သူဌေးကြီးနှင့်သားသုံးယောက်
တစ်ခါတုန်းက မြို့တစ်မြို့မှာ အင်မတန်ကြွယ်ဝချမ်းသာတဲ့
သူဌေးကြီးတစ်ဦးရှိခဲ့ဖူးတယ်။ အဲဒီသူဌေးဟာ ငယ်စဉ်က
တော့ အလွန်ဆင်းရဲသတဲ့။ နှစ်ပေါင်း (၄၀)ကျော်လုံ့လ
ဝီရိယနဲ့ ကြိုးစားအားထုတ်ခဲ့တာမို့ ယခုလိုအသက် (၆၅)
နှစ်ကျော်အရွယ်မှာ ဘဏ္ဍာတိုက်ကြီး(၃)ခုနဲ့အပြည့်
ရွှေဒင်္ဂါးပေါင်း (၈၄)ကုဋေတောင်ရှိသတဲ့။
သူဌေးမှာ သားသုံးယောက်ရှိပြီး ငယ်စဉ်ကတည်းက
တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာအပ်နှံ
ထားခဲ့တယ်။ အခုဆိုရင် သားသုံးယောက်လုံးအတတ်
ပညာတွေ သင်ယူပြီးလို့ သူဌေးအိမ်တော်မှာ ပြန်ရောက်
နေကြပြီ။ ဒါပေမယ့်သူဌေးကြီးက သားသုံးယောက်ကို
လုပ်ငန်းခွင် အ၀င်မခိုင်းသေးလို့ ငွေကြေးဥစ္စာခွဲဝေပေး
တာလည်း မရှိသေးဘူးတဲ့။
တစ်နေ့တော့ သူဌေးကတော်ကြီးက သူဌေးကြီး ရှင်ဟာ
ငယ်စဉ်ကတုန်းကတော့ ကြီးလာရင် ငါ့သားတွေအတွက်
ဆိုပြီး ကြိုးစားခဲ့တယ်။ သားတွေအတွက် တခုခုစီစဉ်ပေး
ပါလို့ ပြောတဲ့အခါ သူဌေးကြီးက အေး သူဌေးကတော်
ကြီး ပြောမယ်ဆိုရင်လည်း ပြောစရာပေါ့။ ဒါပေမယ့်
သားတော်မောင်တွေက အဖေကြီးလိုပင်ပင်ပန်းပန်း
ကြိုးစားရုန်းကန်ရတဲ့သူတွေမဟုတ်တော့ အဖေကြီး
ရှာထားတဲ့ ဒီငွေကြေးတွေရဲ့ တန်ဖိုးကို သိမှသိနိုင်ပါ့
မလားလို့ စဉ်းစားတွေးတောမိလို့ပါ။ မပူပါနဲ့။ သား
တော်တွေအတွက် တစ်ခုခုစီစဉ်မှာပါလို့ ပြန်ပြောပါ
တယ်။
သူဌေးကြီးဟာ တစ်ချိန်မှာ သားသုံးယောက်စလုံးကို
ရှေ့တော်မှောက်ခေါ်ယူပြီးတော့ တစ်ယောက်ကိုရွှေ
ဒင်္ဂါးနှစ်ရာစီပေးသတဲ့။ ပြီးတော့ အေး ဒီမှာ သားတို့
အတွက် ရွှေဒင်္ဂါးနှစ်ရာစီလာယူကြ။ ဒီရွှေဒင်္ဂါးတွေကို
မင်းတို့ ဉာဏ်ရှိသလိုသုံးကြလို့လည်း မှာကြားသတဲ့။
ညီအစ်ကို သုံးယောက်စလုံး ရွှေဒင်္ဂါးနှစ်ရာစီယူလာ
ကြကာ အစ်ကိုအကြီးဆုံးက ဟေ့ကောင်တွေ
တို့အဖေဟာ သူဌေးကြီးလုပ်နေပြီး တယ်ကပ်စေးနှဲ
တာပဲကွ။ အခုမှပဲ သူဌေးသားပီပီ ကောင်းကောင်း
သုံးရတော့မယ်။ ငါတော့ သောက်သောက်စားစား
လူမင်းသားလုပ်လိုက်ဦးမယ်ကွာ ဆိုပြီး ပျော်ရွှင်ပွဲ
တွေမှာ စားသောက်ဖြုန်းပစ်လိုက်တာမကြာခင်မှာ
ပဲ ရွှေဒင်္ဂါးအပြားနှစ်ရာ ကုန်သွားသတဲ့။
အစ်ကိုလတ်ကတော့ တို့အဖေဟာ အစ်ကိုကြီးပြော
သလို ကပ်စေးနှဲတာမဟုတ်ဘူး။ ခြိုးခြံချွေတာတာပဲ။
ဒီတော့ အဖေပေးထားတဲ့ ဒီရွှေဒင်္ဂါးတွေကို အရမ်း
သုံးဖြုန်းလို့မတော်ဘူး။ တစ်ချိန်မှာ အဖေကြီးမေးရင်
ပြနိုင်အောင် လုံခြုံတဲ့နေရာမှာ သိမ်းထားမယ်ဆိုပြီး
လုံခြုံရာအရပ်မှာမြှုပ်ထားသတဲ့။
ညီအငယ်ဆုံးကတော့ အစ်ကိုကြီးသွားတဲ့လမ်းက
မကောင်းသလို အစ်ကိုလတ်လုပ်ပုံကလည်းမဟုတ်
သေးပါဘူး။ ငါကတော့ သူတို့နှစ်ယောက်သွားတဲ့
လမ်းကိုမလိုက်ဘဲ အဖေရဲ့လမ်းစဉ်ကိုပဲလိုက်မယ်။
အဖေဟာ အစ်ကိုကြီးပြောသလို ကပ်စေးနှဲတာမဟုတ်
ဘူး။ အစ်ကိုလတ်ပြောသလို ခြွေတာတာလည်း
မဟုတ်ဘူး။ စည်းကမ်းနဲ့သုံးစွဲတာပါ။ တိုးပွားအောင်
လုပ်တာပါဆိုပြီး စီးပွားရေးမှာရင်းနှီးမြှုပ်နှံပါတယ်။
စည်းကမ်းထားပြီးသုံးစွဲသလို တိုးပွားအောင်လည်း
ကြိုးစားတဲ့အခါ ရွှေဒင်္ဂါးနှစ်ရာကနေ နှစ်ထောင်
နှစ်ထောင်ကနေ နှစ်သောင်းအထိရသတဲ့။
ဒါနဲ့တစ်နေ့မှာ သားသုံးယောက်ကိုခေါ်ပြီး ရွှေဒင်္ဂါး
နှစ်ရာကို ဘယ်လိုသုံးစွဲကြသလဲလို့ မေးမြန်းပါ
တယ်။ သားအကြီးဆုံးက သူကောင်းကောင်းဝတ်
ကောင်းကောင်းစား ကောင်းကောင်းသုံးကြောင်း
ဖြေကြားပါတယ်။ အဲဒီအခါသူဌေးက အခုမင်း
လက်ထဲမှာ ရွှေဒင်္ဂါးဘယ်လောက်ရှိသေးသလဲ
လို့ ထပ်ပြီးမေးပါတယ်။ သားကြီးက ကုန်သွားပြီ
မကျန်တော့ဘူးလို့ ဖြေတဲ့အခါ သူဌေးကြီးက
မင်းဟာက တစ်လမ်းသွားပဲလို့ပြောပြီးပြုံးသတဲ့။
သားလတ်ကတော့ ကျွန်တော်ကတော့ ဘာမှ
မသုံးပစ်ဘဲ ကျစ်ကျစ်လစ်လစ်စုထားပါတယ်
လို့ဖြေပြီး ရွှေဒင်္ဂါးနှစ်ရာကို ၀မ်းသာအယ်လဲ
ထုတ်ပြပါတယ်။ အဲဒီအခါ သူဌေးကြီးက မင်းဟာ
ကလည်း တစ်လမ်းသွားပဲလို့ ထပ်ပြီးပြုံးပါတယ်။
သားငယ်ကတော့ အဖေကျွန်တော်ကတော့စည်းနဲ့
ကမ်းနဲ့ သုံးလည်းသုံးပါတယ်။ တိုးလည်းတိုးပွား
အောင် လုပ်ပါတယ်။ အခုကျွန်တော်လက်ထဲမှာ
ရွှေဒင်္ဂါးနှစ်သောင်းရှိပါတယ်လို့ ဖြေတဲ့အခါ သူဌေး
ကြီးက အေးမင်းဟာက နှစ်လမ်းသွားကွ၊ စီးပွားဆို
တာ တစ်လမ်းသွားနည်းနဲ့ ဘယ်တော့မှမအောင်
မြင်နိုင်ဘူးလို့ ဂုဏ်ပြုပြောဆိုကာ သားကြီးနဲ့သား
လတ်တို့ကိုလည်း သားငယ်ရဲ့လမ်းစဉ်အတိုင်း
စည်းကမ်းရှိရှိ တိုပွားအောင်ကြိုစားကြဖို့ဆုံးမပြီး
သားကြီးကို ရွှေဒင်္ဂါးနှစ်ကုဋေ၊ သားလတ်ကို
ရွှေဒင်္ဂါးနှစ်ကုဋေ၊ သားငယ်ကိုတော့ ဘဏ္ဍာတိုက်
သုံးခုနဲ့အတူ ရွှေဒင်္ဂါးကုဋေရှစ်ဆယ်ကို အမွေအဖြစ်
လွှဲအပ်လိုက်ပါသတဲ့။ သူဌေးကြီးဟာ အမွေအားလုံး
ခွဲဝေပေးပြီးမကြာခင်မှာပဲ ရဟန်းဝတ်ကာတောထွက်
သွားပါတော့မယ်။
ဒီပုံပြင်ကလေးက သင်္ကေတတွေ သုံးထားတဲ့နိမိတ်
ပုံပြင်တစ်ခုဖြစ်ပါတယ်။ ပုံပြင်ထဲမှာပါတဲ့သားသုံး
ယောက်ဟာ ပုထုဇဉ်လောကီလူသား အားလုံးကို
ရည်ညွှန်းထားတာဖြစ်သလို ရွှေဒင်္ဂါးနှစ်ရာဆိုတာ
ဟာလည်း ရုပ်နာမ်နှစ်ပါးကိုကိုယ်စားပြုဖော်ညွှန်း
ထားတာဖြစ်ပါတယ်။ ပုံပြင်ထဲက သားသုံးဦးဟာ
ဖခင်သူဌေးကြီးထံက ရွှေဒင်္ဂါးနှစ်ရာကို ရရှိခဲ့သလို
ပုထုဇဉ်လူသားတွေဟာလည်း ကံတရာဖခင်ကြီး
ထံက ရုပ်နာမ်နှစ်ပါးဆိုတဲ့ ရွှေဒင်္ဂါးတွေထပ်တူညီမျှ
ရရှိခဲ့ကြတာပါ။
ဒါပေမယ့်ပုံပြင်ထဲက ညီအစ်ကိုသုံးယောက်လိုပါပဲ
ပုထုဇဉ်လူသားတွေဟာလည်း ရုပ်နာမ်နှစ်ပါးခန္ဓာ
ငါးပါးရရှိထားတာချင်းအတူတူ သုံးစွဲပုံခြင်းမတူညီ
တာကြောင့် အကျိုးကျေးဇူးခံစားရပုံခြင်းဟာလည်း
လွန်စွာမှ ကွဲပြားခြားနားကြပါတယ်။ ပုထုဇဉ်လူသား
တချို့ဟာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ
အစွမ်းကုန်လိုက်စား ပျော်ပါးရေးအစွန်းဘက်ကိုသာ
ရောက်သွားကြပါတယ်။ အဲဒါကို ပိဋကတ်စာပေမှာ
ကာမသုခလ္လိကာနုယောဂ အကျင့်လို့ခေါ်ပါတယ်။
ဒီလိုလက်ယာအစွန်းရောက်တဲ့သူတွေဟာ လောဘ
အတ္တကြီးမားပြီး ယုတ်ညံ့တတ်ပါတယ်။ မိမိရဲ့လူစွမ်း
အား အရင်းအမြစ်အားလုံးကို ရာဂမီးပုံထဲ လောင်း
ထည့်ပြီး ကာမနတ်ကို ယဇ်ပူဇော်ရတာမျိုးဖြစ်လို့
အရင်းရောအမြတ်ပါ အကုန်ရှုံးတဲ့ သုညလုံးလုံး
ဖြစ်တတ်ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက အစ်ကို
အကြီးဆုံးနဲ့ ဥပမာတူပါတယ်။
တချို့ပုထုဇဉ်လူတွေကတော့ ကာမဂုဏ်အာရုံလမ်းမ
ကြီးပေါ်မှာ အစွမ်းကုန်ချုပ်ထိန်းရေးအစွန်းဘက်
ရောက်သွားတတ်ပါတယ်။ ဒါကိုတော့ ပိဋကတ်စာပေ
မှာ အတ္တကိလမထာနုယောဂအကျင့်လို့ခေါ်ပါတယ်။
ဒီလိုလက်ဝဲအစွန်းရောက်သူတွေဟာ မာနကြီးပြီး
အမြင်ကျဉ်းမြောင်းပါတယ်။ လူ့အရင်းအမြစ်တွေ
ဆုတ်ယုတ်ပျက်စီးကာ တိုးတက်ကြီးပွားမှုတွေ
ရပ်တန့်သွားတတ်ပါတယ်။ ဒီလူတွေဟာ ပုံပြင်ထဲက
ကိုလတ်နဲ့တူပါတယ်။
ကလျာဏပုထုဇဉ်တွေဟာ ကာမဂုဏ်အာရုံလမ်းမ
ကြီးပေါ်မှာ အစွမ်းကုန်လိုက်စားရေးနဲ့ အစွမ်းကုန်
ထိန်းချုပ်ရေးဆိုတဲ့အစွန်းနှစ်ဖက်ကို လုံးဝမရောက်
စေဘဲ သင့်တင့်လျောက်ပတ်စွာ ခံစားခြင်းဆိုတဲ့
အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါအကျင့်ပေါ်မှာ
ခိုင်မြဲစွာရပ်တည်ပြီး ရုပ်နာမ်နှစ်ပါးကိုကိုယ်ကျင့်တရား
စိတ်ဓါတ်တည်ကြည်မှုနဲ့ ဉာဏ်အမြော်အမြင်ရှိမှုတွေ
မှာ ရင်းနှီးမြှုပ်နှံပြီး စနစ်တကျအသုံးချတတ်တာမို့
အရင်းရောအမြတ်ပါ တိုးများကာ ကြီးပွားချမ်းသာကြ
ရပါတယ်။ ဒီလူတွေကတော့ ပုံပြင်ထဲက ညီငယ်နဲ့
ဥပမာတူပါတယ်။
လူတိုင်းသာ ကာမဂုဏ်အာရုံလမ်းမကြီးပေါ်မှာ
မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ အလယ်အလတ်လမ်းစဉ်
နဲ့ လျှောက်သွားနိုင်ကြရင် ပုံပြင်ထဲက ညီအငယ်ဆုံး
လိုပဲ နောက်ဆုံးမှာ မဂ်တရား ဖိုလ်တရား ရှစ်ပါးသော
လောကုတ္တရာတရားတွေနဲ့တကွ နိဗ္ဗာန်ချမ်းသာဆိုတဲ့
ဘဏ္ဍာတိုက်ကြီးကိုပါ ဗုဒ္ဓမြတ်စွာရဲ့လောကုတ္တရာ
အမွေအနှစ်အဖြစ် ရရှိပိုင်ဆိုင်ကာ မုချချမ်းသာ
ကြွယ်ဝလာနိုင်ကြမှာပါ။
တကယ်တော့ ဗုဒ္ဓမြတ်စွာသာသနာဆိုတာ လူသားတိုင်း
အစွန်းနှစ်ဖက်ကို ရှောင်ရှားပြီး အလယ်အလတ်လမ်းက
လျှောက်သွားတတ်တာမို့ ပေါ်ပေါက်လာခဲ့တာဖြစ်ပါ
တယ်။
တော်ဝင်နွယ်
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ။

No comments:
Post a Comment