မည့်သူသည်လည်း ဆယ့်ခြောက်နှစ် သမီးအရွယ် 'ဘွား' ခနဲ ဖြစ်လေတော့၏။ စာအလို 'ဥပပါတ်ပဋိသန္ဓေ' ဟု ခေါ်သည်။ တံငါသည်ကြီးသည် နတ်ပြည်သို့ ရောက်သည်နှင့် 'ငါကား...တံငါသည် တစ်ယောက် ဖြစ်ပါလျက် အဘယ်ကုသိုလ်ကြောင့် နတ်ပြည်ရောက်ရတာလဲ' ဟု ဆင်ခြင်ကြည့်ရာ ကျေးဇူးရှင်မထေရ်ကို မြင် သဖြင့် ချက်ချင်း လူ့ပြည်သို့ ဆင်းလာပြီးလျှင် မထေရ်အား ကျေးဇူးတင် စကား လျှောက်ထားသည်မှာ-
" အရှင်ဘုရား ကျေးဇူးကြောင့် တပည့်တော်ဟာ ငရဲဘုံ မရောက်ဘဲ နတ်ဘုံ ရောက်ခဲ့ရပါသည်၊ ဒါတောင် တပည်တော်ဟာ ငါးပါးသီလ မရောက်ခင် သေသွားခဲ့လို့ပါ၊ ငါးပါးသီလ ဆောက်တည်ပြီးမှ သေခဲ့ရရင် ဒီထက်မြင့်တဲ့ နတ်ဘုံကို ရောက်ရမှာပါ၊ ဒကာ, ဒကာမတိုင်း သိအောင် ဟောကြားပေးတော်မူပါဘုရား " ဟု လျှောက်ထားပြီးမှ နတ်ပြည်သို့ ပြန်သွား ခဲ့ပါသည်။
သေခါနီးမှ ကပ်၍ ဆောက်တည်ပေးခဲ့သော သရဏဂုံသည်ပင်လျှင် ဤမျှ ကောင်းကျိုးပေးလျှင် နေ့စဉ်ဆောက်တည်နေသော သရဏဂုံ ဖြစ်ပါက မည်မျှ ကောင်းကျိုး ကြီးနိုင်သည်ကို စာရှုသူများ စဉ်းစား၍ ကြည်ညိုသဒ္ဓါပွားကာ ကြိုးစား အားထုတ်နိုင်ကြပါစေ။
(အင်္ဂုတ္တုရ် အဋ္ဌကထာ၊ ဒုတိယတွဲ၊ နှာ-၁၀၇ ကို မှီငြမ်းပြု ရေးဖွဲ့ပါသည်)
မေတ္တာရှင်(ရွှေပြည်သာ) (သရဏဂုံအစွမ်း အံ့မခန်းဖြစ်ရပ်ဆန်းများ)
Monday, February 8, 2016
လူ့ရွာနှင့် ပြိတ္တာ 
ကုဏ္ဍိမြို့အနီးရှိ သာဏတောင်ကို အမှီပြု၍ နေထိုင်သဖြင့် သာဏ၀ါသီဘွဲ့ မည်တွင်လာခဲ့သော မထေရ်မြတ်၏ ငယ်မည်မှာ ပေါဋ္ဌပါဒ ဖြစ်၏။
ပေါဋ္ဌပါဒ၏ မိဘနှစ်ပါးတို့မှာ တံငါသည်များဖြစ်ကြ၍ သူ့ကို ကုဏ္ဍိမြို့အနီးက တံငါရွာတွင် ဖွားမြင်ခဲ့ပေသည်။
တံငါရွာ၌ ဖွားမြင်လာခဲ့သမျှ ကလေးသူငယ်တို့သည် လူမှန်းသိတတ်လာသည့်အရွယ်မှ စတင်ကာ မိဘတို့၏ အသက်မွေးဝမ်းကျောင်း တံငါလုပ်ငန်းနှင့် ယဉ်ပါးလာခဲ့ကြ၏။
 ပိုက်ထဲမှထွက်ကျကာ လူးလွန့်လှုပ်ရှား နေကြသော ငါးတို့ကို ကောက်ယူပေးခြင်း စသည်ဖြင့် တံငါလုပ်ငန်းခွင်မှာ ပါဝင် လာခဲ့ကြ၏။
အသက်အရွယ် ရလာသည်နှင့်အမျှ တံငါတို့လုပ်ငန်းအပေါ်မှာ စိတ်ပါဝင်စားလာ ခဲ့ကြ၏။
ပေါဋ္ဌပါဒသူငယ်သည်ကား ထိုအုပ်စုထဲတွင် မပါဝင်ပေ။ သူသည် လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ သက်ရှိသတ္တ၀ါကလေးများကို သနားတတ်၏။
သူကလေးတို့ကို အသေသတ်ဖို့ နေနေသာသာ နားကျဉ်းသွားအောင် ရိုက်နှက်ခြင်းကိုမျှ မပြုရက်ပါချေ။ ဤသို့ မကောင်းသော အမှုတို့ကို ငယ်ငယ်ရွယ်ရွယ် လေးနှင့် ကြောက်ရကောင်းမှန်း သိနေရသည်မှာ
 ဇာတိဿရဉာဏ်ကို ရရှိထား၍ ဖြစ်ပေသည်။ ဇာတိဿရဉာဏ်ဟူသည်မှာ အတိတ်ကာလတုန်းက ကျင်လည်ခဲ့ရသည့်ဘ၀တို့ကို ပြန်လည် အောက်မေ့ နိုင်သော ဉာဏ်တမျိုးဖြစ်၏။
ထိုဉာဏ်ကို ရရှိရေးအတွက် ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း၍ မရနိုင်ပါ။ အချို့သူများအတွက် တမင်တကာ ကြိုးစား၍ မနေရဘဲ အလိုအလျောက် ရလာတတ် သော ဉာဏ်မျိုးဖြစ်ပေ သည်။
ပေါဋ္ဌပါဒလုလင်သည် ထိုဇာတိဿရဉာဏ်ဖြင့် မိမိ၏ အတိတ်ခန္ဓာအစဉ်ကို ပြန်လည်အောက်မေ့ လေရာ ဗာရာဏသီမြို့တော်၌ ထီးနန်းစိုးစံခဲ့သော ကိတ၀မင်း၏ သားတော်ဖြစ်ခဲ့ပုံကို သတိရလာ၏။
ထိုစဉ်တုန်းက သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ သာသနာတော် ကွယ်ပနေဆဲဖြစ်၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များသာ ရံဖန်ရံခါ ပေါ်တော်မူလာတတ်ကြ၏။ ထိုအချိန်က မိမိဘာသာ သစ္စာဉာဏ်
အလင်းပေါက်ကာ ပစ္စေကဗုဒ္ဓါအဖြစ်သို့ ရောက်တော်မူခဲ့၍ သုနေတ္တဘွဲ့မည်တော်ရှိသော အရှင်မြတ်သည် ဗာရာဏသီမြို့တွင်းသို့ ဆွမ်းခံရန် ၀င်တော်မူလာ၏။
ထိုအချိန်တွင် ကိတ၀မင်း၏ သားတော်သည်လည်း ဥယျာဉ်တော်တွင် ပျော်ရွှင်စွာ ကစားရာမှ ဆင်းတော်စီး၍ မြို့တော်တွင်းသို့ ပြန်ဝင်လာ၏။ မင်းသားသည် ခမည်းတော် ကိတ၀မင်းကြီး၏
တန်ခိုးအာဏာကို အမှီပြုကာ မာန်မာန ခက်ထန်လှ၏။ တိုင်းသူပြည်သားအပေါင်းက ခမည်းတော် မင်းကြီး တန်ခိုးအာဏာကြောင့် သူ့ကို လှမ်းမြင်ရသည့်နေရာမှ ခြေစုံရပ်ကာ လက်အုပ်ချီ၍
အရိုအသေပြုနေကြရ၏။ ဆင်တော်နှင့်ဖြစ်စေ၊ ရထားနှင့် ဖြစ်စေ သူဖြတ်ကျော်၍သွားခါမှ နေရာမှ ရွှေ့ခွင့်ရကြ၏။ ဗာရာဏသီမြို့တော်သို့ ဆွမ်းခံဝင်လာသည့် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည်ကား
သူ့ကို ကောင်းကောင်း ကြီးမြင်နေ ပါလျက် မြင်ရာအရပ်က ခြေစုံရပ်၍လည်း မနေပေ။ လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း မပြုပါချေ။ မြင်မြင်သမျှ လူအပေါင်းက အရိုအသေပေးနေကြပါလျက်
 ဤသူတယောက်က မကြောက်မလန့် မခံ့မညားနေနေသည့် အတွက် မင်းသားမှာ အခံရခက်လှ၏။ ငါကဲ့သို့သော မင်းသားကို မလေးမခံ့ ပြုရာသလော-ဟု အပြင်းအထန် မျက်မှန်ပွားမိ၏။
ထို့ကြောင့် မင်းသားသည် ဆင်တော်ပေါ်မှ ကပျာကယာဆင်းကာ ပစ္စေကဗုဒ္ဓါအရှင်မြတ်ထံ ချဉ်းကပ်ကာ- “ဘယ်လိုလဲကွ၊ စားစရာလေးများ ရလာခဲ့ပြီလား”-ဟုမေး၏။
သူ့မေးခွန်းကို ပစ္စေက ဗုဒ္ဓါအရှင်မြတ်က အဖြေမပေးရသေးခင်ကပင် သူက အရှင်မြတ်၏သပိတ်ကို ဆွဲလုယူလိုက်ပြီးလျှင် မြေပေါ်မှာ ပေါက်ခွဲ၍ ပစ်လိုက်လေသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည်ကား
တာဒိဂုဏ်နှင့် ပြည့်စုံတော်မူ၏။ မိမိအား ကြည်ညိုလေးမြတ် ဆည်းကပ် ပူဇော်သူကို၎င်း၊ မခန့်လေးစား စော်ကားကျူးလွန်သူကို၎င်း တထပ်တည်း၊ တမျိုးတည်း သာ သဘောထားတော် မူ၏။
အဆင့်အမြင့်ဆုံးသော ဥပေက္ခာဗြဟ္မစိုရ်တရားဖြင့် သူ့ကို မမှိတ်မသုန် ကြည့်ရှု၍ နေတော်မူ၏။ ဤသို့ စူးစူးစိုက်စိုက် ကြည့်ရှု၍ နေသည်ကိုပင် မင်းသားကတော့ မိမိအား ရန်တုံ့မူနေသည်ဟု ထင်မှတ်နေ၏။
ထို့ကြောင့်-အောင်မာ မင်းက ငါ့ကိုများ စူးစူးကြီးကြည့်လို့၊ ကဲ ကြည့်ချင်သလောက် ကြည့်လိုက်စမ်းကွာ။ ကြည့်ပြီးတော့ကော မင်းက ဘာများတတ်နိုင်မှာမို့လဲ။ ဤသို့ မခိုးမခန့် ပြက်ရယ်ပြောင်လှောင်ကာ
ဆင်ပေါ်သို့ ပြန်တက်လာခဲ့၏။ လူ့လောက၌ အထွတ်မြတ်ဆုံး သူတော်စင်ကြီးအား ပြစ်မှားမိသော အကုသိုလ်ကံသည် သူ့ကို နန်းတော်ထိအောင် ရောက်ခွင့်မပေးတော့ပါ။ ရုတ်တရက် လောင်မီးကြီးကျသကဲ့သို့
သူ့တကိုယ် လုံးမှ မီးတောက် မီးလျှံများ ပေါ်ထွက်လာကြ၏။ သက်သာလိုသက်သာငြား ဆင်တော်ပေါ်မှ ဆင်း၍ မြေပြင်ပေါ်မှာ လူးလိမ့်နေပါသော်လည်း သက်သာရမရနိုင်ပါ။ နောက်လိုက်နောက်ပါ
အမှုထမ်းတို့ ကလည်း မီးငြိမ်းသွားအောင် မစွမ်းနိုင်တော့သဖြင့် မင်းသားမှာ ထိုနေရာမှာပင် လောင်ကျွမ်း၍ သေသွားရပေတော့သည်။ မင်းသားဘ၀မှ ကွယ်လွန်၍ နောက်ဘ၀တွင်မူ ထို့ထက်ပြင်းထန်သော
မီးဒဏ်ကို ခံရ၏။ မဟာအ၀ီစိငရဲကြီးတွင် နှစ်ပေါင်းရှစ်သောင်းလေးထောင်တိုင်တိုင် ဒုက္ခကြီးစွာ ခံစားလာခဲ့ရ၏။ မဟာအ၀ီစိငရဲကြီးမှ လွတ်လာပြန် တော့လည်း ပြိတ္တာဘ၀သို့ကျရောက်ကာ အစာမစားရ။
ရေတပေါက်မျှ မသောက်ရဘဲ ဆင်းရဲကြီးစွာခံစား၍ လာခဲ့ရပေသည်။ ပြိတ္တာတို့၏ ဆင်းရဲဒုက္ခကို နှစ်ပေါင်းမရေတွက်နိုင်လောက်အောင် ခံစား၍ လာခဲ့ရပြီးမှ ယခုဘ၀တွင် တံငါသည်မိသားစုမှ ဖွားမြင်လာခဲ့၏။
ရိုးရာအစဉ်အားဖြင့် တံငါသည်၏ သားသမီးမှန်လျှင် တံငါသည်အလုပ်မှာ စိတ်ပါဝင်စားလာကြ၏။ ပေါဋ္ဌပါဒသည်ကား ဇာတိဿရဉာဏ်ကို ရထားသဖြင့် အရိုးအစဉ်မှ သွေဖီလာခဲ့၏။
လူမှန်းသိတတ်လာသည့် အရွယ်မှစတင်ကာ တံငါသည်လုပ်ငန်းထဲမှာ မပါဝင်ဘဲနေရအောင် ရှောင်တိမ်း၍ နေလာခဲ့၏။ သက်တူရွယ်တူ သူငယ်ကလေးတွေ တံငါ လုပ်ငန်းခွင်သို့ လိုက်ပါသွားကြသည်တွင်
ပေါဋ္ဌပါဒကတော့ အိမ်မှာ ကုတ်ကပ်၍ နေခဲ့၏။ လူကြီး မိဘများက အတင်းအကြပ်ခေါ်သဖြင့် လိုက်ပါလာပြန်တော့လည်း ငါးများကို ကောက်၍ မယူဘဲ နေလာခဲ့၏။ ဤတွင် မိဘများက ငါးများကို
ကိုယ့်ဘာသာ ကောက်ယူကာ အိုးထဲမှာထည့်ပြီးလျှင် ငါးဝယ်ယူရန် ကမ်းလှမ်းထားပြီးသော အိမ်သို့ ပေါဋ္ဌပါဒကို အပို့ခိုင်းလိုက်ကြ၏။ ပေါဋ္ဌပါဒသည် ငါးထည့်ထားသော အိုးကို စိတ်မသက်မသာ
ထမ်းလာခဲ့ပြီးလျှင် မိဘများ မျက်ကွယ်သို့ရောက်သည်နှင့် တပြိုင်နက် ချောင်းရေထဲမှာ အကုန်လုံး လွှတ်ပစ်လိုက်လေတောာ့သည်။ ဤသို့အားဖြင့် တံငါသည်သားဖြစ်ပါလျက်
ငါးမသတ်ရက်သဖြင့် မိဘများက သူ့ကို နေ့ရောညပါ ကြိမ်းမောင်းပြစ်တင်၍ နေကြ၏။ ဤတွင် ပေါဋ္ဌပါဒသည် လူကြီးမိဘများ၏ အကြိမ်းအမောင်းက လွတ်စေရန် အိမ်ထောင်ခွဲ၍ နေထိုင်သော
အကိုကြီးထံသို့သွား၍ ခိုလှုံရ၏။ အကိုကြီးဖြစ်သူမှာ တံငါသည်တဦးပင် ဖြစ်သော်ငြားလည်း ငါးမသတ်ရက်သည့် ညီငယ်ကို ဇွတ်အတင်းမခိုင်းရက်ရှာပါ။ တမိပေါက်တွင် တယောက် ထွန်းတတ်သည့်သဘာဝကို
ထောက်ရှုကာ ညီငယ်လေးကို ဖေးဖေးမမ ပြုလာခဲ့၏။ မိဘများအိမ်၌ မျက်နှာကောင်းမရနိုင်ရှာသော ညီငယ်ကို မျက်နှာမငယ်ရအောင် ကျွေးမွေးစောင့်ရှောက်၍ ထားလေသည်။ ပေါဋ္ဌပါဒမှာ အကိုကြီးအိမ်မှာ
ပျော်ပိုက်လျက် အချိန်တန်လျှင် အိမ်သို့ပြန်ရ၏။ သူပြန်လာပြီဆိုလျှင် မိဘနှစ်ပါးတို့၏ နှုတ်ဖျား၌ ကြိမ်းစရာ မောင်းစရာ စကားလုံးတွေက အစီအရီ ရှိနေကြ၏။ ဤသို့ နေ့စဉ်နေ့တိုင်း ကြိမ်းမောင်းလာခဲ့ရာမှ
တနေ့သောအခါတွင်မူ မိဘနှစ်ပါးတို့၏ ဒေါသအိုးကြီး ပေါက်ကွဲသည်အထိ ဖြစ်လာပေ တော့သည်။ ထိုနေ့တုန်းက မိဘနှစ်ပါးတို့သည် ပေါဋ္ဌပါဒ၏လက်ထဲသို့ ပိုက်တစုံကို ဇွတ်အတင်းထည့်ကာ
ရေဆိပ်သို့ တွန်း၍ လွှတ်ခဲ့ကြ၏။ ရော့ ဒီပိုက်နဲ့ ငါတို့လို ငါးရအောင် ဖမ်းခဲ့။ ငါးမရဘဲ ပြန်လာရင် တော့ ဟောဒီကြိမ်တုတ်သာ ကြည့်ထားလေတော့။ သူ့အတွက် အသင့်ဆောင်ထားသော ကြိမ် တုတ်ကြီးကိုပြ၍
စေလွှတ်လိုက်ကြ၏။ ပေါဋ္ဌပါဒသည် ကြိမ်တုတ်ကြီးကို ကြောက်လှပါ၏။ အလျား က သုံးတောင်လောက်၊ အလုံးက ကျပ်ပြားလောက်၊ အရင်းမှာလည်း အမြစ်ဖုကြီးက ပါနေသေး သဖြင့် သည်တုတ်ကြီးနှင့်သာ
အားကုန်လွှဲ၍ ရိုက်လိုက်ပါက ထွန့်ထွန့်လူး၍ သွားရပေတော့မည်။ သို့ရာတွင် ပေါဋ္ဌပါဒအတွက် ထိုကြိမ်တုတ်ကြီးထက် ကြောက်စရာကောင်းသော ဘေးကြီးက ရှိနေ၏။
ငရဲဘုံ ပြိတ္တာဘုံတို့၌ ခံစား၍ လာခဲ့ရသောဒုက္ခတွေနှင့် နှိုင်းစာလိုက်လျှင် သည်ကြိမ်တုတ် မှာ အသေးအမွှားသာ ဖြစ်နေပေတော့သည်။ သို့ဖြစ်၍ ပေါဋ္ဌပါဒသည် ဖြစ်လိုရာဖြစ်စေတော့ဟု သဘောပိုက်ကာ
 မိဘနှစ်ပါးတို့ပေးလိုက်သော ပိုက်တစုံကို ရေစီးကြောင်းထဲမှာ မျှောပစ်လိုက်လေ တော့သည်။ မိဘများ၏ ရိုးရာလုပ်ငန်းကို ငြင်းပယ်ရုံသာမက မိဘများ၏ အားအကိုးရဆုံး၊ အဖိုးအတန်ဆုံး ပစ္စည်းကိုပင်
စွန့်ပစ်ခဲ့သဖြင့် သူ့ကို မိဘများက အပြင်းအထန်ဆုံးသော အပြစ်ဒဏ်ကို ပေးလိုက် ကြ၏။ ထိုအပြစ်ဒဏ် သည်ကား အိမ်မှ အပြီးအပြတ် နှင်ထုတ်လိုက်ခြင်းပါပေတည်း။
လက်သစ် တောင်တာ ယူဇနာတို့ဖြင့် တိုင်းတာ၍ မရနိုင်လောက်အောင် ကျယ်ဝန်းလှစွာသော ဤကမ္ဘာမြေပြင် ပေါ်တွင် ပေါဋ္ဌပါဒအဖို့ ရပ်တည်စရာ နေရာလေးတခုမျှ မရှိတော့ပါချေ။
ငါ့မှာ တွယ်ရာမဲ့ ဖြစ်ပါပေါ့ ကလား-ဟူသော အားငယ်စိတ်၊ ၀မ်းနည်းကြေကွဲစိတ်ဖြင့် ခြေဦးတည့်ရာ လျှောက်သွားနေမိ၏။ ရောက်တတ်ရာရာ လျှောက်သွားနေ၍ တော်တော်ကြီးကြာလာသည်တွင်
သူ့ဝမ်းထဲက ကိုးကိုးကွိကွိ မြည်လာတော့၏။ အစာအိမ်က အစာတောင်းလာ၏။ ဆာလောင် မွတ်သိပ်သည့်ဒဏ်ကို အပြင်းအထန် ခံစားလာရသဖြင့် ငါ့မှာ လူစင်စစ်က ပြိတ္တာဘ၀များ ပြန်ရောက်နေပြီလား-
ဟူ၍ပင် ထိတ်လန့်တကြား တွေးတောမိပါသေးသည်။ စားစရာလေးများ တွေ့လိုတွေ့ငြား ရှေ့သို့လှမ်းလိုက်၊ နာလွန်းလှသော ၀မ်းဗိုက်ကို ညှာကာ ရပ်နေလိုက်သဖြင့် တရွေ့ရွေ့လှမ်းလာခဲ့ရာ ကံအားလျော်စွာပင်
 ရဟန်းများ၏ တောနေကျောင်းနား သို့ ရောက်လာလေသည်။ ထိုစဉ်တုန်းက အရှင်အာနန္ဒာမထေရ်မြတ်ကြီးသည် တပည့်ရဟန်းများ နှင့်တကွ ကုဏ္ဍိမြို့ကို အမှီပြုကာ သာဏတောင်၌ သီးတင်းသုံးလျက်ရှိ၏။
 မထေရ်မြတ်ကြီးတို့ ဆွမ်းစာေးနသည့် အချိန်မှာပင် ပေါဋ္ဌပါဒကလည်း ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွား၏။ စားချင် သောက်ချင်စိတ်များက လွှမ်းမိုးနေသဖြင့် ကြောက်ရ၊ ရွံ့ရမှန်းပင် မသိတော့ဘဲ
ဆွမ်းစားကျောင်း လှေခါးရင်းအထိ ချဉ်းကပ်သွားကာ လည်တမော့မော့နှင့် မျှော်ကြည့်နေရှာ၏။ အရှင်အာနန္ဒာသည် သူငယ်ကလေးကို လှမ်းမြင်မိကာ အလွန်တရာ ဆာလောင်မွတ်သိပ် နေသည်ကို
သတိပြုမိ၏။ ထို့ကြောင့် ရဟန်းများ ဆွမ်းဘုဉ်းပေးအပြီးတွင် ကြွင်းကျန်နေသည့် ဆွမ်းများ၊ ဟင်းများကို စုပေါင်းကာ ခွက်လွတ်တခုမှာ ထည့်၍ ကျွေး၏။ ပေါဋ္ဌပါဒကလည်း ခွက်ထဲမှာ ရှိသမျှကို အပြောင်အစင်
စားပြီးလျှင် ခွက်ကို ရေစင်စင်ဆေးကာ ရေစင်မှာ မှောက်ထား လိုက်လေသည်။ သူငယ်ကလေး၏ လုပ်ပုံကိုင်ပုံကို အကဲခတ်နေခဲ့သော အရှင်အာနန္ဒာသည် ၀တ်တရားကို သိတတ်လှသော သူငယ်ကလေးကို
အားရကျေနပ်လှသဖြင့်- သူငယ်၊ မင်း သာသနာ့ဘောင် ၀င်ချင်သလား-ဟု မေးမြန်းလိုက်ရာ-တပည့်တော် ၀င်ချင်ပါတယ်ဘုရား။ ပေါဋ္ဌပါဒက မဆိုင်မတွ ဖြေကြားလိုက်ရ၏။
အဖြေစကားလျှောက်ထားရင်း ၀မ်းသာလုံးဆို့လာသဖြင့် သူ့တကိုယ်လုံး ကတုန်ကယင် ဖြစ်နေရ၏။ ရပ်တည်ရာ ရှာမတွေ့ရှာသော သူငယ်လေး တယောက်အဖို့ ဤသို့ ဖိတ်ခေါ်သံထက်ပို၍
ခေါ်ဆောင်ကာ အရှင်အာနန္ဒာသည် ဘုရားရှင်ရှေ့တော်မှောက်သို့ ၀င်ရောက်ဖူးမြော်၏။ ဤတွင် ဘုရားရှင်က အရှင်အာနန္ဒာအား ဤသာမဏေကလေးကို ကောင်းမွန်စွာ စောင့်ရှောက်ထားရန်
မိန့်ကြားတော်မူလေသည်။ သို့ရာတွင် သာမဏေလေး ရှင်ပေဋ္ဌပါဒမှာ ရှေးကုသိုလ်ကံ၏ အထောက်အပံ့ကို မရနိုင်သေးသဖြင့် ဘုန်းကံနည်းပါးရှာ၏။ ဆွမ်းကောင်း၊ ဟင်းကောင်း လောင်းလှူမည့်သူ
 မရှိသလောက် ရှားပါးလှ၏။ အ၀တ်သင်္ကန်းမှာလည်း ရဟန်းတို့ပေးစွန့်သည့် သင်္ကန်းဟောင်းများကိုသာ စပ်ဟပ်ဖာထေး၍ ၀တ်ဆင်နေရ၏။ ဤအကြောင်းကို ဘုရားရှင် သိတော်မူသောအခါ
 အရှင်ပေါဋ္ဌပါဒကိုခေါ်တော်မူ၍- ပေါဋ္ဌပါဒ၊ ရဟန်းများသောက်တဲ့ သောက်ရေအိုးတွေကို ရေကောင်းရေသန့် လောင်းပေးပါ။ ဒီကျင့်ဝတ်ကို နေ့စဉ်မပျက် ဆက်လက်ပြီး ထမ်းဆောင်ပါ-ဟု မိန့်ကြားတော်မူ၏။
 ရှင်ပေါဋ္ဌပါဒကလည်း မိန့်ကြားတော်မူသည့် အတိုင်း သောက်ရေခတ်ကျင့်ဝတ်ကို စွဲစွဲမြဲမြဲ ဆောင်ရွက်နေပေသည်။ ဤတွင် ဒကာ ဒကာမများသည် ကျင့်ဝတ်နှင့်ပြည့်စုံလှသော သာမဏေလေးက
ို ကြည်ညိုလာကြ သဖြင့် နေ့စဉ်မပြတ် ဆွမ်းကောင်းဟင်းကောင်းများ လောင်းလှူလာကြ၏။ သင်္ကန်းဒကာ ဒကာမ များလည်း ပေါ်ပေါက်လာကြ၏။ ရှင်ပေါဋ္ဌပါဒသည် ကြည်ညိုသဒ္ဓါ ထက်သန်လှစွာသော
ဒကာ ဒကာမတို့ကို ပစ္စည်းလေးပါးကို အမှီပြုကာ သာသနာ့ဘောင်မှာ ချမ်းချမ်းသာသာ နေထိုင်လာရာမှ အသက်နှစ်ဆယ် ပြည့်သောအခါ ရဟန်းအဖြစ်သို့ရောက်လာလေသည်။
 ရဟန်းတော် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ၏ ထံတော်ပါး၌ ပိဋကတ်ဒေသနာ တော်များနှင့် တကွ ပဋိပတ်ကျင့်စဉ်များကိုလည်း ရိုသေလေးမြတ်စွာ သင်ယူကျင့်သုံး၏။
ဤသို့ဖြင့် ပရိယတ်ဒေသနာတော် အစုံစုံကို နှုတ်ငုံဆောင်နိုင်လာသည့်အချိန်မှာပင် ပဋိပတ်ကျင့်စဉ်များ ကလည်း အရှိန်ကောင်းလာသဖြင့် မဂ်အဆင့်ဆင့် တက်လှမ်းကာ အရဟတ္တဖိုလ်အထိ ခရီးပေါက်
လာတော့သည်။ ရဟန္တာပုဂ္ဂိုလ် အရှင်ပေါဋ္ဌပါဒသည် ဥပဇ္ဈာယ်ဆရာ အရှင်အာနန္ဒာ သီတင်းသုံးတော်မူခဲ့သော သာဏတောင်မှာပင် ဆက်လက်၍ သီတင်းသုံး၏။ ထို့ကြောင့် ပတ်ဝန်းကျင်မှာ ရှိနေကြသော
ဒကာ ဒကာမများက မူလဘွဲ့မည်ရင်းအစား သာဏ၀ါသီမထေရ်-ဟူ၍ ကြည်ညိုလေးမြတ်စွာ ခေါ်ဝေါ်၍ လာခဲ့ကြလေသည်။အရှင်သာဏ၀ါသီသည် တပည့်ရဟန်း၁၂-ပါးတို့အား ပရိယတ်၊ ပဋိပတ် နှစ်မျိုးလုံးဖြင့်
ချီးမြှောက်ကာ သက်တော်ဝါတော် ကြီးရင့်လာကာ မထေရ်ကြီးဘ၀သို့ ရောက်လာ လေသည်။ ဤအချိန်တွင် မထေရ်မြတ်ကြီး၏ ဆွေမျိုးငါးရာတို့ ကွယ်လွန်ကြလေရာ ကုသိုလ်ကောင်းမှုကို တခုမျှ မပြုခဲ့ဘူးကြ၍
 ပြိတ္တာဘုံသို့ လားရောက်ကြရ၏။ ထိုတွင် အရှင်မြတ်ကြီး၏ ခမည်းတော်၊ မယ်တော်နှင့် အကိုကြီးတို့မှာ ကုဏ္ဍီမြို့ပတ်ဝန်းကျင်မှာပင် ကျင်လည်နေကြရ၏။ သူတို့မှာ နေ့စဉ်နှင့် အမျှ အပ်ကြီါ်ကြီးဖြင့်
ထိုးဆွခြင်းခံရသကဲ့သို့ ဝေဒနာဒဏ်ကို ခံစားနေကြရ၏။ ဘယ်လောက်ပူပူ၊ ဘယ်လောက်အေးအေး အ၀တ်ကလေး တထွာတညိုမျှ မကပ်နိုင်ကြပေ။ ပြိတ္တာဘ၀ ရောက်လာ သည်မှ စတင်ကာ အစာအာဟာရဟူ၍
 လုံးဝမစားရ၊ မသောက်ရသဖြင့် အမြဲတမ်း ဆာလောင် မွတ်သိပ်၍ နေကြရပေသည်။ သူတို့သည် စားစရာရှာဖွေရင်း သားဖြစ်သူ အရှင်မြတ်ကြီး ဆွမ်းခံကြွနေသည်ကို လှမ်း၍ မြင်ကြရပါ၏။ သို့ရာတွင် မိမိတို့က
သူ့ကို ပစ်ပစ်ခါခါ အိမ်မှ နှင်ထုတ်ခဲ့ဖူးသည့်အဖြစ်ကို ပြန်လည်၍ သတိရနေကြသဖြင့် ကိုယ်ထင်ပြ၍ အကူအညီမတောင်းရဲကြပေ။ အကိုကြီးဖြစ်သော ပြိတ္တာသည် ကား လူ့ဘ၀တုန်းက သူ့အပေါ် မေတ္တာရှေ့ထား၍
 ပြုစုစောင့်ရှောက်ခဲ့ဖူးသည့် အဖြစ်ကို အားကိုးကာ အရှင်မြတ်ကြီးထံသို့ အရဲစွန့်၍ ချဉ်းကပ်လာ၏။ အရှင်မြတ်ကြီး ဆွမ်းခံကြွရာ လမ်းနဘေးတွင် လေးဖက်ထောက်၍ သွားနေရပုံဖြင့် ကိုယ်ထင်ပြ၏။
သာဏ၀ါသီ အရှင်မြတ်ကြီးသည်ကား သွားနေကျ လမ်းကြောင်းမှတပါး အခြားသို့ စောင်းငဲ့၍ ကြည့်ရှုလေ့ မရှိသဖြင့် အကိုကြီးပြိတ္တာကို မမြင်မိချေ။ ဤတွင် အကိုကြီးပြိတ္တာက- “အရှင်ဘုရား၊ အရှင်ဘုရား၊
ရပ်တော်မူပါဦးဘုရား။ တပည့်တော်က အရှင်ဘုရားရဲ့ အကိုကြီးပါဘုရား”။ ဤသို့ အသံပြု၍ လျှောက်ထားရ၏။ ဤတွင်မှ အရှင်သာဏ၀ါသီက စောင်းငဲ့၍ကြည့်ရှုကာ ဤသို့ တုံ့ပြန်မိန့်ကြား၏။
 “အလို အကိုကြီးဘ၀က တယ်ပြီးဆိုးရွားလှပါလား။ ရထားတဲ့ ရုပ်ခန္ဓာကလည်း အရုပ်ဆိုးပါဘိ။ အ၀တ်အစားက လုံးဝမရှိ။ အသားအရေဆိုတာကလည်း လုံးဝမရှိသလောက်၊ တကယ့်ကမ္မဋ္ဌာန်းရုပ် ဖြစ်နေပါပေါ့
ကလား။” “မှန်ပါ၊ ပြိတ္တာဘုံသားမှန်သမျှ ဒီလိုပဲ ဆင်းရဲကြရပါတယ်ဘုရား။ ဒီလို ဆင်းရဲရတာ တပည့်တော် တယောက်တည်း မဟုတ်ပါဘူး။ အရှင်ဘုရားရဲ့ ခမည်းတော်နဲ့ မယ်တော်ကြီးတွေလည်း ပါဝင် ပါတယ်။
 အရှင်ဘုရား ငယ်စဉ်တုန်းမှာ သူတို့က အရှင်ဘုရားကို အိမ်က နှင်ထုတ်ခဲ့ဖူး တာကြောင့် အရှင်ဘုရားရှေ့မှာ ကိုယ်ထင်မပြ၀ံ့ကြပါဘူးဘုရား။” “အို- ဖြစ်ရလေ၊ ပြီးခဲ့တာတွေက ပြီးခဲ့ပါပြီလေ။
 ဒီတော့ အကိုကြီးက ခမည်းတော်နဲ့ မယ်တော်ကြီး ကိုခေါ်ပြီး ကျောင်းက သွားစောင့်နေကြပါ။ ကုဏ္ဍိမြို့ထဲမှာ ဆွမ်းခံပြီးတော့ ပြန်လာခဲ့မယ်။” ဤသို့ မိန့်ကြားပြီးလျှင် အရှင်သာဏ၀ါသီသည် နောက်ပါရဟန်း
၁၂-ပါးနှင့်တကွ ကုဏ္ဍိမြို့တွင်း၌ ဆွမ်းခံကြွ၏။ ဆွမ်းခံ၍ ပြန်လာကြသောအခါ ဆွမ်းစားကျောင်းပေါ်မှာ သံဃာကုန်စုဝေးကြ၍- “ကဲ ငါ့ရှင်တို့၊ ငါတို့ရဲ့ မိဟောင်း ဖဟောင်း အကိုကြီးဟောင်း ပေတလောကသားတွေ
ကို ကျွေးမွေးဖို့ တာဝန်ရှိနေပေတယ်။ ဒါကြောင့် ငါ့ရှင်တို့ရလာသမျှ ဆွမ်းသပိတ်တွေကို ငါ့ဆီ ကပ်လှူကြပါ။ ကောင်းပါပြီ အရှင်ဘုရား။” တပည့်သံဃာများက ရိုသေစွာ တုန့်ပြန်ကြပြီးလျှင် မိမိတို့၏ ဆွမ်းသပိတ်
များကို အရှင်မြတ်ကြီးအား အသီးသီး ဆက်ကပ်ကြ၏။ အရှင်မြတ်ကြီးသည် မိမိရှေ့မှာ အစီအရီချထားသော ဆွမ်းသပိတ်တို့ကို လက်ဖြင့်သုံးသပ်ကာ- ဤဆွမ်းတို့ကို သံဃာအား လှူဒါန်းပါ၏။
ဤသို့လှူရသော ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မိဟောင်း ဖဟောင်း အကိုဟောင်း ပေတလောကသားတို့အား အမျှပေးပါ၏။ အမျှပေးပါ၏။ အမျှပေးပါ၏။ သာဓု သာဓု သာဓု။
အနုမောဒနာပြုသံ သုံးကြိမ်အဆုံးတွင် ပြိတ္တာသုံးယောက်၏ ရှေ့မှောက်တွင် စားကောင်းသောက်ဖွယ်တွေ အငွေ့တထောင်းထောင်းနှင့် ရောက်လာကြပေ တော့သည်။ သူတို့ခမြာ အစားအစာနှင့်
လုံးဝမတွေ့ကြရဘူးသဖြင့် အစားအစာကို မြင်သည်နှင့် တပြိုင်နက် အရှင်မြတ်ကြီး၏ အမိန့်သံကိုပင် မစောင့်နိုင်တော့ဘဲ သုံးယောက်သား ခေါင်းချင်း ဆိုင်ကာ ဗိုက်ကြီးတွေကားလာအောင် အငမ်းမရ
စားလိုက်ာ့ပေတော့သည်။ ထို့နောက် အရှင်သာဏ၀ါသီသည် ပြိတ္တာသုံးယောက်တို့အတွက် အ၀တ်အစားပေးနိုင်စေရန် လူတို့စွန့်ပစ်ထားသော အမှိုက်ပုံထဲက အ၀တ်စများကို ရှာဖွေ၍ ပံ့သကူကောက်ယူကာ
သန့်ရှင်းစွာ လျှော်ဖွပ်ပြီးလျှင် အရပ်လေးမျက်နှာမှ ကြွလာကြသော သံဃာတော်တို့အား ရည်မှန်းကာ သင်္ကန်းချုပ်စရာ အ၀တ်စအဖြစ်ဖြင့် လှူဒါန်း၏။ လှူဒါန်းရသည့် ကုသိုလ်၏အဖို့ဘာဂကို ပြိတ္တာသုံးယောက
်တို့အား အမျှပေးဝေ၏။ ပြိတ္တာသုံးယောက်တို့သည် သာဓုခေါ်သံ အဆုံးတွင် ကောင်းမွန်လှစွာ၊ အမျိုးအမည်စုံစွာ၊ အရောင် အသွေး စုံစွာသော အ၀တ်အထည်တို့သည် သူတို့၏ရှေ့မှာ ကောင်းကင်မှ
တွဲလောင်းကျလျက် ရှိနေကြပေတော့သည်။ ထိုမှတဖန် ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့အတွက် နေစရာအိမ်ဂေဟာ လိုအပ်နေသေးသဖြင့် သစ်ရွက်မိုးကျောင်းကလေးကို အလျင်အမြန်ဆောက်ကာ
သံဃာအား လှူဒါန်းရပြန်၏။ ထိုမှ ဆက်လက်၍ ပြိတ္တာတို့အတွက် သောက်ရေရပါစေရန် ရေစစ်ဖြင့် သောက်ရေကို စစ်ယူပြီးလျှင် သံဃာအား ရည်မှန်း၍ လှူဒါန်းရပြန်၏။ ထို့နောက်တွင်ကား သွားရေးလာရေး
အတွက် အခက်တွေ့ နေကြရသော ဆွေဟောင်း မျိုးဟောင်း များ စီးစရာယာဉ်ရထား ဖြစ်ပေါ်လာစေရန် မိမိ၏ တလွှာတည်းသာရှိသော ဖိနပ်ကို သံဃာတော် အား ရည်မှန်း၍ လှူဒါန်းရပြန်ပေသည်။
ဤတွင်မှ အစစချို့တဲ့ပြတ်လပ်၍ နေခဲ့ကြရသော ဆွေဟောင်းမျိုးဟောင်း ပြိတ္တာတို့သည် လိုအပ်သမျှ ပြည့်စုံစွာ ရရှိကာ ချမ်းချမ်းသာသာ နေထိုင်ကြရလေတော့သည်။
( စူဠ၀ဂ်၊ သာဏ၀ါသီထေရပေတ၀တ္ထု)
ဝဏ္ဏသီရိ
နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး
နတ်ပြည်သို့ ပြောင်းရွှေ့ သွားသော ရွာကလေး
              ရှေးအခါက မဂဓတိုင်းတွင် မစလ ခေါ်သော ရွာကလေးတစ်ရွာ ရှိခဲ့ဖူး၏။ အိမ်ခြေသုံးဆယ့်သုံးအိမ် မျှသာ ရှိသည်။ ထိုရွာ၌ မဃ ဆိုသူလည်း နေ၏။ ရွာသူရွာသားတို့ သည် ရပ်ရေးရွာရေး ကိစ္စရှိလျှင် ရွာလယ်ခေါင် လမ်းလေးခွ၌ စုဝေးတိုင်ပင်လေ့ရှိကြ၏။ တစ်နေ့ သောအခါ မဃ့ သည် လူအများ စုဝေးမည်ရှိစဉ် မိမိရပ်နေသော နေရာ၌ အမှိုက်သရိုက် ခဲသလဲ ခြေဖျားကလေးနှင့် ဖယ်းမ်းပြီး နေ၏။ သူရပ်နေသော နေရာတွင် ထိုင်မှမထိုင်ရသေး။ နောက်မှ ရောက်လာသူ တစ်ဦးက ပြောင်ရှင်း ညီညာနေသော သူ့ နေရာကလေး၌ထိုင်ရန် သူ့ အား တွန်းဖယ်ရှားပြီး လု၍ထိုင်၏။ မဃကား စိတ်မဆိုးဘဲ သည်းခံပြီး ဖယ်ပေးကာ အခြားတစ်နေရာ၌ ရပ်ပြီး ခြေထောက်ဖြင့် ဝှေ့ ယမ်းရှင်းလင်း နေစဉ် ထိုင်မှမထိုင်ရသေးခင် အခြားတစ်ယောက်က သူ့ အား တွန်းဖယ်ပြီး နေရာလု ထိုင်ပြန်၏။ ဤနည်းဖြင့် စိတ်မဆိုးအားဘဲ တစ်နေရာပြီး တစ်နေရာ ရှင်းလင်းကာ နေရာယူရရှာ၏။ မဃ့ သည် စိတ်မဆိုးဘဲ ငါလုပ်တာ သူတို့ စိတ်ချမ်းသာသွားပြီဟု ဝမ်းမြောက်ကာ အများချမ်းသာမှု ကိုချည်းပြုရန် စိတ်ထက်သန်လာ၏။ အမှတ်မထင် ခြေထောက်ဖြင့် ခဲသလဲ အမှိုက်သရိုက်များကို ဖယ်ရှားရာမှ သူတစ်ဖက်သား ချမ်းသာစေလိုသော မေတ္တာအင်အားကြီးကို စတင်တွေ့ ရှိကာ ထို ကိုယ်ချင်းစာစိတ်ကို အခြေခံ၍ မိမိသူတစ်ပါးချမ်းသာရေးအတွက် အခြားကျင့်ဝတ်များနှင့် ကောင်းမှု လုပ်ငန်းများကို တသီတတန်းကြီး တွေ့ မြင်လာ၏။ တွေ့ မြင်သည့်အတိုင်းလည်း ဇောက်ချလုပ်ရန် ဆန္ဒဖြစ်ပေါ်လာလေသည်။ မိမိအတွက် သူတစ်ပါးဒုက္ခမရောက်စေရန် ဦးစွာ ငါးပါးသီလကို ကျင့်သုံးကာ နောက်တစ်ရက် ထိုနေရာသို့ သွား၍ လူသုံးဆယ်ကျော် နေထိုင်လောက်ရုံ မြေနေရာ၌ ပေါက်တူးပေါက်ပြားများဖြင့် မြေဖို့ မြေညှိပြီးလျှင် သဲများပင် ခင်းပေးထားလိုက်သေးသည်။ လူများမှာ ချမ်းချမ်းသာသာနေရ၍ ဝမ်းသာနေကြ၏။ နောက်ရက် နောက်လများ၌ မဏ္ဍပ်ကလေးထိုးကာ သောက်ရေအိုးပင် တည်ထားပေးရာ လူအများ ပို၍ ဝမ်းသာကြ၏။ ရပ်ရေးရွာရေး ဆွေးနွေးလာသူများသာမက ရွာထဲမှ အဘိုးအို အဘွားအို နှင့် ကလေးများပင် အချိန်မရွေး လာရောက်စုဝေးကြရာ မဃ့ သည် ပို၍ပင်ဝမ်းသာကာ ဆောင်း အခါတွင် မီးလှုံရန် ထင်းများကိုပင် တောထဲမှ သယ်ယူထမ်းပို့ ထားလေသည်။ မဃ၏ ကာယကံမေတ္တာသည် မွန်မြတ်လှပါပေ၏။ ထို့ နောက် ယာယီမဏ္ဍပ်ကိုဖျက်ကာ အခိုင်အမာ ရွာလယ် ဇရပ် ဆောက်လှူလိုက်၏။ အိပ်ရန် ထိုင်ရန် ခုံများကိုပါ ပြုလုပ်ပေးရာ မစလ တစ်ရွာလုံး ဝမ်းသာမဆုံးကြတော့ချေ။ အင်း နေချင့်စဖွယ်လုပ်ထားရင် လူတိုင်းသဘောကျတယ်။ ကောင်းတာဆိုရင် မကြိုက်တဲ့လူရယ် မရှိပါကလား။ ငါလုပ်တာ ကောင်းတဲ့အလုပ်ပဲ၊ ရှေ့ ကိုတိုးလုပ်မှ တော်မယ်။ မြို့ ကိုသွားတုန်းက တွေ့ ခဲ့ရတဲ့ ရှင်ဘုရင်တွေ မှုးကြီးမတ်ကြီးတွေဟာလည်း သူတို့ ခုလို စည်းစိမ် ချမ်းသာမျိုးနဲ့ နေကြရတာ အကြောင်းမဲ့မဟုတ်တန်ဘူး။ ဒီလို ကောင်းမှုအလုပ်တွေ လုပ်ခဲ့ကြ လို့ သာ နေမှာပဲ။ နောက်ပြီး လတို့ နေတို့ ဟာလနတ်သား နေနတ်သားတွေလို့ ပြောကြတယ်။ အဲဒီ နတ်သားတွေဟာလည်း ဒီလို ကောင်းမှုတွေလုပ်ခဲ့ကြလို့ နေမှာပဲ။ တခြားအကြောင်းရှိမယ် မထင်ဘူး။ မဃ့ သည် သူဥာဏ်မှီသမျှ ဆက်၍စဉ်းစားကာ အများချမ်းသာရေးကို ဦးတိုက်၍ ကောင်းမှုမှန်သမျှ တိုးပြီးလုပ်ရန် ဆန္ဒတွေ ဖြစ်ပေါ်လာ၏။ ထိုသို့ လုပ်လျှင် လူများလည်း ချမ်းသာသထက် ချမ်းသာ၍ မိမိလည်း နောက်ဘဝတွင် ချမ်းသာသည်ထက် ချမ်းသာမည်ဟုလည်း ယုံကြည်နေ၏။ ထို့ ကြောင့် ပထမဆုံး ရွာ့အပြင် လမ်းပန်းများကို ပြင်ဆင်ရန် နံနက်စောစောထ၍ ဆန်ပြုတ် သောက်ပြီးလျှင် တောင်း တူရွင်း ဓားစသည် ယူဆောင်ကာ လူသွားလမ်းများကို ပြင်ဆင်၏။ လမ်းပေါ်ဖြတ်ကျော်ကျနေသော သစ်ကိုင်းများ ခုတ်ပယ်ရှင်းလင်း၏။ ခရီးသွားများနားနေရန် လမ်းဆုံလမ်းခွ၌ တဲများထိုးပေးထား၏။ တစ်နိုင်လုပ်အား ကောင်းမှုများကို နေ့စဉ်ြ့ပုလုပ်လေသည်။ တံတားခင်းသင့်သော နေရာ၌ တံတားခင်းခြင်း၊ ရေကန်တူးသင့်သော နေရာ၌ ရေကန်တူးခြငိး စသည်ဖြင့် ပရဟိတ လုပ်ငန်းများမှာ တိုး၍တိုး၍သာ လာ၏။ ပြီးဆုံးသည်ဟူ၍လည်း မရှိချေ။ နေထွက်မှနေဝင် တောမှာပင် အချိန်ကုန်လေတော့သည်။ ထိုသို့ နေစဉ်နှင့်အမျှလုပ်နေသော မဃကိုမြင်၍ အခြားဘဝတူ ရွာသားအချို့ က ကိုမာဃ ဘာလုပ်တာလဲဟု မေးရာ ငါကောင်းမှုလုပ်တာပါ၊ နတ်ပြည်လမ်းဖောက်နေတာပါ ဟုသာ ဖြေဆို၏။ ကောင်းမှုဆိုတာ ဘယ်လိုဟာလဲဟု မေးလျှင် သူသဘောပေါက်ထားသည့်အတိုင်း လူချင်းတူသော် လည်း အသက်ရှူကွဲဆိုသကဲ့သို့  ရှင်ဘုရင်များ မှူးမတ်ကြီးများကိုပင် သက်သေထူကာ မင်းတို့ မြို့ တော်သွားတဲ့အခါ မမြင်ဘူးဘူးလား စသည်ဖြင့် ကောင်းမှု၏ အဓိပ္ပါယ်ကို ရှင်းပြ၏။ အနို့  နတ်ပြည် လမ်းဖောက်တယ် ဆိုတာကရောဟု မေးပြန်လျှင် လနတ်သား နေနတ် သား အကြောင်း သက်သေထူကာ သူသဘောပေါက်သည့်အတိုင်းသာ ရှင်းပြလေ့ရှိသည်။ သူ၏ အပြောနှင့်အလုပ်ကို လူအများစိတ်ဝင်စားလာကြရာ နေပါဦး ကိုမာဃ ပြောတဲ့ နတ်ပြည်လမ်း ဖောက်တဲ့အလုပ်ဟာ ခင်ဗျားပဲ လုပ်လို့ ရသလား၊ ကျွန်တော်တို့ ရော လုပ်လို့ မရဘူးလားဟု ဆက်လက် မေးမြန်း၍ ရနိုင်ကြောင်း ဖြေဆိုလျှင် ဒီလိုဆို နက်ဖြန်မနက် တောထဲ သွားရင် ကျွန်တော့်ကိုလဲ အသံပြုပါဦးး ဟုဆိုကာ တစ်နေ့ တစ်ခြား လူဦရေတိုးလာကာ စုစုပေါင်း သုံးဆယ့်သုံးယောက် ဖြစ်လာ၏။ မစလရွာ အခြေခံဥပဒေ မိမိ သူတစ်ပါး အများချမ်းသာရေးကို ရလို ပေးလိုသူများ ဖြစ်လာကြကာ ငါးပါးသီလကိုလည်း အားလုံး လိုက်နာကျင့်သုံးကြကုန်၏။ နံနက် အိမ်မှထွက်၊ ညနေ နေ၀င်မှ အိမ်ပြန်၊ တစ်နေကုန် တောမှာနေ၍ လုပ်ငန်းများကို တစ်နေ့ထက် တစ်နေ့တိုးချဲ့ လုပ်ကိုင်ကြသည်။ ထိုမှတစ်ပါး ရွာလယ်ဇရပ်၌ အောက်ပါ စည်းမျဉ်းခုနစ်ချက်ကိုလည်း ရေးဆွဲထားကာ အားလုံး ရာသက်ပန် လိုက်နာကြရန် မကြာခဏ သတိပေး ဆွေးနွေးကြသည်။ ၁။ ရာသက်ပန် မိဘလုပ်ကျွေးရန်၊ ၂။ လူကြီးများအား ရိုသေလေးစားရန်၊ ၃။ တစ်ဦးနှင့်တစ်ဦး ချိုချိုသာသာ သိမ်သိမ်မွေ့ မွေ့ ပြောဆိုရန်၊ ၄။ ကုန်း မတိုက်ရန်၊ ၅။ တရားသဖြင့် အိမ်ထောင်ကို ဦးစီး၍ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းရန် ၆။ လိမ်လည်မပြောရန်။ ၇။ မည်သည့် အကြောင်းကြောင့်မျှ တစ်ဦးနှင့်တစ်ဦး စိတ်မဆိုးရ၊ အပြစ်မတင်ရ၊ အကယ်၍ ဒေါသထွက်မိ၊ အပြစ်တင်မိလျှင်လည်း ချက်ချင်း ဖြေဖျောက်ပစ်ကာ မေတ္တာပွားရန်တို့ ဖြစ်ကုန်၏။ ဤကား အိမ်ထောင်ဦးစီးတိုင်း ရာသက်ပန် လိုက်နာပါမည် ဟု ကတိဝန်ခံ၍ အဓိဋ္ဌာန်ပြုထား ကြသော သီးခြား မစလရွာ အခြေခံဥပဒေ တည်း။ မစလရွာသားတို့ သည် မဃ ဆိုသူ ဦးဆောင်၍ တစ်ရွာလုံး သူ့ အသက်မသတ်ရ၊ သူ့ ဥစ္စာ မခိုးရ စသော ကျင့်ဝတ်များကို ကျင့်၍ တစ်နေကုန် တောထဲထွက်ပြီး ကောင်းမှုလုပ်နေကြသဖြင့် မကျေမချမ်းဖြစ်ကာ နှောင့်ယှက်မည့်သူတစ်ဦး ပေါ်ပေါက်လာ၏။ ထိုသူကား မစလ စသော ရွာငယ်များကို အပိုင်စားရသူ ရွာစားကြီး ဖြစ်သည်။ အရက်ချက်ပြီး သောက်မယ်၊ ရောင်းမယ်၊ သားငါးလိုက်မယ်၊ ဒါမှမဟုတ် တခြားလုပ်ငန်းတစ်ခုခုကို လုပ်မယ်ဆိုရင် အရက်တစ်အိုးလျှင် မည်ရွေ့ မည်မျှ စသည်ဖြင့် အကောက်လဲရမယ်၊ ဒဏ်ရိုက်လို့ လည်း ရမယ်။ ခုတော့ အရက်မသောက်ရ၊ သူ့ အသက် မသတ်ရ ဆိုတော့ ငါ့မှာ ၀င်ငွေလျော့ကုန်ပြီ။ ရွာစားကြီးသည် မစလ ရွာသားများအပေါ် မကျေမချမ်းဖြစ်ကာ ခေါ်ငင်သတိပေး၏။ လုပ်ငန်းများကို မေးလျှင် "ကောင်းမှုလုပ်သည်၊ နတ်ပြည်လမ်းဖောက်သည်"ဟုသာ ဖြေဆိုကြသဖြင့် မကျေနပ်ချေ။ အိမ်ရာထောင်သူများ ဤသို့  မလုပ်သင့်ကြောင်း တားမြစ်၏။ မရသည့်အဆုံး ရှင်ဘုရင်ထံ သွားရောက်၍ "တိုင်းပြည်ကို လုပ်ကြံမည့်သူများ ဖြစ်လေဟန် ဥာဏ်ဆင်၍ သံတော်ဦးတင် လေသည်။ ရွာလယ်ဇရပ်မှာ အဖမ်းခံရခြင်း မဃ အမှူးရှိသော မစလရွာသားတို့ သည် တစ်နေကုန် တော၌ လုပ်ကိုင်ပြီးနောက် နေမ၀င့်တ၀င်အချိန် အိမ်သို့  ပြန်လာကြကာ ရေမိုးချိုး စားသောက်ပြီး သည်နှင့် ရွာလယ်ဇရပ်၌ စုဝေးတိုင်ပင်နေကြ၏။ မစလ အခြေခံဥပဒေခေါ် ကတိက၀တ် စာတမ်းများကို ဆွေးနွေးကြ၏။ နက်ဖြန် တော၌ လုပ်ဆောင်ရမည့် ရေတွင်း၊ ရေကန်၊ တံတားခင်း၊ လမ်းပန်းဖောက်ခြင်း ကိစ္စများအတွက် ကြိုတင်တိုင်ပင်ညှိနှိုင်းကြသည်။ ထိုအခိုက် ကြိုတင်စီစဉ်ထားသော ရွာစားကြီး၏ ခြေထိုးမှုအရ မဂဓ ဘုရင့်တပ် များသည် မစလရွာ အ၀င်အထွက်လမ်းများ၌ ကင်းစောင့်ချကာ ရွာလယ်ဇရပ်ကို ၀ိုင်းဝန်းထားကြသည်။ စစ်တပ်နှင့်အတူပါလာသော ရွာစားကြီးက --- "ဟေ့ .. မင်းတို့ မပြေးကြနှင့် ၊ ဒါ ဘုရင့်အမိန့် တော်ကွ" ဟုဆိုကာ ဖမ်းဆီးကြ၏။ မစလ ရွာသားများလည်း အသာတကြည် လိုက်ပါသွားကြသည်။ မစလရွာသူ အိမ်ရှင်မ များမှာမူ စိတ်မဆင်းရဲကြသည့်အပြင် မိမိလင်ယောက်ျားများအပေါ် ရှေးကပင် မကျေနပ်ကြသဖြင့် - "အဖမ်းခံရတာပဲ ကောင်းကောင်းပါအေ၊ သူတို့တို့ကို လှည့်စားနေတာကြလှပြီ၊ ကောင်းမှု လုပ်တယ်၊ ကောင်းမှုလုပ်တယ်ဆိုပြီး တစ်နေကုန် တောထဲမှာပဲနေ၊ အချန်ကုန်မှ ပြန်လာ၊ အိမ်အလုပ်တွေ ပျက်လိုက်တာ၊ ဘာစီးပွားမှလဲ မတိုးတက်ပါဘူး" ဟုဆိုကာ မေးငေါ့ပြီး ကျန်ရစ်ခဲ့ကြ၏။ စစ်တပ်ကြီး ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဘုရင့်ထံ ပို့ဆက်ကြရာ ဘုရင်မှာ မည်သို့မျှ မစစ်ဆေးတော့ဘဲ ရွာစားကြီး၏ တစ်ဘက် စကားကိုသာ ယုံစားလျက် မင်းရင်ပြင် (နန်းတော် ရင်ပြင်၌) ချည်တုတ်ဆွဲခေါ်ပြီး ဆင်ဖြင့် နင်းသတ်ရန် တစ်ချက်လွှတ် အမိန့် ချမှတ်လိုက်လေသည်။ ခေါင်းဆောင်လုပ်သူ မဃကမူ ဘ၀တူ မိတ်ဆွေများအား "အားမငယ်ကြပါနှင့်ကွာ" ဟု ပြောဆိုရင်း လိုက်ပါလာ၏။ ရန်သူကို စိတ်မဆိုးရ "မိတ်ဆွေတို့ ၊ မိတ်ဆွေတို့ အားလုံး ကျုပ်စကားကို နားထောင်ကြမလား" ဟုလည်း မဃက မေးလိုက်ရာ - "ခင်ဗျားစကား နားထောင်ခဲ့ကြလို့  ယခု ကျုပ်တို့ တတွေ ဘေးတွေ့ ပြီ၊ ဒါပေမယ့် ယခုလည်း နားထောင်ပါ့မယ်၊ ပြောသာပြောပါ၊ ကျုပ်တို့ကို ဘာလုပ်စေချင်သလဲ"ဟု ဆို၍ - "မိတ်ဆွေတို့ ၊ ဘ၀ခရီး သွားနေတဲ့သူတွေအတွက် ဒါ ဖြစ်ရိုးဖြစ်စဉ်ပါ၊ ဘာမှ အားငယ်စရာ မလိုပါဘူး၊ တစ်ခုတော့ ပြောချင်တယ်၊ မိတ်ဆွေတို့ အားလုံးဟာ သူတို့ ပြောတဲ့အတိုင်း လူဆိုး၊ သူခိုး၊ ပုန်ကန်မယ့်သူတွေလား" "ဘယ်ကလာ.. ကျုပ်တို့ သူခိုးသူပုန် ဟုတ်ရမှာလဲဗျာ့" "အေး ... ဒါ အမှန်တရားပဲ၊ ကျုပ်တို့  အားကိုးရမှာ ဒါပဲ ရှိတယ်၊ ဒီ အမှန်တရားကို ဘယ်သူမှ မတော်လှန်နိုင်ပါဘူး မိတ်ဆွေတို့ရယ်၊ ငါသည် သူခိုးသူပုန် ဟုတ်ရိုးမှန်ရင် ဆင်ကြီး နင်းသတ် ပါစေ..။ မဟုတ်လျှင် မနင်းသတ်ပါစေနှင့်၊ မိတ်ဆွေတို့ အားလုံး ကျုပ်က စပြီး ဒီသစ္စာပြုကြရမယ်" “ကောင်းပါပြီ၊ ပြုပါမယ်" "နောက်ပြီး အရေးကြီးဆုံးက ကျုပ်တို့ တတွေ ရွာမှာနေတုန်းက နေ့ ရှိသမျှ လိုက်နာကျင့်သုံးခဲ့ကြတဲ့ ကိုယ်ကျင့်တရားတွေ၊ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ပြန်ပြီူ စဉ်းစားကြဖို့ လိုပါတယ်၊ ဒါ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုကို အသစ်ထပ်ပြုတာပါပဲ" "နောက်တစ်ခုက ကျုပ်တို့ တတွေ ကတိက၀တ် စာတမ်းမှာ ရာသက်ပန် မည့သူ့ အပေါ်ကိုမျှ အပြစ်မတင် စိတ်မဆိုးပါဘူး၊ မတော်တဆ စိတ်ဆိုးမိသွားလျှင်လဲ ချက်ချင်း ဖြေဖျောက်ပါ့မယ်" ဆိုတဲ့ ကျင့်ဝတ်ကို ဒီကနေ့ တိုးပြီး လိုက်နာကြဖို့ လိုပါတယ်။ ဒီတော့ မိတ်ဆွေတို့  .... ၁။ ကျုပ်တို့ ကို အကောက်ကြံတဲ့ ရွာစားကြီးအပေါ်ကိုရော၊ ၂။ မဂဓပြည့်ရှင် ဘုရင်မင်းမြတ်ကြီးအပေါ်ကိုရော၊ ၃။ နင်းသတ်မယ့် ဆင်ရိုင်းကြီးအပေါ်ကိုပါ မိမိကိုယ်နှင့် တစ်ထပ်တည်း စိတ်ထားပြီး မေတ္တာကိုသာ စူးစူးစိုက်စိုက် ပွားကြပါ"။ ဆင်ဖြင့် နင်းသတ်ခြင်း မဃက ဘ၀တူများအား သတိပေးနေစဉ်မှာပင် မစလရွာသားများ အားလုံးကို ချုပ်နှောင် ဆွဲခေါ်ပြီးလျှင် နန်းရင်ပြင် အလယ်၌ ၀မ်းလျားမှောက် တန်းစီခိုင်းထား၏။ ဆင်ဦးစီးများသည် ဆင်ရိုင်းကြီးများအား နင်းသတ်ရန် ညာသံပေး၍ မောင်းနှင်၏။ ဆင်ရိုင်းကြီးမှာ တစ်လှမ်းနှစ်လှမ်း သွားရုံမျှ သွားပြီးလျှင် ရှေ့ သို့ မတိုးဘဲ အော်မြည်နေ၏။ လှံများ မှိန်းများဖြင့် ထိုးနှက် မောင်းနှင်ကြ သော်လည်း မရ၊ ရင်ကွဲမတတ် အော်မြည်လျက် ထွက်ပြေးလေ၏။ ရွာစားကြီးနှင့်တကွ လူအများ အံ့အားသင့်နေကြလေသည်။ ထိုအကြောင်း မဂဓ ဘုရင်ကြီးအား သွားရောက် သံတော်ဦးတင်ကြရာ အခြား ဆင်ရိုင်းကြီး တစ်ကောင်ဖြင့် လဲလှယ်၍ နင်းသတ်ရန် အမိန့် ချလိုက်ပြန်၏။ အခြား ဆင်ရိုင်းကြီးတစ်ကောင်ဖြင့် နင်းသတ်ခိုင်းပြန်ရာတွင်လည်း မရချေ။ ဆင်တင်းကုပ်တွင် ရှိသမျှ ဆင်များကို တစ်ကောင်ပြီး တစ်ကောင် ဆွဲထုတ် နင်းသတ်စေရာ တစ်ကောင်မှ မနင်းဝံ့ဘဲ ရှိကြလေ၏။ "လူတွေ သည်အတိုင်း မြင်နေရလို့  မနင်းဝံ့ဘဲနေတာ ဖြစ်လိမ့်မယ်"အထင်ဖြင့် မစလရွာသားများကို ဖျာယိုင်ဖုံးအုပ်၍ နောက်တစ်ချီ နင်းသတ်ခိုင်းပြန်ရာ မည်သည့်ဆင်မျှ မနင်းဝံ့ဘဲ အော်မြည် ထွက်ပြေး၍ချည်းသာ သွားကြလေသည်။ မဂဓဘုရင်ကြီးသည် မည်သို့ မျှ ဆင်ဖြင့် နင်းသတ်၍ မရသောအခါ အကြံရခက်နေ၏။ ဆေးမြစ် ဆေးကောင်း အဆောင်ကောင်း ရှိမရှိ တစ်ယောက်စီ စစ်ဆေးခိုင်းရာ မည်သည့် အဆောင်မျှ မတွေ့ ။ တစ်စုံတစ်ခုသော အတတ်ပညာကြောင့်များလား ထင်ကာ မေးမြန်းစစ်ဆေးရာ ခေါင်းဆောင် မဃက "ဟုတ်ကဲ့ ကျုပ်တို့ မှာ မန္တာန်ရှိပါတယ်"ဟု ဆိုသဖြင့် ဘုရင့်ထံ ခေါ်ဆောင် သွားကြသည်။ ဘုရင်က တတ်သိသော မန္တန်ကို ပြောစေခိုင်းရာ - မဃက "ကျွန်တော်မျိုးတို့  တတ်ထားတဲ့ မန္တန်က တခြားမဟုတ်ပါ၊ သူ့ အသက်ကို မသတ်ပါ၊ သူ့ ဥစ္စာကို မခိုးပါ၊ သူ့ အိမ်ရာကို မကျူးလွန်ပါ၊ လိမ်လည် မပြောပါ၊ သေရည်သေရက် မသောက်စားပါ၊ မေတ္တာ ပွားပါတယ်၊ တတ်နိုင်သမျှ လှူဒါန်းပေးကမ်းပြီး ကောင်းမှုလုပ်ပါတယ်၊ နတ်ပြည်လမ်း ဖောက် ပါတယ်" ဤသို့  စသည့်ဖြင့် မစလ ဥပဒေများ၊ အများချမ်းသာကောင်းစားရေး အတွက် လုပ်ဆောင်ချက်များ အားလုံးကို ဖော်ပြကာ .... "ဒါဟာ ကျွန်တော်မျိုးတို့ ရဲ့  မန္တန်ပါပဲ၊ ပရိတ်ပါပဲ၊ ကြီးပွားရေးလုပ်ငန်းလဲ ဖြစ်ပါတယ်။" ဟု သံတော်ဦး တင်လိုက်၏။ ရွာလုံးကျွတ် နတ်ပြည်ပြောင်း၍ ရွာတည်ခြင်း သစ္စာပြုကာ မေတ္တာ ဘာဝနာ ပွားများပုံများကိုပါ ကြားသိရသဖြင့် မဂဓဘုရင်ကြီးသည် - "အမောင်တို့  ၊ အဟိတ်တိရစ္ဆာန်ဖြစ်တဲ့ ဆင်ကတောင် မောင်တို့ ရဲ့  ကျေးဇူးဂုဏ်ကို သိပေတယ်၊ ငါကိုယ်တော်မြတ်ဟာ လူပင်ဖြစ်လျက် မသိခဲ့ဘူး၊ မောင်တို့ ခွင့်လွှတ်ကြပါ" ဟုဆိုကာ ကုန်းတိုက် (ခြေထိုး)သူ ရွာစားကြီးမိသားစုကို ရွာစားအရာမှချ၍ မစလ ရွာသားများအား အခိုင်းအစေအဖြစ် ပေးကာ မစလရွာကိုလည်း လွတ်လပ်စွာ အုပ်ချုပ်နေထိုင်ကြရန် ဆုတော်ငွေများနှင့် ဆင်ကိုပါ ဆုချ လိုက်သဖြင့် ဆင်စီး၍ ၀မ်းသာစွာ ပြန်ကြလေ၏။ ဆင်ကို တစ်လှည့်စီ စီး၍ ပြန်လာကြစဉ် လမ်းခရီး၌ - "မိတ်ဆွေတို့  နောက်ဘ၀အတွက် ရည်ရွယ်ပြီး ငါတို့ လုပ်ခဲ့တဲ့ ကောင်းမှုဟာ ရေထဲက ထိုးထွက် လာတဲ့ ကြာပန်းလို ငါတို့ မှာ အခုလက်ငင်း ခံစားနေကြရပါပကောလား။ မိတ်ဆွေတို့ ၊ ဒီကရှေ့ ကောင်းမှုကို တိုးပြီးလုပ်မှ တော်မယ်"ဟု ပြောဆိုကြကာ ရှေးကထက်ပို၍ ကြီးကျယ်သော တည်းခို ဇရပ်ကြီးများ စသည်တို့ ကို ပြုလုပ်ကြလေသည်။ မစလ ရွာလယ်ဇရပ်ကလေးမှာ သီးခြား မစလ လွှတ်တော်တစ်ခု ဖြစ်လာလေသည်။ မဃ အမှူးရှိသော မစလရွာသားများ သေလွန်ကြသောအခါ မစလ ရွာကလေး ရွာလုံးကျွတ် နတ်ပြည်သို့ ရွှေ့ ပြောင်းသွားကြ၏။ "တာဝတိံသာ"ဟု ယခုခေါ်ကြသည်။ မဃကား ယခုအခါ သိကြားမင်းကြီး ဖြစ်သတည်း။
ရခိုင်သီချင်း
Sunday, February 7, 2016
ပရိတ်ကြီး(၁၁)သုတ် ကို ရွတ်ဖတ်ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ
ပရိတ်ကြီး(၁၁)သုတ် ကို ရွတ်ဖတ်ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ
၁ ။ မင်္ဂလသုတ် = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသတိုင်း၌ ချမ်းသာစွာ နေရခြင်း။
၂ ။ ရတနသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေးတို့မှ ကင်းလွတ်နိုင်ခြင်း။
၃ ။ မေတ္တသုတ် = ရွတ်ဖတ်လိုက်နာခြင်းဖြင့် ဘီလူး၊ သရဲစသော မကောင်းဆိုးဝါးတို့က ကြောက်မက်ဖွယ် အာရုံကို မပြနိုင်ခြင်း၊ ချမ်းသာစွာအိပ်ရ၊ နိုးရခြင်း စသောအကျိုး ၁၁ ပါး ရရှိနိုင်ခြင်း။
၎ ။ ခန္ဓသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် သတ္တ၀ါ အားလုံးတို့၏ ပြင်းထန်သော အဆိပ်နှင့်ဘေးရန် အမျိုးမျိုးတို့ကို ပပျေက်စေနိုင်ခြင်း။
၅ ။ မောရသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် မင်းဘေး စသော ဘေးရန် အပေါင်းတို့မှ လွတ်ကင်းနိုင်ခြင်း။
၆ ။ ၀ဋ္ဋသုတ် = ရွတ်ဖတ်ပူဇော်ခြင်းဖြင့် မီးမလောင်နိုင်ခြင်း၊ မီးဘေးမှ ကင်းလွတ်နိုင်ခြင်း။
၇ ။ ဓဇဂ္ဂသုတ် = စိတ်ထဲတွင် ဆင်ခြင်အောက်မေ့ရုံမျှဖြင့် ကောင်း ကင်၌ မြေပြင်အလား ရပ်တည်နိုင်ခြင်း၊ ထိတ်လန့်ကြောက်ရွံ့ခြင်း မှ ကင်းလွတ်နိုင်ခြင်း။
၈ ။ အာဋာနာဋိယသုတ်= ပွာများရွတ်ဖတ်ခြင်းဖြင့် နတ်ကြမ်း၊ ဘီလူးကြမ်း တို့က မညှင်းဆဲ မနှိပ်စက်နိုင်ခြင်း။
၉ ။ အင်္ဂုလိမာလသုတ် =ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ကိုယ်ဝန်ဆောင် မိခင်များ လွယ်ကူစွာ သားဖွားနိုင်ခြင်း၊ မိခင်ရော ကလေးပါ ကျန်းမာချမ်းသာခြင်း။
၁၀။ ဗောဇ္ဈင်သုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် နာမကျန်းဖြစ်၍ ဆင်းရဲဒုက္ခရောက်သူကို ဆင်းရဲ လွတ်ကင်းစေခြင်း၊ မာရ်စစ်သည်ကို နှိမ်နင်းချေဖျက်နိုင်ခြင်း၊ သံသရာမှ လွတ်မြောက်နိုင်ခြင်း၊ ဇာတိ၊ ဇရာ၊ မရဏဘေးတို့မှလွတ်ရာ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ခြင်း။
၁၁။ ပုဗ္ဗဏှသုတ် =ပွားများရွတ်ဖတ်ပါက မကောင်းသော အတိတ်နိမိတ်များ၊ မကောင်းသော အမင်္ဂလာ ဟူသမျှ ငှက်ဆိုးသံ၊ ပါပဂြိုလ်၊ မကောင်းသော အိပ်မက်ဆိုးများ ပျောက်ကင်းနိုင်ခြင်း
အစရှိသော အကျိုးအာနိသင်များကို အသီးသီး ရရှိနိုင်ပါသည်။
Monday, February 1, 2016
ကြီးမြတ်သူဟူသည်
ကြီးမြတ်သူဟူသည်
လကုဏ္ဍကဘဒ္ဒိယမထေရ်ဟာ ဘုရားရှင်အားဖူးမြော်ရန် အဝေးကနေ လျှောက် လာနေ၏။ တကယ်တော့ လကုဏ္ဍကဟာ အရပ်လည်းပု၊ အဆင်းကလည်း မလှ။ သူ့ရဲ့ ကံဇာတာအားနည်းချက်ကြောင့် လူတိုင်းရဲ့ ပြောဆိုခြင်း၊ ကျီစယ်ခြင်းကို ခံနေရတယ်။
ဘုရားရှင်ဟာ အဝေးမှလာနေတဲ့ လကုဏ္ဍကကို မြင်တော်မူတဲ့အခါ ရဟန်းတွေကို ပြောပါတယ်။ "ရဟန်းတို့ ဟိုးမှာ အရပ်ပုပု၊ ရုပ်ဆိုးဆိုးနဲ့၊ လူတွေရဟန်းတွေရဲ့ အပြောအဆိုလှောင်ပြောင်ကျီစယ်မူကိုခံနေရတဲ့ လကုဏ္ဍကမထေရ်လာနေတာကို တွေ့လား? တွေ့ပါတယ်ဘုရား။
      အေး အဲဒီရဟန်းဟာ တန်ခိုးအာနုဘော်ကြီးမားပေတယ်။ မ၀င်စားဖူးတဲ့ သမာပတ်ဆိုတာ မရှိဘူး။ အကျင့်မြတ်ကို ကျင့်သုံးလို့ နောက်ဆုံး အရဟတ္တဖိုလ်၏အကျိုးကို ယခုဘ၀မှာပင် ထူးသောဥာဏ်နဲ့ မျက်မှောက်ပြုထားပြီးပြီ။
      "ရဟန်းတို့ ဟင်္သာ၊ ကြိုးကြာ၊ ဥဒေါင်း၊ ဆင်၊ ကျား၊ သမင်၊ ချေစသော အလုံးစုံသော သတ္တ၀ါတွေဟာ ခန္ဓာကိုယ်ကွဲပြားသော် လည်း ခြင်္သေ့ကို ကြောက်ကြတယ်။
       ထို့အတူပါပဲ လူတွေထဲမှာလည်း အသက်ငယ်ပင်ငယ်သော်လည်း ပညာရှိသူသာလျှင် ကြီးမြတ်သူဖြစ်တယ်။ လူမိုက်ဟာ ခန္ဓာကိုယ် ဘယ်လောက်ပဲ ကြီးကြီး ပညာမရှိဘူးဆိုရင် ကြီးမြတ်သူမဟုတ်ပါဘူး။" ဟု မိန့်တော်မူလိုက်ပါတယ်။
အရမ်းမှန်ကန်တဲ့စကားတော်ပါပဲ။ ကြီးမြတ်သူဆိုတာ သီလအခြေခံတဲ့ ပညာနဲ့ပဲ တိုင်းတာရတာပါ။ ပညာမရှိဘူးဆိုရင် ကိုယ်ခန္ဓာ ဘယ်လောက်ထွားထွား၊ အရပ်ဘယ်လောက်ရှည်ရှည်၊ ရုပ်ဘယ်လောက်လှလှ အောက်ကျနေမှာပါပဲ။ အရပ်ပုလို့ စိတ်မညစ်ပါနဲ့။ ရုပ်မလှလို့ စိတ်ဓာတ်မကျပါနဲ့ ကိုယ်ကျင့်တရားနဲ့ အသိပညာ အတက်ပညာတိုးပွားအောင် ကြိုးစားပါ။ ဒါဆိုရင် လူတိုင်းလေးစား ထိုက်တဲ့ ကြီးမြတ်သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
 အားလုံးပဲ သီလ၊ ပညာအားဖြင့် ကြီးမြတ်သူများ ဖြစ်နိုင်ကြပါစေ........။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
အမျိုးသမီးများဖတ်ဖို့
***အမျိုးသမီးများဖတ်ဖို့***
ဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ မလ္လိကာမိဖုရားက ဘုရားရှင်ထံကို ချဉ်းကပ်ရောက်လာခဲ့ပါတယ်။ သင့်တော်ရာက ထိုင်ရင်း လက်အုပ်ချီမိုး ရှိခိုးပြီး ပြဿနာလေးချက်ကို လျှောက်ထားပါတယ်။
ရုပ်ဆိုး ဆင်းရဲ
—————–
၁။ရှင်တော်မြတ်ဘုရား ဒိလောကမှာ အမျိုးသမီးအချို့က အဆင်းမလှပါ၊ အရုပ်ဆိုး အကျဉ်းတန်လှပါတယ်၊ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်ပံ့ကြောင့် ဒီလိုဖြစ်နေရပါသလဲ။
၁။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊ စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ ရန်ြငိုးထားတတ်တယ်၊ သိသိသာသာအမျက်ထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။
အဲဒီအမျိုးသမီးက ရဟန်း၊ သူတော်ကောင်းတို့အား ထမင်း၊ အဖျော်၊အ၀တ်၊ဖိနပ်၊ ပန်း၊နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာ၊နေရာ၊ မီးထွန်းစရာဆီဆိုတဲ့ ဒါန၀တ္ထုဆယ်ခုထဲက ဘာတစ်ခုကိုမျှ မပေးလှူဘူး၊ ပြီးတော့ ငြူစူတဲ့စိတ်
(ကိုယ့်ထက်သာမနာလိုတဲ့စိတ်)များနေတယ်၊ သူများလာဘ်ရတာ၊အရိုအသေခံရတာ၊အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာကို ငြူစူနေတယ်(မနာလိုမရူစိတ်ဖြစ်နေတယ်) စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ်အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုးအကျဉ်းတန်ပြီး ဆင်းရဲနွမ်းပါးရတော့တယ်၊ ကိုယ်ပိုင်ပစ္စည်းလဲမရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိနိုင်တော့ဘူး။ မလ္လိကာ ဒီလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ အရုပ်ဆိုးအကျည်းတန်ပြီး ဆင်းရဲနွမ်းပါးပစ္စည်းဥစ္စာလဲမရှိ၊အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာလဲမရှိဘဲ ဖြစ်နေရတော့တာပဲ။
ရုပ်ဆိုး ချမ်းသာ
—————-
၂။ရှင်တော်မြတ်ဘုရား အချို့ အမျိုးသမီးကတော့ အဆင်းမလှ၊ အရုပ်ဆိုးအကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝပါတယ်၊ အသုံးအဆောင်လဲပေါများပါတယ်၊ သြဇာအာဏာလဲရှိပါတယ်၊ ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲ။
၂။မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသကြီးတယ်၊ စိတ်ပင်ပန်းမူများတယ်၊ နည်းနည်းကလေး အပြောခံရရုံနဲ့ စိတ်ခုတတ်တယ်၊စိတ်ဆိုးတတ်တယ်၊ စိတ်မြန်တယ်၊ရန်ငြိုးထားတတ်တယ်၊ သိသိသာသာ အမျက်ထွက်လာတတ်တယ်၊ဒေါသထွက်လာတတ်တယ်၊ မကျေမချမ်းဖြစ်လာတတ်တယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ ပေးလှူတတ်တယ်၊ ငြူစူစိတ်(မနာလိုစိတ်)မျိုးမရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊ အပူဇော်ခံရတာတွေကို မငြူစူ(လိုလားနှစ်သက်တယ်)စိတ်မပြစ်မှား၊ မနာလိုမရူစိတ် အကျိတ်အခဲ မဖြစ်ချေ။
အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ဘုံကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်ပေမယ့် ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင်ပေါများတယ်၊ သြဇာအာဏာလဲ ရှိလာရပါတော့တယ်။ မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက အဆင်းမလှ၊အရုပ်ဆိုး အကျည်းတန်ပေမဲ့ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတယ်၊အသုံးအဆောင် ပေါများတယ်၊သြဇာအာဏာလဲရှိလာရတော့တာပဲ။
ရုပ်ချော ဆင်းရဲ
—————-
၃။ရှင်တော်မြတ်ဘုရား! အချို့အမျိုးသမီးကတော့ ရုပ်ချောပါတယ်၊ အဆင်းလှပါတယ်၊ရုပ်ဆင်းသဏ္ဍာန်အလွန်ပြေပြစ်ပါတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးလှပါတယ်၊ ပစ္စည်းဥစ္စာလဲ မရှိ၊ အသုံးအဆောင်လဲမရှိ၊ သြဇာအာဏာလဲမရှိပါ၊ ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲ။
၃။ မလ္လိကာ! ဒီလောကမှာ အမျိုးသမီးအချို့က ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မမြန်တတ်၊ စိတ်မဆိုးတတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ ပေါ်ပေါ်လွင်လွင် အမျက်မထွက်တတ်၊ မကျေမချမ်းမဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုတော့ မပေးလှူ၊
ငြူစူစိတ်ကများနေတယ်၊ သူများလာဘ်ရတာ၊
အရိုအသေခံရတာ၊ အလေးပြုခံရတာ၊
မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊
အပူဇော်ခံရတာတွေကို ငြူစူနေတယ်၊
စိတ်ပြစ်မှားနေတယ်၊ မနာလိုမရူစိတ် အကျိတ်အခဲဖြစ်နေတယ်။
အဲဒီအမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ
ရုပ်ချောတယ်၊ အဆင်းလှတယ်၊
ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်တယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ မရှိ၊ အသုံးအဆောင်လဲ မရှိ၊ သြဇာအာဏာအရှိန်အ၀ါလဲ မရှိတော့ဘူး။
မလ္လိကာ ဒိလို အကြောင်းအထောက်အပံ့ကြောင့် ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောရတယ်၊ အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်ရတယ်၊ ဒါပေမဲ့ ဆင်းရဲနွမ်းပါးရတယ်၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာလဲမရှိ၊ အသုံးအဆောင်လဲ မရှိတဲ့အပြင် သြဇာအာဏာအရှိအ၀ါ မရှိဘဲ ဖြစ်နေရတော့တာပဲ။
ရုပ်ချော ချမ်းသာ
——————-
၎။ရှင်တော်မြတ်ဘုရား! အချို့ အမျိုးသမီးကတော့
ရုပ်လဲချောပါတယ်၊ အဆင်းလဲလှပါတယ်၊
ရုပ်ဆင်းသဏ္ဍာန်လဲ အလွန်ပြေပြစ်ပါတယ်၊
ပစ္စည်းဥစ္စာလဲ ချမ်းသာကြွယ်ဝပါတယ်၊
အသုံးအဆောင်လဲ ပေါများပါတယ်၊
သြဇာအာဏာလဲ ရှိပါတယ်
ဘယ်လိုအကြောင်းအထောက်အပံ့ကြောင့် ဒီလိုဖြစ်ရပါသလဲ။
၎။မလ္လိကာ! ဒီလောကမှာ အချို့အမျိုးသမီးက ဒေါသမကြီး၊ စိတ်ပင်ပန်းမူ(စိတ်မကျေနပ်မူ)မများ၊ အများအပြား အပြောခံရပေမဲ့ စိတ်မခုတတ်၊ စိတ်မဆိုးတတ်၊ စိတ်မမြန်တတ်၊ ရန်ငြိုးမထားတတ်၊ သိသိသာသာ အမျက်မထွက်တတ် ဒေါသမထွက်တတ်၊
မကျေမချမ်း မဖြစ်တတ်။
အဲဒီအမျိုးသမီးက အလှူဒါနကိုလဲ ပေးလှူတယ်၊
ငြူစူတဲ့စိတ်မရှိ၊ သူတစ်ပါးလာဘ်ရတာ၊ အရိုအသေခံရတာ၊ အလေးပြုခံရတာ၊ မြတ်နိုးခံရတာ၊ ရှိခိုးခံရတာ၊
အပူဇော်ခံရတာတွေကို မငြူစူ၊ စိတ်မပြစ်မှား၊
မနာလို မရူစိတ် အကျိတ်အခဲ ဖြစ်မနေ။
မလ္လိကာ အချို့အမျိုးသမီးက အဲဒီဘ၀က စုတေလို့ ဒီလူ့ပြည်ကို ရောက်လာခဲ့ရင် ဖြစ်ရာဘ၀မှာ
ရုပ်ချောမယ်၊ အဆင်းလှတယ်၊
ရုပ်ဆင်းသဏ္ဍာန်ပြေပြစ်တယ်၊ပစ္စည်းဥစ္စာလဲ
ချမ်းသာကြွယ်ဝတယ်၊ အသုံးအဆောင်လဲ ပေါများတယ်၊
သြဇာအာဏာလဲ ရှိလာရတော့တယ်။
မလ္လိကာ ဒီလိုအကြောင်းအထောက်အပံ့ကြောင့်
ဒီလောကမှာ အချို့အမျိုးသမီးက ရုပ်ချောရတယ်၊
အဆင်းလှရတယ်၊ ရုပ်ဆင်းသဏ္ဍာန် ပြေပြစ်ရတယ်၊
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝရတယ်၊ အသုံးအဆောင်လဲ
ပေါများရတယ်၊ သြဇာအာဏာ အရှိအ၀ါလဲ ရှိလာရတော့တာပဲ။
မလ္လိကာမိဖုရားကြီးကြည့်ရတာတော့ ရုပ်ဆိုးပုံပေါ်မယ်။
မြတ်စွာဘုရားကို ပွင့်ပွင့်လင်းလင်းလျောက်ထားတယ်။
အရှင်ဘုရား တပည့်တော်က ရှေးဘ၀က ဒေါသကြီးသူ၊ စိတ်ပင်ပန်းမူများသူ၊ နည်းနည်းကလေး
အပြောခံရုံနဲ့စိတ်က ခုတတ်သူ၊ စိတ်ဆိုးတတ်သူ၊
စိတ်မြန်သူ၊ ရန်ငြိုးထားတတ်သူ၊ သိသိသာသာ အမျက်ထွက်တတ်သူ၊ ဒေါသဖြစ်တတ်သူ
ဖြစ်လာခဲဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့
တပည့်တော်မက အဆင်းမလှ၊ အရုပ်ဆိုး အကျည်းတန်မ ဖြစ်နေလို့ပါဘုရား။
ဒါပေမယ့်ဘုရား သူတော်ကောင်းတို့အား ထမင်း၊
အဖျော်စသည့်ဖြင့်တော့ လှူလာခဲ့ဟန်တူပါတယ်ဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ တပည့်တော်မက ဒီဘ၀မှာ ချမ်းသာကြွယ်ဝပါတယ်ဘုရား၊ ပစ္စည်းဥစ္စာပေါပါတယ်ဘုရား၊ အသုံးအဆောင်တွေလဲပေါပါတယ်ဘုရား။
နောက်တစ်ခုကလေးဘုရား၊ တပည့်တော်မက
ရှေးဘ၀ကတုန်းက
ငြူစူစိတ်(ကိုယ့်ထက်သာ မနာလိုစိတ်)
ကင်းခဲ့ဟန်တူပါတယ်ဘုရား။
ယခုဘ၀မှာ တပည့်တော်မ တန်ခိုးအရှိန်အ၀ါကြီးမားပါတယ်ဘုရား။ တပည့်တော်မက ဒီနန်းတော်အတွင်းမှာ လူပေါင်းမြောက်များစွာကို အုပ်စိုးကြီးမူးနေရပါတယ်။ ဘာပဲဖြစ်ဖြစ်ဘုရား
တပည့်တော်မ ဒီနေ့က စလို့ ဒေါသမကြီးသူ၊ စိတ်ပင်ပန်းမူ မများသူ ဖြစ်ပါတော့မယ်၊ အများကြီးအပြောခံရပေမဲ့ စိတ်မခုတော့ပါ၊ စိတ်မဆိုးတော့ပါ၊ စိတ်မမြန်တော့ပါ၊ ရန်ငြိုးမထားတော့ပါ၊
သိသိသာသာအမျက်ထွက်မူ၊ ဒေါသဖြစ်မူ၊ မကျေမချမ်းဖြစ်မူကိုလဲ မပြုတော့ပါဘုရား၊ ရဟန်း၊သူတော်ကောင်းတို့အား ထမင်း၊ အဖျော်စသည့်လှူဒါန်းဖွယ်ရာများကို ပေးလှူပါမယ်ဘုရား၊
ငြူစူစိတ် ကင်းသူဖြစ်ပါတော့မယ် ဟု မြတ်စွာဘုရားအား လျောက်ထားဝန်ခံလိုက်ပါတယ်။
မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ တရားတော်ကိုလဲ ချီးကျူး၊ သရဏဂုံလည်းတည်ဆောက်ပြီး ဥပါသိကာမအဖြစ်ကိုခံယူသွားပါတော့တယ်။
လပြည့်ဝန်း(သာစည်)