Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Friday, May 27, 2016

မေတ္တာတရား

ရသေ့နဲ့ ကင်းမြှီးကောက်

တစ်ခါတုန်းက ဟိမ၀န္တာတောအုပ်ထဲမှာ တရားကျင့်နေတဲ့
ရသေ့တစ်ပါးဟာ ဗာရာဏသီမြို့တော်ကို ရောက်လာသတဲ့။
မြို့တော်ရောက်ခိုက်မှာ ဂင်္ဂါမြစ်ရေ ချိုးဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့
ရသေ့ဟာ ရေချိုးဆိပ်ကို မနက်စောစောထွက်ခဲ့တာပေါ့။

နေသိပ်မမြင့်သေးတာမို့ နံနက်ခင်းနေခြည်ဟာ ဂင်္ဂါမြစ်ရေ
ပြင်ပေါ်မှာ ဖြာကျနေတာဟာ အင်မတန်ကြည်ညိုဖို့ ကောင်း
သတဲ့။ ဂင်္ဂါမြစ်ကမ်းရေချိုးဆိပ်ဟာလည်း ရေချိုးသူတွေနဲ့
စည်ကားနေတာပဲတဲ့။ ရသေ့လည်း သီးခြားနေရာယူပြီး
ရေချိုးဆင်းပါတယ်။

အဲဒီအချိန် ဂင်္ဂါမြစ်ထဲမှာ ကင်းမြီးကောက်တစ်ကောင်ဟာ
မြစ်ကမ်းပါးဘက်ကို ယက်ကန်ယက်ကန်နဲ့ တရွေ့ရွေ့
ကူးလာသတဲ့။ ဒါပေမယ့် ကင်းမြှီးကောက်ကလေးဟာ
မြစ်ရေစီးအရှိန်ကြောင့် ခဏခဏရေနစ်နေတာပေါ့။
ရေထဲကိုနစ်သွားလိုက် ပြန်ပေါ်လာပြီးကူးလိုက်နဲ့။
ကင်းမြှီးကောက်ကလေးဟာ ကမ်းစပ်ရောက်ဖို့အားကုန်
ကြိုးစားနေပါတယ်။

အဲဒီလိုဖြစ်နေတုန်း ကမ်းစပ်မှာရေချိုးနေတဲ့ရသေ့ဟာ
အသက်လုကာ ကြိုးစားကူးခတ်နေတဲ့ ကင်းမြှီးကောက်
ကလေးကိုမြင်တွေ့သွားပြီး ကင်းမြှီးကောက်ကလေး
ဆီကို အမြန်ချဉ်းကပ်သွားတယ်။ ပြီးတော့ မြစ်ရေထဲမှာ
မြုပ်လုမြုပ်ခင်ဖြစ်နေတဲ့ ကင်းမြှီးကောက်ကလေးကို
လက်နဲ့ရေထဲက ဆယ်ယူလိုက်ပါတယ်။

အဲဒီအခါ ကင်းမြှီးကောက်ကလေးက သူ့အသက်ကို
ကယ်တင်တဲ့ ရသေ့ရဲ့လက်ကို ချက်ချင်းပဲအဆိပ်တွေ
ပါတဲ့ သူ့အမြှီးချွန်ကလေးနဲ့ ထိုးတုပ်လိုက်တယ်။
ရသေ့ခမျာ အင်မတန်နာကျင်လွန်းလို့ သူ့လက်ကို
ဆတ်ခနဲခါပြီးလျက်သားဖြစ်သွားတယ်။ အဲဒီတော့
ကင်းမြှီးကောက်ကလေးဟာ ရေထဲကိုပြုတ်ကျသွား
ပြန်တယ်။

ရသေ့ကတော့ စိတ်ပျက်မသွားပါဘူး။ သူ့ဆုံးဖြတ်ချက်
ကိုလည်း မပြင်ပါဘူး။ သူခံစားနေရတဲ့နာကျင်မှုကို
လည်း ဂရုမစိုက်အားဘူးတဲ့။ သူ့မှာ အသက်ဘေး
အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ ကင်းမြှီးကောက်
ကလေးကို မရရအောင် ကယ်တင်မယ်ဆိုတဲ့စိတ်
ဆန္ဒတစ်ခုတည်းပဲ ရှိတာပေါ့။ အဲဒါနဲ့ ရသေ့ဟာ
ရေပေါ်မှာ ယက်ကန်ယက်ကန်နဲ့ ကြိုးစားကူးခပ်
နေတဲ့ ကင်းမြှီးကောက်ကလေးကို ဒုတိကမ္ပိလက်နဲ့
ဆယ်ယူလိုက်ပြန်ပါတယ်။

ဒီအခါမှာလည်း ကင်းမြှီးကောက်ကလေးက သူ့ရဲ့
အဆိပ်စူးနဲ့ ရသေ့ရဲ့လက်ကို ထိုးသုတ်ပြန်ပါတယ်။
ရသေ့ကလည်း နာကျင်လွန်းအားကြီးတာကြောင့်
လက်ကို ဆတ်ခနဲ ရုတ်လိုက်မိပြန်တယ်။ အဲဒီအခါ
ပင်းမြှီးကောက်ကလေးလည်း ရသေ့လက်ထဲက
တစ်ဖန်ပြန်ပြီး ရေထဲကျသွားပါလေရော။

အဲဒီအချိန် မြစ်ကမ်းစပ် ရေချိုးဆိပ်မှာ ရေချိုးနေ
ကြတဲ့ လူတွေဟာ ကင်းမြှီးကောက်ကလေးရဲ့
အသက်ကို မရမက ကယ်တင်နေတဲ့ရသေ့ကို
တအံ့တသြ ကြည့်နေကြတာပေါ့။ သူတို့ဟာ
ရသေ့က ကင်းမြှီးကောက်ကလေးကိုဆယ်ယူ
လိုက်၊ ကင်းမြှီးကောက်ကရေသေ့လက်ကို
တုပ်ပြီး ရေထဲပြန်ကျသွားလိုက်ဖြစ်နေတဲ့မြင်ကွင်း
ကိုကြည့်ပြီး ရသေ့အပေါ် နားမလည်နိုင်အောင်
ဖြစ်နေကြတယ်။ သူတို့မျက်စိကိုသူတို့မယုံနိုင်
အောင် ဖြစ်နေကြတယ်။ အခုဆိုရင် ကင်းမြှီး
ကောက်ရဲ့ အဆိပ်ဆူးချွန်နဲ့ နှစ်ကြိမ်မြောက်
အတုပ်ခံရပြီးပြီ။ ဘယ်လောက်နာကျင်နေလိုက်
မလဲ။

မိုက်မဲလှတဲ့ ရှင်ရသေ့လို့ လူအုပ်ထဲက လူတစ်
ယောက်ဟာ ကဲ့ရဲ့ပြောဆိုလိုက်တယ်။ မဖြစ်နိုင်
တာကို လုပ်တဲ့ပုဂ္ဂိုလ်ပဲလို့ နောက်တစ်ယောက်
က ဆိုပြန်တယ်။

ရသေ့ဟာ လူတွေဘာပြောပြော သူဂရုမစိုက်
အားဘူး။ နားထောင်မနေနိုင်ဘူး။ သူ့အနေနဲ့
ဘယ်နည်းနဲ့ဖြစ်ဖြစ် ကင်းမြှီးကောက်ကလေး
ရဲ့ အသက်ကို လက်နဲ့ဆယ်ယူလိုက်ပြန်ပါ
တယ်။ ဒီတစ်ကြိမ်ဟာ ရသေ့ရဲ့ကင်းမြှီးကောက်
ကို (၃)ကြိမ်မြောက် အသက်ကယ်တင်မှုပဲဖြစ်
ပါတယ်။

ဒီတစ်ကြိမ်မှာလည်း ကင်းမြီးကောက်ကလေး
ဟာ သူ့ကိုလာထိတဲ့ရသေ့ရဲ့လက်ကို သူ့အဆိပ်
ဆူးနဲ့ ပြင်းထန်စွာ တုပ်လွှတ်လိုက်ပါတယ်။
ဒါပေမယ့် ဒီတစ်ကြိမ်မှာရသေ့ဟာ သူ့လက်မှာ
နာကျင်မှုကို အောင့်ခံကာ ကင်းမြှီးကောက်
ကလေးကိုခါမချဘဲ မြစ်ကမ်းစပ်သို့ ကြိုးစား
ယူဆောင်သွားပြီး သဲပြင်ပေါ်ကို အသာအယာ
ချပေးလိုက်ပါတယ်။

မိမိလက်ကို အဆိပ်ထိ အနာခံကာ ဇွဲကောင်းကောင်း
နဲ့ သူ့အသက်ကိုကယ်တင်လိုက်တဲ့ ရသေ့ကြီးရဲ့မေတ္တာ၊
စေတနာ၊ ကရုဏာကို ကင်းမြှီးကောက်ကလေးဟာ
ဘယ်မှာ သိနိုင်ပါ့မလဲ။ အဟိတ်တိရစ္ဆာန်မို့ ရသေ့ကြီး
ကို ကျေးဇူးတင်ရကောင်းမှန်း ဘယ်လိုသိနိုင်ပါ့မလဲ။
အဲဒီတော့ ကင်းမြှီးကောက်ကလေးဟာ မြစ်ကမ်း
သဲပြင်ပေါ်ရောက်တာနဲ့ သူ့အမြီးကလေးကို ယမ်း
ကာ ယမ်းကာ ဘေးကင်းစွာနဲ့ ထွက်ခွါသွားတာ
ပေါ့။

ရသေ့ကြီးကတော့ သူ့လက်ကို ကင်းမြှီးကောက်က
အဆိပ်ဆူးနဲ့ အကြိမ်ကြိမ်ထိုးသုပ်ခံရတာမို့ နာကျင်
မှုဒဏ်ကို ပြင်းထန်စွာခံစားနေရတယ်။ အဲဒီအချိန်မှာ
ရသေ့ကိုဝိုင်းကြည့်နေတဲ့ လူအုပ်ထဲက လူတစ်ယောက်
ဟာ ရသေ့ကြီးဆီကို ရောက်လာပြီး သူ့စိတ်ကိုမအောင့်
အည်းတော့ဘဲ ရှင်ရသေ့ ဒီလို ကျေးဇူးတရားကိုမသိ
တတ်ဘဲ အန္တရာယ်ပြုတတ်တဲ့ သတ္တ၀ါကို ဘာလို့
ကြိုးစားပြီး ကယ်တင်ရပါသလဲ။ အခု နာကျင်မှုဒုက္ခကို
ရှင်ရသေ့က ခံစားနေရပါသလား။ ကင်းမြှီးကောက်က
ခံစားနေရပါသလားလို့ ရသေ့ကြီးကို မေးခွန်းထုတ်
ကာ ပြောဆိုလိုက်ပါတယ်။

အဲဒီလူရဲ့ အမေးစကားကို ကြားလိုက်ရတဲ့အခါ
ရသေ့ကြီးက အသာအယာပြုံးကာ ဒီမှာ ကိုယ့်လူ၊
ကင်းမြီးကောက်ဆိုတာ သူ့ကိုထိရင် သူ့မှာပါတဲ့
အဆိပ်ဆူးနဲ့တုပ်လွှတ်မှာပဲ။ ဒါ သူ့အလုပ်၊ သူ့
သဘာဝပဲ။ ရသေ့ဆိုတာလည်း သူတစ်ပါးမှာ
ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရင် သူ့အသက်၊
သူ့ဒုက္ခကိုကယ်တင်ရတာဟာ ရသေ့အလုပ်၊
ရသေ့သဘာဝပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်၊
သူ့အလုပ်သူလုပ်ကြတာပဲ။

တိရစ္ဆာန်ဖြစ်တဲ့ ကင်းမြှီးကောက်ကလေးတောင်မှ
သူ့အလုပ်သူ့သဘာဝဖြစ်တဲ့ အဆိပ်ဆူးနဲ့တုပ်တာ
ကို မစွန့်လွှတ်နိုင်သေးရင်၊ ငါလိုရသေ့က ငါ့အလုပ်
ငါ့သဘာဝဖြစ်တဲ့ သူတစ်ပါးရဲ့အသက်ကယ်တင်မှု
ကို ဘယ်လိုလုပ်စွန့်ပစ်လို့ဖြစ်နိုင်ပါ့မလဲ။ အသေ
အချာစဉ်းစားကြည့်ပါဦးကိုယ့်လူလို့ အေးအေးဆေး
ဆေး ပြောပြလိုက်တာပေါ့။

အဲဒီလို ရသေ့ကြီးကပြောပြလိုက်တဲ့စကားကိုကြား
ရတဲ့အခါ လူအုပ်ကြီးဟာ ကိုယ့်ကိုယ်ကိုပြန်ရှက်မိ
သွားကြပြီး ခေါင်းကလေးတွေကို ကိုယ်စီငုံ့လိုက်
ကြသတဲ့။

ဒီဓမ္မပုံပြင်ကလေးက ပေးလိုတဲ့အဓိကသတင်း
စကားဟာ လူတိုင်းလူတိုင်း ကိုယ့်အလုပ် ကိုယ့်
သဘာဝကို မစွန့်လွှတ်ကြဖို့ပဲ ဖြစ်ပါတယ်။
ကိုယ့်အလုပ် ကိုယ့်သဘာဝကို မစွန့်လွှတ်ကြဖို့
ဆိုတာ လူ့ဘ၀ဇာတ်ခုံမှာ ကံပစ်ချရာ ကိုယ့်
အခန်းကဏ္ဍ၊ ကိုယ့်တာဝန်ကို ပျော်ရွှင်ကျေပွန်
စွာ ကပြအသုံးတော်ခံထမ်းဆောင်ကြဖို့ပါပဲ။

သာသနာတော်ဘက်မှာဆိုရင် ရဟန်း၊ ရှင်၊ လူ
အသီးသီးတို့ဟာ ရဟန်းလည်း ရဟန်းအလုပ်
ရဟန်းသဘာဝ၊ ရှင်လည်း ရှင်အလုပ်၊ ရှင်
သဘာဝ၊ လူသားတွေလည်း ဒါယကာအလုပ်
ဒါယကာသဘာဝကို မစွန့်ပစ်ကြဘဲ ကိုယ့်
အလုပ် ကိုယ့်တာဝန်ကျေပွန်စွာထမ်းဆောင်
ကြရင် သာသနာတော်ကြီးဟာ နေလိုလလို
အမြဲထွန်းပနေမှာပါ။

လောကမူမူရေး နယ်ပယ်မှာလည်း ဖခင်က
ဖခင်အလုပ်၊ ဖခင်သဘာဝ၊ မိခင်ကမိခင်အလုပ်
မိခင်သဘာဝ၊ သားသမီးက သားသမီးအလုပ်
သားသမီးသဘာဝကို မစွန့်ပစ်ကြဘဲ ကိုယ့်
အလုပ် ကိုယ့်တာဝန်ကို ကျေပွန်စွာ ထမ်း
ဆောင်ကြမယ်ဆိုရင် မိသားစုတိုင်းဟာ လပြည့်
ညရဲ့ သန်းခေါင်ယံကာလလို သာယာလှပ
အေးမြချမ်းသာကြရမှာပါ။

အဲဒီလိုပါပဲ ပညာရေး၊ ကျန်းမာရေးစတဲ့ နယ်ပယ်
အသီးသီးမှာ လူတိုင်းလူတိုင်းဟာ ကိုယ့်ဆိုင်ရာ
ဆိုင်ရာ လုပ်ငန်းသဘာဝတွေကို မစွန့်ပစ်ကြဘဲ
ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမယ်ဆိုရင် တကယ်
ဘဲ အေးချမ်းသာယာတဲ့ ကမ္ဘာလောကကြီးဖြစ်ထွန်း
ပေါ်ပေါက်လာမှာ ဧကန်မုချဖြစ်ပါတယ်။

တော်ဝင်နွယ်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

No comments:

Post a Comment