ရဟန်း ပြိတ္တာ......
မိမိကို ရှစ်ခိုးနေသော လက်ဆယ်ချောင်းသည် မီးအလျှံ လျှံတောက်လောင်နေသော လှံ ဆယ်ချေုာင်းဖြင့် ထိုးနေတာနှင့် တူလှပါသည်။
မိမိကို လှူဒါန်းလာသော သင်္ကန်းကို ၀တ်ရုံလိုက်သည့်အခါ မီးအလျှံလျှံတောက်လောင်နေသော သံပြားကြီးကို ၀တ်ရုံထားတာနှင့်တူလှပါသည်။
မိမိတို့ သုံးဆောင်နေသော ဆွမ်းကွမ်းများသည် မီးအလျှံလျှံတောက်လောင်နေသော သံရည်ပူတွေ နှင့်တူလှပါသည်။
ယခုစာရေးသူရေးမယ့် ဆောင်းပါးကတော့ လက္ခဏသံယုတ်(သံ၊ ၂၊ ၄၄၆-၄၄၉) မှာ ပါရှိတဲ့ ဇာတ်တော်များအနက် တစ်ခုဖြစ်ပါတယ်။ မည်သူ့ကိုမှ စောင်းမြောင်း ပြောဆိုခြင်း ရေးသားခြင်းမရှိပါဘူး၊ တိုက်ဆိုင်မှုဆိုတာတော့ ရှိတတ် ဖြစ်တတ်ပါတယ်။ ဒါကြောင့် စာဖတ်သူတို့ နှင့် တိုက်ဆိုင်မှုကလေးများ ရှိခဲ့မယ်ဆိုရင် မြတ်စွာဘုရား တရားတော်မှာပါတဲ့ အတိုင်းသာရေးသားထား တာဖြစ်ကြောင်း ရိုးသားစွာဖြင့်...........
တစ်ချိန်တွင် ဘုန်းတော်ခြောက်ပါးသခင် ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီးတင်းသုံးစံနေတော်မူချိန် အရှင်လက္ခဏမထေရ်မြတ်ကြီးနှင့် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ် ကြီးတို့သည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးစံနေတော်မူကြ၏။ တစ်နေ့တွင် ဒုတိယအဂ္ဂသာဝက ဖြစ်တော်မူသော အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးသည် အရှင်လက္ခဏနှင့်အတူ ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံရန် အတွက် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်တော်မူလာ၏။
ရဟန်း ပြိတ္တာ......
ထိုသို့ ဆင်းသက်တော်မူလာစဉ် အရှင်မဟာမောဂ္ဂလ္လာန်ကိုယ်တော်မြတ်ကြီးသည် ဒိဗ္ဗစက္ခုအဘိညာဏ်ကို ၀င်စားတော်မူလျက် ကောင်းကင်သို့အာရုံယူကာ လှမ်းမျော်ကြည့်ရှု့တော်မူ လတ်သော် ကောင်းကင်ယံ တွင်အရိုးစုပြိတ္တာစသည့် ပြိတ္တာတို့ကို မြင်တော်မူလေသော် ဖြေးညင်းစွာဖြင့် ပြုံးရယ်တော်မူလေသည်။ ထိုသို့တွေ့မြင်ရသည့်အခါ သနားကရုဏာဖြစ်သင့်ပြုသင့်ပါလျက် အဘယ်ကြောင့် ပြုံးရယ်တော်မူသနည်းဟုမေး သည်ရှိသော် မိမိ၏ပြည့်စုံမှု သမ္ပတ္တိကို၎င်း ဘုရားရှင်၏ ပြည့်စုံမှုသမ္ပတ္တိကို၎င်း အဖန်ဖန်အောက်မေ့ အမှတ်ရ သော ကြောင့် ပြုံးရယ်တော်မူခြင်းဖြစ်၏။ ရဟန္တာအရှင်မြတ်တို့သည် အကြောင်းထူးတစ်ခုခုမရှိပဲ ပြုံးရယ်မှုကို ပြုတော်မမှု ထိုသို့ပြုံးတော်မူသည်ကို မြင်တော်မူသော အရှင်လက္ခဏမထေရ်မြတ်က မေးတော်မူ၏၊
ဒီနေရာလေးမှာ မှတ်သားရမှာက အရှင်လက္ခဏ မထေရ်မြတ်ကတန်ခိုးမရှိလို့မမြင်တာလားလို့မေးစရာရှိတယ်။ မဟုတ်ပါဘူး အရှင်လက္ခဏမထေရ်က ဆင်ခြင်တော်မမူသောကြောင့် မမြင်ရခြင်း ၊ မတွေ့ရခြင်းဖြစ်တယ်။ အရှင်မဟာမောဂ္ဂလ္လလာန်က ငါ့ရှင် ဘုရား ထံတော်မှောက်သို့ရောက်ရှိမှ မေးတော်မူပါဟု လျှောက်ထားပြောဆိုလိုက်၏။ ထို့နောက် ရဟန္တာအရှင်မြတ်ကြီးနှစ်ပါး တို့သည် ရာဇဂြိုဟ်မြို့တွင်း၌ ဆွမ်းခံလှည့်လည်ပြီး၍ ဆွမ်းစားခြင်းကိစ္စပြု လုပ်ပြီးနောက် ဆွမ်းစားဇရပ်မှဖဲခွာလာကြပြီးလျှင် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ကြ၍ မြတ်စွာဘုရားကို ရှစ်ခိုးလျက် တစ်ခုသော နေရာ၍ ထိုင်နေကြပြီးသော် အရှင်လက္ခဏမထေရ်မြတ်က အရှင်မောဂ္ဂလ္လာန် မထေရ်မြတ်အား လမ်းမှာ ပြုံးရယ်တော်မူခြင်း၏ အကြောင်းကို မေးမြန်းလျှောက်ထားတော်မူလိုက်၏။ အရှင်ဘုရား တပည့်တော်သည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားနေသော အရိုးစုပြိတ္တာ တွေကို မြင်ရပါ၏၊ ထို အရိုးစုပြိတ္တာကို လင်းတ ကျီးငှက် စွန်ရဲတို့သည် လိုက်၍ လိုက်၍ နံရိုးကြားတို့၌ ထိုးဆိတ်ကြကုန်၏၊ ထိုသို့ ဆင်းရဲစွာခံစားနေရရှာသည့် ပြိတ္တာများကြားထဲ မှာဘုရားတပည့်တော် မထင်မှတ်ပဲ အံ့သြစွာ ရဟန်းပြိတ္တာကို မြင်တွေ့လိုက်ရပါသည်ဘုရား၊ ထိုရဟန်းပြိတ္တာသည် ဒုကုဋ်သင်္ကန်း သပိတ် ခါးပန်းကြိုးနှင့် ခန္ဓာကိုယ်တို့သည်မီးအလျှံ ပြောင်ပြောင်တောက်လောင်နေကုန်၏၊ ထက်ဝန်းကျင် မီးတောက်မီးလျှံနှင့်တကွ မီးတောက်မီးလျှံတပြောင် ပြောင်တောက်လောင်နေ၏၊ ထို ပြိတ္တာရဟန်းသည် နာကျင်သောအသံကို ပြုလျက် အော်ဟစ်နေ ခြင်းအမှုကို ပြု၏။
အရှင်ဘုရား တပည့်တော်အား အံ့ဖွယ်ရှိစွတကား. မဖြစ်ဖူးမြဲ ဖြစ်စွတကား၊ ဤကဲ့သို့သော် သတ္တ၀ါ ရှိရတုံဘိဟု စိတ်အကြံဖြစ်ခဲ့ပါသည် ဟု မြတ်စွာဘုရားကို လျှောက်ထားပြောဆိုလိုက်၏။ ထို အခါ မြတ်စွာဘုရားက ရဟန်းတို့ ယခု မောဂ္ဂလ္လာန် မြင်ခဲ့ရသော ရဟန်းသည် ယုတ်မာသော ရဟန်း ဖြစ်ခဲ့ဖူးပြီး၊ မိမိတို့ ပြုစုပျိုးထောင်ခဲ့သော ထိုအကုသိုလ်ကံ၏ အကျိုးအဖြစ်ဖြင့် များစွာသော နှစ်တို့ပတ်လုံး ၊ များစွာသောနှစ်အရာတို့ပတ်လုံး ၊ များစွာသောနှစ်အထောင်တို့ပတ်လုံး ၊ များစွားသောနှစ်အသိန်းတို့ပတ်လုံး ငရဲ၌ ကျက်ခဲ့ရ၍ ထိုကံ၏ အကျိုးကြွင်းဖြင့်ပင်လျှင် ဤကဲ့သို့သော အတ္တဘောကို ရရှိခံစားနေရ၏ ဟု ဟောတော်မူ၏။( သံ၊၁၊၄၅၁၊၄၅၂)
သော ကိရ လောကဿ သဒ္ဓါဒေယျေ စတ္တာရော ပစ္စယေ ပရိဘုဉ္ဇိတွာ ကာယ၀စီဒွါရေဟိ အသံယတော ဘိန္နာဇီဝေါ စိတ္တကေဠိံ ကီဠန္တော ၀ိစရိ၊။ တတော ဧကံ ဗုဒ္ဓန္တရံ နိရယေ ပစ္စိတွာ ပေတလောကေ နိဗ္ဗတ္တန္တော ဘိက္ခုသဒိသေနေ၀ အတ္တဘာဝေန နိဗ္ဗတ္တိ။ ဘိက္ခုနီသိက္ခမာနာသာမဏေရ သာမဏေရီဝတ္ထူသုပိ ၀ိနိစ္ဆယော။ (သံ။ဌ။၂။၂၀၅။)
ထိုရဟန်းပြိတ္တာကား တစ်ချိန်က ကဿပဘုရားရှင်၏ သာသနာတော်၌ ရဟန်းတော် တစ်ပါးပင် ဖြစ်ခဲ့၏။ ထိုရဟန်းသည်ကဿပဘုရားရှင် ၏သာသနာတော်တွင်မှီတင်းနေထိုင်စဉ် လူများအပေါင်း၏ သဒ္ဓါတရားပြဓာန်းလျက်လှူဒါန်းပူဇော်အပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်ပြီးလျှင် ကာယဒွါရ ၀စီဒွါရ တို့ဖြင့် ရဟန်းတို့၏ သီလကို စောင့်စည်းမှုမရှိဘဲ အသက်မွေးမှု ၊ ရဟန်းအကျင့်မကျင့်ဘဲ မှားယွင်းစွာ ဖြင့် လူ့ဘောင်လောကလူမှုကိစ္စတို့ဖြင့် ရောနှော၍ ပြုလုပ်နေခြင်းအမှု အာဇီဝပါရိသုဒ္ဓိသီလပျက်စီးလျက်စိတ်၏ အလိုအတိုင်း ထိုထို အာရုံကို ပျော်မြူးခြင်းကို ပျော်မြူးလျက် လှည့်လည်နေ ထိုင်ခဲ့၏။ ( သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ် အကျင့်မြတ်ဖြင့် သိမ်းကျုံး ရေတွက်အပ်သော သာသန ဗြဟ္မစရိယကို ဖြူဖြူစင်စင် အားကိုးထိုက်အောင် မှီခိုအားထားရာ ဖြစ်အောင် မဖြည့်ကျင့်ခဲ့ဘဲ မိမိနှင့်မသင့်လျှော် မမှန်ကန်သော လူမှုကိစ္စတို့နှင့် သာ အချိန်ကို ကုန်ဆုံးခဲ့သည်။ ) ထိုရဟန်ုးသည် ဘ၀မှစုတေ လတ်သော် ငရဲသို့ရောက်ရှိ သွားခဲ့၏။ ကဿပဘုရားရှင် ၏ သာသနာတော်မှ သည် ဂေါတမဘုရားရှင်၏ သာသနာတော်သို့တိုင်အောင် ဗုဒ္ဓန္တရ အသင်္ချေယျကပ် တစ်ကပ်ပတ်လုံး ငရဲ၌ ကျက်ခဲ့ရပြီးနောက် ပြိတ္တာလောက၌ ပြိတ္တာဖြစ်ပြန်လတ်သော် ရဟန်းနှင့်တူညီသော ခန္ဓာကိုယ်အတ္တဘောဖြင့် သာလျင် ပြိတ္တာဖြစ်လာ ရပေသည်။
တစ်ချိန် ရဟန်းဘ၀တွင် နေထိုင်ခဲ့စဉ်က မစင်ကြယ်သော သီလ၊ ယုတ်မာသော ကိုယ်ကျင့်တရား ရှိလျက် လူများအပေါင်း၏ သဒ္ဓါတရားဖြင့် လှူဒါန်းအပ်သော သင်္ကန်းကို ချွတ်မပစ်ဘဲ ဆက်လက် သုံးဆောင်ခဲ့၏။ သပိတ် စသည်ကိုလည်း အလားတူပင်သုံးဆောင်ခဲ့၏၊ ထိုမကောင်းမှု၏ အကုသိုလ်ကံကြောင့် ပြိတ္တာဘ၀သို့ရောက် သည့်အခါ၌လည်း အလျှံပြောင်ပြောင်မီးတဟုန်းဟုန်း တောက်လောင်နေသော သင်္ကန်း သပိတ် ပရိက္ခရာတို့ကို ချွတ်ပစ်လို့မရနိုင် ဖြစ်နေ၏။ စွန့်ပစ်လို့ မရနိုင် ဖြစ်နေ၏။ အကုသိုလ်များသည် အကျိုးပေးလာပါက အလွန်ကြောက်မက်ဖွယ် ကောင်း လှပေသည်။ အကုသိုလ် ကံ၏ အရှိန်အ၀ါ မကုန်သ၍ ခံနေရဦးမည် သာ ဖြစ်ပေသည်။
အလားတူ ၀တ္ထုများသည် ပါရာဇိကပါဠိတော် စတုတတ္ထပါရာဇိက၌လည်း လာရှိပေသည်။ သံသရာခရီး ဆက်ရန် ရှိနေသေးသည့် စာရေးသူတို့အဖို့ သတိတရား ကြီးစွာထားလျက် ရှောင်ရှားသင့်သော အကုသိုလ်ဒုစရိုက်များ လည်း ဖြစ်ပါသည်။ မစင်ကြယ်သော သီလဖြင့် ရှင်ဘ၀ ရဟန်းဘ၀တွင် မနေထိုင်မိဖို့ရန် ဆင်ခြင် နှလုံးသွင်း ရမည့် ၀တ္ထုဇာတ်လမ်းလည်း ဖြစ် ပါတယ်။ နောက်ဆုံးတော့ လုပ်သင့်သော စောင့်စည်းသင့်သော သီလ သမာဓိ ပညာ တွေကို မစောင့်စည်းပဲ နေထိုင်ခဲ့ရင်တော့ ဒီလိုဘ၀နဲ့ဘဲ သေကျေ ပျက်စီးပြီးတဲ့နောက် မှာတော့................
စာလေးကိုဖတ်ပြီး တစ်ခုခု ရရှိနိင်ကြပါစေ..........
No comments:
Post a Comment