မြန်မြန်သေရုံဖြင့် ဆင်းရဲမှလွတ်မည်မဟုတ်ပါ
💀💀💀💀💀💀💀💀💀💀💀💀💀
လူတချို့သည် ကိုယ်တိုင်ဖြစ်စေ၊ သူတစ်ပါးဖြစ်စေ
နာမကျန်းဖြစ်သောအခါ ဝေဒနာအပြင်းအထန်
အသည်းအသန်ခံစားနေရသောအခါ အခက်အခဲ
များနှင့်ရင်ဆိုင်နေရသောအခါ သတ်သေရန်၊
သတ်သေစေရန်၊ အမြန်ဆုံးသေစေရန် တိုက်တွန်း
ခြင်း၊ အားပေးခြင်း၊ ကူညီခြင်း၊ သေဆေးပေးခြင်း
ပြုလုပ်တတ်ကြ၏။
ထိုအပြုအမှုသည် မှန်သောအပြုအမူလော၊
ကောင်းသောအပြုအမူလော ဆန်းစစ်ကြည့်ရှု့
သင့်၏။
ကျွန်ုပ်တို့သည် မြန်မြန်သေရုံမျှဖြင့် ဆင်းရဲမှ
လွတ်လိမ့်မည်ဟု စွဲမှတ်ခံယူထားကြ၏။
ထို့ကြောင့်လည်း မိမိကိုယ်တိုင်ဖြစ်လျှင်သတ်
သေကြ၏။ မြန်မြန်သေစေရန် သေဆေး
တောင်းတတ်၏။ အခြားသူများအတွက်ဆို
လျှင် အသက်ရှင်နေသည်ထက် မြန်မြန်
သေခြင်းက ကောင်းကြောင်း သေခြင်း၏
ဂုဏ်ကျေးဇူးကို ချီးမွှန်းပြောကြားတတ်၏။
အပြင်းအထန်ဝေဒနာခံစားနေရသည်ကို
သနားကြ၏။ ခံစားနေရတာထက် သေတာ
ကပဲ ကောင်းပါသည်ဟု သဘောထား
ခံယူတတ်ကြ၏။
ထိုအပြုအမူများသည် မေတ္တာနှင့်ယှဉ်သော
အပြုအမူလော၊ ကရုဏာနှင့်ယှဉ်သော
အပြုအမူလော၊ မုဒိတာနှင့်ယှဉ်သော
အပြုအမူလော၊ သူတစ်ပါးအားသတ်ခြင်း
ပါဏာတိပါတကံထိုက်သည် မည်သလော၊
ဆန်းစစ်ကြဖို့ကောင်းပါ၏။ အမှန်မြင်ဝါဒ
လား။ အကောင်းမြင်ဝါဒလား ဆန်းစစ်သင့်
၏။
သာဓကထင်ရှားပြလိုပါ၏။ ပေတ၀တ္ထု
တစ်ပုဒ်ဖြစ်သော အမ္ဗသက္ကရ၀တ္ထုဖြစ်ပါ
၏။
ဂေါတမမြတ်စွာဘုရားလက်ထက်တော်
အခါက ဝေသာလီမြို့၌ ကုန်သည်တစ်
ယောက်ရှိ၏။ ထိုကုန်သည်သည် သူ့ဆိုင်
ရှေ့၌ ရွံ့ဗွက်ထပြီး လမ်းပျက်နေရာ
နွားခေါင်းရိုးတစ်ခုကို ချခင်း၍နင်းစရာ
ဖြစ်စေ၏။
တစ်နေ့တွင်ကုန်သည်သည် သူ့တူက
ခိုးယူလာသော ပစ္စည်းကိုလက်ခံထားမိ၍
ရာဇ၀တ်သင့်ကာ သေဒဏ်အပြစ်ပေးခံရ
၏။ ကုန်သည်သည် သေပြီးနောက် ဘုမ္မစိုး
ခေါ် မြေကြီးနတ်ဖြစ်ရ၏။ မြင်းဖြူရှင်နတ်
ဟုလည်း ခေါ်ကြ၏။
ထိုသို့မြင်းဖြူရှင်နတ်ဖြစ်ရခြင်းမှာ ရွံ့ဗွက်
ထ၍ ပျက်နေသောလမ်းတွင်နွားခေါင်းရိုး
ခင်းထားပေးသော ကုသိုလ်ကံကြောင့်ဖြစ်
၏။ သို့ရာတွင်မြင်းဖြူရှင်နတ်မှာ အ၀တ်
အစားမရှိဘဲ ကိုယ်တုံးလုံးဖြစ်နေ၏။
ကာလ၀တက်နောက်ပိုးတက်ဟူသော
အဖြစ်ကြောင့် အ၀တ်အစားဗလာကျင်းရ
ခြင်းဖြစ်၏။
ကုန်သည်ဘ၀လူဖြစ်စဉ်က သူငယ်ချင်း
ကုန်သည်တစ်ယောက်ရေချိုးနေစဉ်
နောက်ပြောင်ကျီစယ်သောအားဖြင့်
သူငယ်ချင်း၏အ၀တ်အစားများကို
ဝှက်ထားခဲ့ဖူး၏။ ထိုအကုသိုလ်မကောင်းမှု
ကြောင့် မြင်းဖြူရှင်နတ်ဖြစ်သောအခါ
အ၀တ်အစားမရှိဘဲ ဗလာကျင်းလျက်
ကိုယ်တုံးလုံးဖြစ်ရခြင်းပင်။ ၀ဋ်လည်တတ်
ပုံ၊ ၀ဋ်လိုက်တတ်ပုံကို သတိတရားရစေလို
၏။ သတိပြုမိစေလိုပါ၏။
မြင်းဖြူရှင်နတ်ဗလာကျင်းနေခိုက်တူတော်
မောင်မှာလည်း ခိုးမှုကြောင့် တံကျင်လျှို
ခံနေရ၏။ သို့သော် မသေသေးပါ။
မြင်းဖြူရှင်နတ်သည် ညဥ့်သန်းခေါင်ယံ
တွင် တူတောင်မောင်ထံ သွား၍
စိတ်မလျော့နဲ့၊ အားတင်းထား၊ အသက်ရှင်
နေတာက သေတာထက်ကောင်းတယ်
ဟု အားပေးစကားပြောကြား၏။
မြင်းဖြူရှင်နတ်သည် အကယ်၍ယခုအချိန်
တွင် တူတော်မောင်သေခဲ့သော်ငရဲသို့မုချ
ကျရောက်မည်ကို သိမြင်သောကြောင့်
စိတ်ဓါတ်မြင့်တက်စေရန် အားပေးစကား
ပြောကြားရခြင်းပါ။
တစ်ချိန်တည်းမှာပင် မြင်းဖြူရှင်နတ်သည်
လိစ္ဆ၀ီမင်းအမ္ဗသက္ကာရနှင့်လည်းတွေ့လေ
၏။
အမ္ဗသက္ကရမင်းသည် ကံကံ၏အကျိုးကို
မယုံကြည်ပါ။ နောက်ဘ၀ရှိကြောင်းမယုံ
ကြည်ပါ။ မိစ္ဆာဒိဋ္ဌိမင်းတစ်ပါးဖြစ်သည်။
မြင်းဖြူရှင်နတ်က
အကျွန်ုပ်မှာ အ၀တ်အစားမရှိပါ။ အရှင်ကပ္ပိတက
မထေရ်အား အ၀တ်အထည်များပေးလှူပြီး
ကျွန်ုပ်အားအမျှပေးဝေပါ။ မေတ္တာရပ်ခံတောင်း
ပန်ပါ၏။ အမ္ဗသက္ကရမင်းလည်း ကောင်းပါပြီဟု
ဝန်ခံ၍ အရှင်ကပ္ပိတကမထေရ်အား အ၀တ်
အထည်များအားပေးလှူလေ၏။ ထို့နောက်အမျှ
ပေးဝေလေ၏။
မြင်းဖြူရှင်နတ်သည် အမ္ဗသက္ကရမင်း၏အမျှဝေ
ခြင်းကိုခံယူရရှိ၏။ ချက်ချင်းပင် အ၀တ်အစား
များကိုယ်ပေါ်သို့ ရောက်ရှိရရှိ၏။ ချမ်းသာစွာ
နေရ၏။ ထိုအဖြစ်ကို အမ္ဗသက္ကရမင်းလည်း
မြင်လိုက်ရ၏။ ကိုယ်တွေ့မျက်မြင်ကြုံလိုက်
ရသောကြောင့် ဒါန၏အကျိုးပေးကိုလက်ငင်း
ဒိဋ္ဌ မြင်တွေ့လိုက်ရချေပြီ။ ကံကံ၏အကျိုးကို
လည်း ယုံကြည်သွားလေ၏။ အမ္ဗသက္ကရမင်း
သည် အရှင်ကပ္ပိတကမထေရ်၏တရားတော်
အဆုံးတွင် သောတာပန်တည်လေ၏။ ငရဲ
တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဟူသော
အပါယ်တံခါးပိတ်လေပြီ။ အပါယ်လေးဘုံဟူ
သော ဒုဂ္ဂတိဘုံများသို့ လားရောက်စရာမရှိ
တော့ချေ။
အမ္ဗသက္ကရမင်းသည် တံကျင်လျှိုထားသော
သူခိုးလူငယ်အားလည်းလွှတ်ပေး၏။ ဆေးဝါး
ကုသပေး၏။ မြင်းဖြူရှင်နတ်၏တူတော်မောင်
သည် ကျန်းမာလာပြီးနောက် အရှင်ကပ္ပိတက
မထေရ်ထံသို့ ရဟန်းပြု၏။ ခန္ဓာ၏ဖြစ်ပျက်
ဝိပဿနာတရားကို အားထုတ်ရာမကြာမီ
ရဟန္တာဖြစ်တော်မူ၏။
အထက်ပါသာဓကတွင် မြင်းဖြူရှင်နတ်၏တူ
တော်မောင်သည် တံကျင်လျှိုထားခိုက်သေလွန်
သော် ငရဲသို့မုချကျရောက်မည်ဖြစ်၏။ သို့တစေ
အသက်မသေဘဲ အသက်ရှည်ခြင်းကြောင့်
ရဟန်းပြုခွင့် တရားအားထုတ်ခွင့်ရခဲ့၏။
ထို့ကြောင့်လည်း မအိုရာ၊ မနာရာ၊ မသေရာ
ဖြစ်သော နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်သည့်
ရဟန္တာပုဂ္ဂိုလ်မြတ်အဖြစ် ဖြစ်ခွင့်ရခဲ့၏။
ဒုတိယသာဓကကို ကြည့်ပါဦး
မြတ်စွာဘုရားရှင်လက်ထက်တော်အခါက
ဖြစ်၏။ ရဟန်းတစ်ပါးသည် ပြင်းထန်သော
ဝေဒနာခံစားနေရ၏။ အခြားသောရဟန်း
များသည် ထိုရဟန်းကိုကြည့်ပြီးသနားကြ
၏။ ဝေဒနာခံစားနေရသည်ကို မကြည့်ရက်
ဘဲရှိ၏။ ထို့ကြောင့်အသက်ရှင်နေရသည်
ထက် သေခြင်းက ကောင်းကြောင်းသေခြင်း
၏ အကျိုးကျေးဇူးကို ချီးမွှန်းပြောဆိုကြကုန်
၏။ ထိုရဟန်းသည် သေခြင်း၏အကျိုးကျေးဇူး
ကိုနှလုံးသွင်းလျက် မြန်မြန်သေစေရန်အစာ
မစားဘဲနေ၏။ မကြာမီပျံလွန်တော်မူ၏။
ထိုအဖြစ်နှင့်စပ်လျဉ်း၍ ဗုဒ္ဓမြတ်စွာကသေခြင်း
၏အကျိုးကျေးဇူးကို ပြောကြားခဲ့သော် ရဟန်း
တော်များအား သေအောင်တိုက်တွန်းရာ
ရောက်သောကြောင့် ပါရာဇိကအာပတ်သင့်
သည်ဟု အဆုံးအဖြတ်ပေးတော်မူခဲ့၏။
ယခုခေတ်တွင် ရောဂါအသည်းအသန်ခံစား
နေရပြီး အသက်ရှင်ရန်မျှော်လင့်ချက်လုံးဝ
မရှိသော လူနာများသည် ဆရာဝန်များအား
သေဆေးပေးရန် တောင်းခံကြ၏။ တချို့
ဆရာဝန်များက သေဆေးပေးသင့်သည်ဟု
ခံယူကြ၏။ တချို့ဆရာဝန်များကားလုံးဝ
လက်မခံကြချေ။ တရားသူကြီးနှင့် ဥပဒေ
ပညာရှင်များကလည်း မုချသေမည့်လူနာ
အား အမြန်ဆုံးသေဖို့ ကူညီခြင်းကိုလက်သင့်
မခံကြချေ။ သနားသဖြင့်ထိုသို့ကူညီခြင်းသည်
အပြစ်မရှိဟုဆိုကြသူများလည်းရှိ၏။ အပြစ်
ရှိသည်ဟု အခိုင်အမာဆိုကြသူများလည်း
ရှိ၏။ နှစ်ဦးနှစ်ဖက်လွန်ဆွဲလျက် ရှိကြ၏။
သတိပညာဖြင့် ဆင်ခြင်ကြည့်စေချင်၏။
သေစေလိုသော စိတ်မှာဒေါသနှင့်ယှဉ်ပါ၏။
သနားသောစိတ်မှာ ကရုဏာနှင့်ယှဉ်ပါ၏။
သို့တစေ အကျိုးရလဒ်မှာ သေခြင်းဖြစ်နေ၏။
သေစေရန် ကိုယ်တိုင်ပြုခြင်း၊ တိုက်တွန်းခြင်း၊
ချီးမွှန်းခြင်း၊ သဘောတူခြင်းဖြစ်ရာပါဏာတိ
ပါတကံ ထိုက်ပါ၏။ စဉ်းစားကြပါကုန်။
ထို့ကြောင့်ဝေဒနာခံစားရသည်ကိုမကြည့်ရက်
၍ သနား၍သေစေရန် ကိုယ်တိုင်ပြုလုပ်ခြင်း၊
တိုက်တွန်းခြင်း၊ ချီးမွှန်းခြင်း၊ သဘောတူခြင်း
သည် ကရုဏာအစစ်လော၊ မေတ္တာအစစ်
လော၊ မုဒိတာအစစ်လော။
စင်စစ်ဒေါသနှင့်ယှဉ်သော လုပ်ဆောင်ချက်
သာဖြစ်ပါ၏။ ပါဏာတိပါတကံ ထိုက်ပါ၏။
သတ်မှုမြောက်ပါ၏။
သတ္တ၀ါတို့သေရာတွင် သက်တမ်းကုန်၍
သေခြင်း၊ ကံအစွမ်းကုန်၍သေခြင်း၊ သက်တမ်း
နှင့်ကံကုန်၍သေခြင်း၊ ကံကသတ်ဖြတ်၍ ရုတ်
တရက်သေခြင်း ဟူ၍ လေးမျိုးရှိရာ မီးစာကုန်
ဆီခန်းခြင်းတို့ကြောင့် သေခြင်းမဟုတ်ဘဲ
ပယောဂတစ်ခုခုကြောင့် သေချိန်မကျရောက်ဘဲ
သေခြင်းသည် မှန်သော သေခြင်းမဟုတ်ပါ။
ကောင်းသော သေခြင်းမဟုတ်ပါ။
ထို့ကြောင့် သေခြင်းကို ချီးမွှန်းပြောဆိုခြင်း၊ သေ
ဆေးပေးခြင်း၊ သတ်ပေးခြင်းစသည့် လုပ်ရန်များ
သည် အပြစ်ရှိမရှိ၊ ကောင်းမကောင်း ဆင်ခြင်
ကြည့်ကြပါလေ။ သေခြင်းကို အနိစ္စလက္ခဏာ
ဖြင့်ဆင်ခြင်နှလုံးသွင်းနှင့် အနှစ်သာရမတူပါ။
အလွန်ကွဲပြားခြားနား၏။
အထူးသဖြင့် မိခင်ဖခင်များ ရောဂါဝေဒနာ
ပြင်းထန်စွာ ခံစားရ၍ သနားသောအားဖြင့်
မြန်မြန်သေလျှင် ဆင်းရဲမှလွတ်လိမ့်မည်
အထင်ဖြင့် သေဆေးပေးခဲ့သော် ပါဏာတိ
ပါတကံ ထိုက်ရုံမျှမက မိဘကိုသတ်သည့်
ပဉ္စာနန္တရိယကံကြီးပါ ထိုက်ကြောင်းသတိ
ပြုမိကြစေလိုပါသည်။ အထူးသတိထားလိုက်
ပါ၏။
စင်စစ်မြန်မြန်သေရုံဖြင့် ဆင်းရဲမှလွတ်လိမ့်
မည်ဟူသော အယူအဆမှာ မမှန်ပါ။
မကောင်းပါ။ ရင်မှာသိမ်းပိုက်ထားဖို့မသင့်ပါ။
လူသည်အချိန်မရွေးသေနိုင်သည်ဟူ၍ နှလုံး
သွင်းထားအပ်သည်မှန်သော်လည်း၊ မြန်မြန်
သေရုံဖြင့် ဆင်းရဲမှလွတ်လိမ့်မည်မဟုတ်
ကြောင်းကိုလည်း နှလုံးသွင်းထားကြစေလို
၏။ မြန်မြန်သေရုံဖြင့်ဆင်းရဲမှ လွတ်လိမ့်
မည်မဟုတ်ပါ။ ၀ဋ်ဆင်းရဲမှ လွတ်ကင်းရာ
သည်နိဗ္ဗာန်မှလွဲ၍ အခြားမရှိပါ။ နိဗ္ဗာန်ရောက်
မှ ၀ဋ်ဆင်းရဲဒုက္ခမုချလွတ်မြောက်မည်ကို
သိစေချင်ပါသည်။ ထို့ကြောင့် ၀ဋ်ဆင်းရဲမှ
လွတ်ရာ သတိပဋ္ဌာန်ဝိပဿနာတရားကို
အားထုတ်ကြိုးစားကြရန် သုံးလောကထွတ်
ထား မြတ်စွာဘုရားက ဟောကြားတော်မူခဲ့
ခြင်းပါတည်း။
သန်းငြိမ်းအေး
အပ္ပမာဒ ဓမ္မရသမဂ္ဂဇင်း
၂၀၀၅ခုနှစ်၊ ဇန်န၀ါရီလ။
No comments:
Post a Comment