Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Thursday, June 30, 2016

မဆင်​မခြင်​​ပြောသည့်​ဆိုးကျိုး

မဆင်မခြင်ပြောသည့်ဆိုးကျိုး

တစ်ခါတုန်းက သောဏအမည်ရှိသော ဥပါသကာ တစ်ဦးသည် မထေရ် တစ်ပါးထံ ချဉ်းကပ်၍ ဆွမ်းလုပ်ကျွေးခြင်း ၊ တရားဓမ္မများ နာကြားခြင်း ၊ တရားဓမ္မများ ဆွေးနွေးခြင်း စသည်တို့ကို အမြဲမပြတ် ပြုလုပ်လေ့ရှိ၏ ။ မထေရ်မြတ်၏ တရားအဆုံးအမတို့ကို ကြားနာရဖန်များ လာသော အခါ သောဏသည် သတိသံဝေဂ ရ၍ တရားကို ပြင်းပြင်း ထန်ထန် အားထုတ်လေ၏ ။

တစ်နေ့တွင် သောဏသည် အခြားမြို့တစ်မြို့သို့ ကုန်အရောင်းအဝယ်
ကိစ္စဖြင့် သွားသော ကုန်သည်တစ်စုနှင့် အတူ လိုက်ပါသွားလေ၏ ။ ညနေမှောင်စပျိုးလာသောအခါ လမ်းခရီး တစ်နေရာတွင် အိပ်စက် အနားယူရန် ရပ်နားလိုက်ကြသည် ။

တရားအားထုတ်ခြင်း၌ မွေ့လျော်လေ့ရှိသော သောဏသည်
ကုန်သည်တို့နှင့် ရောရောနှောနှော ဆူဆူညံညံ မအိပ်လိုသဖြင့်
မလှမ်းမကမ်း တစ်နေရာသို့ သွား၍ အိပ်လေ၏ ။

နံနက်လင်းသောအခါ ကုန်သည်တို့သည် သောဏကို ခေါ်ရန်
သတိမရကြဘဲ ခရီးဆက်သွားကြ၏ ။ နံနက်လင်း၍ နေရောင်လာ
သောအခါမှ သောဏသည် အိပ်ရာမှ နိုးလာသည် ။ ကုန်သည်တို့ကို
မတွေ့ရ၍ ဘေးအနီးပတ်ဝန်းကျင်၌ လိုက်ရှာ၏ ။ နောက်ဆုံးတွင်
ကုန်သည်တို့ ဆက်လက် ထွက်ခွာသွားကြပြီ ဆိုသည်ကို သိလိုက်ရပြီး သောဏ သည် ကုန်သည်တို့ သွားသည့် လမ်းအတိုင်း လျင်မြန်စွာ လိုက်သွားလေ ရာ လမ်းခရီးတစ်နေရာ၌ ညောင်ပင်ကြီးတစ်ပင် အနီးသို့ ရောက်လေသည် ။

သောဏသည် ထိုနေရာ၌ အလွန်ထူးခြားသော အသွင် သဏ္ဌာန်ရှိသည့်
ပုဂ္ဂိုလ်တစ်ဦးကို အံ့ဩဖွယ်ရာ တွေ့လေ၏ ။ ထို ပုဂ္ဂိုလ်၏ ခန္ဓာကိုယ်သည်
အလွန်ကြီးမား၏ ။ ရုပ်ကလည်း အလွန် ကြောက်မက်ဖွယ်ကောင်း၏ ၊
ခန္ဓာကိုယ်သည်လည်း အရိုးပြိုင်းပြိုင်းထနေ၏ ။ သူ၏ အသားများကို
သူကိုယ်တိုင် ပြန်၍စားနေ၏ ။ သောဏသည်ကား တရားဓမ္မများကို
နှစ်ပေါင်းများစွာ အားထုတ်ထားသူဖြစ်၍ ကြောက်လန့််ခြင်း အလျဉ်းမရှိပေ ။ ကြောက်လန့်ခြင်း မဖြစ်သည်သာမက `` သင် ဘယ်သူလဲ ´´ ဟုပင်
မေးလိုက်သေးသည် ။

`` ကျွန်ုပ်ဟာ ပြိတ္တာဖြစ်ပါတယ် ´´ ဟု ပြန်ဖြေလေ၏ ။ `` ဘယ်လို
မကောင်းမှု အကုသိုလ်မျိုးကို ကျူးလွန်ခဲ့လို့ အခုလို ဆင်းရဲဒုက္ခတွေ
ခံစားနေရတာလဲ ´´ ဟု သောဏက ထပ်မေးလေ၏ ၊

ထိုအခါ ပြိတ္တာကြီးက `` အကျွန်ုပ်သည် ရှေးဘဝတစ်ခုတုန်းက
ဘာရုကစ္ဆကမြို့မှာ ကုန်သည်တစ်ယောက် ဖြစ်ခဲ့ပါတယ် ။ အဲဒီဘဝမှာ
အကျွန်ုပ်ဟာ သူများတွေရဲ့ ပစ္စည်းဥစ္စာတွေကို လိမ်လည် လှည့်ဖြားပြီး
ရအောင်ယူခဲ့ပါတယ် ။ ဒါ့အပြင် ဆွမ်းခံကြွတဲ့ ရဟန်းသာမဏေတွေကိုလည်း
``သင်တို့ရဲ့ အသားကို ကိုယ်တိုင်ပြန်စားကြ ´´ လို့ ပြောဆို
စော်ကားခဲ့မိပါတယ် ။ အဲဒီလို မကောင်းမှု အကုသိုလ် ကံတွေကြောင့်
အခုလို ဆင်းရဲဒုက္ခတွေကို ခံစားနေရခြင်း ဖြစ်ပါတယ် ´´ ဟု
ပြန်လည်ဖြေကြားလေသည် ။

သောဏသည် ပြိတ္တာကြီး၏ စကားကို ကြားရသောအခါ အလွန်
သတိသံဝေဂ ဖြစ်မိပြန်၏ ။ ထို့အပြင် အခြားသူများကို လိမ်လည်
လှည့်ဖြားလျှင် ဖြစ်လေရာဘဝတိုင်း၌ ရုပ်ဆိုးသူ ဖြစ်တတ်ကြောင်း ၊
မြင့်မြတ်သော ပုဂ္ဂိုလ်တို့ကို ရိုင်းပျစွာ ပြောဆိုစော်ကားလျှင် ပြိတ္တာဘဝသို့ ရောက်တတ်ကြောင်း စသည်ဖြင့် မကောင်းမှု အကုသိုလ်ကံ တို့၏ ဆိုးဝါးသော အကျိုးဆက်တို့ကို ဆက်လက် ဆင်ခြင်မိလေသည် ။

Tuesday, June 28, 2016

ခလ္လာတိယနတ်​ပြိတ္တာမ

ခလ္လာတိယနတ်ပြိတ္တာမ

ကဿမဘုရားရှင်လက်ထက် ဗာရာဏသီပြည်၌ လှပတင့်တယ်
ရှုချင့်စဖွယ်အဆင်းရှိသောခလ္လာတိယခေါ် အမျိုးသမီးတစ်ဦးရှိ၏။

ထိုမိန်မး၏ ဆံပင်တို့သည် အလွန်မဲနက်၏။ ရှည်သွယ်၏။ နူးညံ့ပြီး
အဖျားကော့၏။ ဖြေ၍ ချသော် ဖနောင့်နားသို့ရောက်မှ အဖျားကော့၍
တက်၏။ အဆင်းလှခြင်း၊ ဆံပင်ကောင်းခြင်းတို့ကြောင့် ယောက်ျားများက ချစ်ကြိုက်စွဲလမ်းကြကုန်၏။
.
.
ခလ္လာတိယအား ယောက်ျားတို့ ချစ်ခင်စုံမက်ကြသည်ကို မနာလိုကြသော
မိန်းမတို့သည် တိုင်ပင်ကြပြီး ခလ္လာတိယ၏ အလုပ်အကျွေးမိန်းမကို တံစိုး
လက်ဆောင်ပေးကာ ဖျားယောင်း၍ ဆံပင်ကျွတ်စေရန် ခိုင်းစေကြသည်။
ကျွန်မိန်းမသည် ထိုမိန်းမတို့ပေးသော ဆံပင်ကျွတ်ဆေးကို ခေါင်းလျှော်ရေ
တွင် ထည့်၍ သူ့သခင်အားပေး၏။
.
.
ခလ္လာတိယသည် ဂင်္ဂါမြစ်ဆိပ်၌ ရေချိုးသောအခါ ခေါင်းလျော်ရေကို
ဆံပင်အရင်းအထိ ပွတ်နယ်ပြီး ရေ၌ ငုပ်လိုက်လျှင်ပင် ဆံပင်တို့သည်
အရင်းမှကျွတ်၍ ကျသည်။ ခေါင်းပြောင်ကြီးနှင့် မြို့တွင်းမသွားရဲသဖြင့်
ခေါင်းကို အဝတ်ပတ်ကာ မြို့ပြင်၌ ခေတ္တနေလေသည်။ နှစ်ရက်သုံးရက်လွန်မှ
အရှက်ပြေပြီး မြို့တွင်းဝင်၏။ ထို့နောက် ဆီကြိတ်၍ ဆီရောင်းဝယ်ခြင်း၊
အရက်ရောင်းခြင်းဖြင့် အသက်မွေး၏။
.
.
ခလ္လာတိယသည် အရက်မူးသားတို့ထံမှ အဝတ်ပုဆိုးတို့ကို ခိုးယူလေ့ရှိ
သည်။ တစ်နေ့သောအခါ ရဟန္တာတစ်ပါး ဆွမ်းလာရပ်သည်ကို ကြည်ညိုသ
ဖြင့် ပင့်ဖိတ်ကာ ဆီနှင့်ရောသောဆီမွှေးနှမ်းဖတ်ကို လှူလေသည်။ ရဟန္တာ
အရှင်မြတ်သည် ခလ္လာတိယသဒ္ဓါတရားထက်သန်စေရန် အနုမောဒနာတ
ရား ဟောကြားလေသည်။
.
.
ခလ္လာတိယသည် အခြားဆုကြီးများ တောင်းနိုင်ပါလျက် “ဤရဟန္တာအရှင်
မြတ်အား ကြည်ညိုစွာ လှူဒါန်းရသည့် အကျိုးကြောင့် ငါ၏ဆံပင်တို့သည် မည်းနက်ရှည်သွယ် နူးညံ့လျက် အဖျားကော့၍ တက်ပါစေသတည်း”ဟုသာ ဆုတောင်းလေသည်။
.
.
အလှူ၏ အကျိုးကြောင့် ကွယ်လွန်သောအခါ သမုဒ္ဒရာအလယ် ရွှေဗိမာန်၌
နတ်ပြိတ္တာမ ဖြစ်လေသည်။ သူ၏ ဆံပင်တို့သည်ကား ဆုတောင်းတိုင်း ပြည့်
စုံ၏။ သို့သော် အရက်မူးသမားတို့၏ အဝတ်ပုဆိုးတို့ကို ခိုးမိသောကြောင့်
ကိုယ်၌ အဝတ်မရှိ၊ ကိုယ်လုံးတီးနှင့် တစ်ယောက်တည်း စံရ၏။ ခလ္လာတိယ
သည် ထိုဗိမာန်၌ပင် ဘဝအဖန်ဖန်ဖြစ်ရာ ဂေါတမမြတ်စွာဘုရား ပွင့်တော်
မူသည်အထိ ဖြစ်သည်။
.
.
ဂေါတမမြတ်စွာဘုရားရှင်လက်ထက် သာဝတ္ထိပြည်သား ကုန်သည်ခုနစ်ရာ
တို့သည် သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် ကုန်ကူးသွားကြသည်။ သမုဒ္ဒရာအလယ်
သို့ရောက်သော် မုန်တိုင်းမိပြီး ခလ္လာတိယနတ်ပြိတ္တာမ၏ ဗိမာန်သို့ရောက်သွား
ကြသည်။ ခလ္လာတိယလည်း ဗိမာန်နှင့်တကွ မိမိ၏အရိပ်အယောင်ကိုပြလေ
၏။ ထိုအခါ သဘောင်္ာသားကုန်သည်တို့က-
“ဗိမာန်တွင်းက ဘယ်သူလဲ၊ လူလား၊ နတ်လား၊ အပြင်ထွက်ခဲ့ပါ”ဟု
အော်ပြောကြသည်။
နတ်ပြိတ္တာမက-“ငါ့မှာ အဝတ်မရှိသဖြင့် မထွက်ရဲပါ။ ရှက်လှပါတယ်”ဟု
ပြန်ပြောလေသည်။
.
.
ကုန်သည်တို့က-“ဒီအဝတ်တွေကို ဝတ်ပြီး ထွက်ခဲ့ပါ”ဟု ပြောကာ ပါလာ
သော အဝတ်ပုဆိုးတို့ကို ပစ်ပေးကြသည်။
“သင်တို့လက်ဖြင့် ငါ့ကိုပေးလို့မရပါ။ သင်တို့အထဲမှာ ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်တဲ့ ဥပါသကာတစ်ဦးဦးပါလာပါလိမ့်မယ်၊
သူ့ကို အဝတ်ပုဆိုးများပေးလှူပြီး ငါ့အားအမျှဝေပေးပါ”ဟု ခလ္လာတိယက
ပြောလေသည်။
.
.
သင်္ဘောသားတို့သည် သီလရှိသူ ဥပါသကာအား ပုဆိုးအစုံလှူါးန်းပြီး နတ်
သမီးအား အမျှပေးဝေကြသည်။ ခလ္လာတိယနတ်ပြိတ္တာမလည်း ဝမ်းမြောက်
ဝမ်းသာ သာဓုခေါ်သည့်အခိုက်မှာပင် အဝတ်တန်ဆာပြည့်စုံစွာ ရလေသည်။
ထိုအခါမှ အပြင်သို့ ထွက်လာနိုင်တော့သည်။
.
.
သင်္ဘောသား ကုန်သည်တို့လည်း နတ်သမီးကို အကြောင်းစုံမေးမြန်းရာ
ခလ္လာတိယက-
“ငါကား ရဟန်းအားဆီထွေးနှမ်းဖတ်လှူဘူးတဲ့ကောင်းမှုကြောင့်
နတ်ဗိမာန်မှာ စံစားရပေမဲ့ သူများ အဝတ်ပုဆိုးခိုးယူတဲ့ မကောင်းမှုကြောင့်
နတ်ဖြစ်သော်လည်း အဝတ်မပါဘဲ ကိုယ်လုံးတီးနဲ့ နေရတယ်။
သေရင်လဲ ငရဲကျခံရအုန်းမယ်” ဟုပြောပြလေသည်။
.
.
ခလ္လာတိယ၏ စကားကို ကြားသောအခါ သီလရှိသူ ဥပသကာသည်
သနားစိတ်ဝင်မိလေသည်။ ထိုကြောင့်-
“အိုနတ်သမီး-ငါ့တစ်ယောက်ကို ပေးလှူရုံမျှဖြင့် အခုလို အလိုပြည့်စုံရင်
သီလရှိသူ သင်္ဘောသားတို့ကို ပေးလှူပြီး ရတနာ သုံးပါးဂုဏ်ကို အောက်မေ့
ဆင်ခြင်ရင် ငရဲမှ လွတ်လိမ့်မယ်” ဟု ဆိုလေသည်။
.
.
ခလ္လာတိယလည်း ဝမ်းမြောက်ဝမ်းသာဖြင့် နတ်တို့၏ ထမင်းအဖျော်၊ အ
ဝတ်ပုဆိုးတို့ကို သင်္ဘောသားတို့အားပေးလှူ၏။ ထို့နောက် ပုဆိုးတစ်စုံကို
သင်္ဘောသားတို့ လက်အပ်ပြီး-
“အရှင်ဘုရား-အဝတ်မရှိတဲ့ နတ်သမီးတစ်ယောက်က အရှင်ဘုရားရဲ့ ခြေ
တော်အစုံကို ဦးခိုက်လှူဒါန်းလိုက်ပါတယ်ဘုရား”ဟု မြတ်စွာဘုရားအား
လျှောက်ထား လှူဒါန်းပေးပါရန် မှာကြားလိုက်သည်။ ထို့နောက် သင်္ဘောကို
လည်း မိမိတန်ခိုးဖြင့် လိုရာရောက်အောင် ပို့ဆောင်ပေးလေသည်။
.
.
သင်္ဘောသားတို့လည်း သာဝတ္ထိပြည် ရောက်လျှင် မြတ်စွာဘုရားထံသွား၍
ပုဆိုးတစ်စုံလှူပြီး နတ်သမီးမှာသည့်အတိုင်း လျှောက်ထားကြသည်။ မြတ်စွာ
ဘုရားသည် ထိုစကားကို အကြောင်းပြု၍ ပရိသတ်တို့အားတရားဟောကြား
လေ၏။ သင်္ဘောသားတို့သည် ဘုရားအမှူးရှိသော သံဃာတော်တို့အား အ
လှူကြီးပေး၍ နတ်သမီးအား အမျှဝေကြ၏။ နတ်သမီးလည်း ဝေမာနိက
နတ်ပြိတ္တာဘဝမှ လွတ်၍ တာဝတိံသာနတ်ပြည်၌ စံရလေသည်။

Credit : သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ

ပြိတ္တာဖြစ်​ ​ဈေး​ရောင်းနည်း

“ပြိတ္တာဖြစ် ဈေးရောင်းနည်း”



မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ
“ဈေးသည်အမျိုးသမီး လေးယောက်”ရှိပါတယ်။
သူတို့လေးယောက်မှာ လင်ယောက်ျား နဲ့
သားသမီးတွေလည်းကိုယ်စီရှိကြပါတယ်။
သူတို့က ထောပတ်၊ပျားရည်၊ဆန်၊ဆီ၊ဆား
စသည်တွေကိုရောင်းပြီး လင်ယောက်ျားနဲ့
သားသမီးတွေကို လုပ်ကျွေးနေကြတာပါ။

ဒါပေမယ့် သူတို့ဈေးရောင်းချမှုဟာ မှန်ကန်မှုမရှိပါဘူး။
အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့လည်း
ရောင်းလေ့ရှိပါတယ်။ဈေးကိုလည်း ပုံမှန်ဈေးထက် ၊
ပိုပိုတင်ပြီးရောင်းတတ်ပါတယ်။
ဒီလိုရောင်းတဲ့အတွက် စီးပွါးရေးက
ခဏလေးတွေနဲ့ တိုးတက်သွားပြီး၊
ခြံကြီးကြီး ၊ အိမ်ကြီးကြီး တွေနဲ့ ဖြစ်သွားပါတယ်။

စီးပွားရေးတွေ အဆင်ပြေနေဆဲကာလမှာပဲ
ဈေးသည်အမျိုးသမီးလေးယောက်ဟာ
အကြောင်းမယ်မယ်ရရမရှိဘဲနဲ့ ရှေ့ဆင့်၊နောက်ဆင့်
ကွယ်လွန်သွားကြပါသတဲ့။

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့
မြို့ကျုံးရဲ့ အပြင်ဘက်နားမှာ “ပြိတ္တာမ”တွေ သွားဖြစ်ပါသတဲ့။
ဒီတော့ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်က
သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတမနေကြပါဘူး။

ကွယ်လွန်ပြီးမကြာခင်မှာဘဲ ယခင်ဇနီးဟောင်းတွေထက်
ချောတဲ့ငယ်တဲ့ ဇနီးသစ်ကလေးတွေကို ကိုယ်စီကောက်ယူလိုက်ကြပါသတဲ့။
ပြီးတော့ ဇနီးဟောင်းတွေရှာခဲ့တဲ့ ပစ္စည်းတွေကို
ဇနီးသစ်ကလေးတွေနဲ့ ဒူးနှံ့ပြီး သုံးဆောင်ခံစားနေကြပါသတဲ့။

ပြိတ္တာဖြစ်နေတဲ့ ဈေးသည် မိန်းမလေးယောက်ဟာ
သူတို့ရှာဖွေခဲ့တဲ့ပစ္စည်းလေးတွေကို ခင်ပွန်းလောင်းနဲ့ နောက်မိန်းမ က
ပျော်ပျော်ပါးပါးခံစားသုံးဆောင်နေကြတာ
တွေ့ရတော့ ပြိတ္တာဖြစ်နေလို့ စိတ်ဆင်းရဲနေရတဲ့အထဲ၊
“လုပ်ရက်လေခြင်း” ဆိုပြီး ပိုစိတ်ဆင်းရဲသွားကြပါသတဲ့။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ
မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့
လှမ်းလှမ်းအော်ပါတော့တယ်။

ဘယ်လိုအော်သလဲဆိုတော့…
●“ငါတို့ဟာ လိမ်လည်ကောက်ကျစ်ပြီး ဈေးရောင်းခဲ့တဲ့အတွက်
ပြိတ္တာမတွေဖြစ်နေရတယ်။ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့
ခင်ပွန်းဟောင်းတွေက နောက်မိန်းမငယ်လေးတွေနဲ့ ခံစားပျော်ပါးနေကြတယ်။
ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာခဲ့တာမသုံးဆောင်ရဘဲ၊
ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်”လို့အော်ကြပါတယ်။

ညညဆို ကျုံးအပြင်ဘက်ကနေ အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်နေတော့ ၊ မြို့ထဲမှာနေကြတဲ့သူတွေကထိတ်လန့်ကုန်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို
ပင့်ပြီး ဆွမ်းကပ်၊ဆွမ်းကပ်ပြီးတဲ့အခါကျတော့
မြတ်စွာဘုရားကို ကျုံးအပြင်ဖက်က
လှမ်းလှမ်းအော်နေကြတဲ့အကြောင်း လျှောက်ပြကြပါတယ်။

ဒီတော့ မြတ်စွာဘုရားက“ဒကာတို့ ဒီအသံတွေက သင်တို့ကို
အန္တရာယ်ပြုမယ့် အသံတွေ မဟုတ်ပါဘူး။ပြိတ္တာမလေးယောက်
ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့အော်နေကြတာပါ။”လို့မိန့်တော်မူပြီး
ဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်းမှာ သစ္စာလေးပါးကို
ဆက်ဟောပြပေးပါတယ်။တရားဆုံးမှာတော့ တရားနာပရိသတ်တွေ
သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေရသွားကြပါတယ်။
စာထဲမှာတော့ ဈေးသည်ပြိတ္တာမလေးယောက်ပါ
တရားထူးရသွားတယ်လို့ပြမထားပါဘူး။
တခြားအဖွင့်တွေမှာပြထားရင်တော့ မပြောတတ်ပါဘူး။
ဘာပဲပြောပြော စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့
ဈေးရောင်းတဲ့အတွက် သေတဲ့အခါ
ပြိတ္တာဖြစ်သွားရတာကတော့ အမှန်ပါပဲ။

ဒီခေတ်တွေမှာလည်းတစ်ချို့ပုဂ္ဂိုလ် တွေဟာစဉ်းလဲကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့
ဈေးရောင်းနေကြတာတွေရှိပါတယ်။“ကားကိုလိမ်ရောင်းတာ၊
တီဗွီကိုလိမ်ရောင်းတာ၊ထီကိုလိမ်ရောင်းတာ၊ကြက်သားကိုရေထိုးပြီးရောင်းတာ၊
ပဲတွေထဲကို ခဲထည့်ပြီးရောင်းတာ” စသည့်ဖြင့်အများကြီးပါ။
အလိမ်ခံလိုက်ရတဲ့ စားသုံးသူတွေက သူတို့ခံလိုက်ရတဲ့ အကြောင်းတွေ ရေးပြထားတဲ့စာတွေလည်းဂျာနယ်တွေမှာ မကြာခဏဖတ်နေရပါတယ်။

တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတဲ့သူတွေက
လိမ်ရောင်းသလို ၊ တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကို
လိမ်ရောင်းတဲ့သူတွေကလည်း လိမ်ရောင်းနေကြတာပါပဲ။

ဖရဲသီးရောင်းတဲ့သူတစ်ယောက်ဆိုရင်ရေခွက်လေးထဲမှာ
ဆေးသကြားလေးတွေထည့်ထားပါသတဲ့။
ဖရဲသီးလှီးတဲ့ဓားရဲ့ဓားဦးလေးကို လည်း
ဆေးသကြား ထည့်ထားတဲ့ ရေခွက်လေးထဲ စိုက်ထားပါသတဲ့။

သာမန်အားဖြင့်ကြည့်ရင် ရေခွက်ထဲကို ဓားဦးလေးစိုက်ထားတဲ့
ပုံစံလေးပါ။ဈေးဝယ်သူလာတဲ့အခါ ဖရဲသီးကို နမူနာ
မြည်းကြည့်ရအောင် ဆိုပြီး ဆေးသကြား တို့ထားတဲ့ဓားဦးကလေးနဲ့
လက်တစ်ဆစ်စာလောက်ကလေး ဝိုက်လှီးပြီး၊ကျွေးပါသတဲ့။
ဈေးဝယ်သူကလည်း“ဟယ် …ချိုလိုက်တာ”ဆိုပြီး ဝယ်သွားပါသတဲ့။
ဒါလေးက ကြားဖူးတာပါ။

ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကိုဈေးဝယ်သူ မသိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်တော့ဟုတ်လှပြီ ထင်နေမှာပါ။

ဒါပေမယ့် ကျန်တဲ့သူတွေတာ မသိရင်သာနေမယ်။
ဈေးရောင်းသူကိုယ်တိုင်တော့ သိနေခဲ့ပါပြီ။
ကိုယ့်ရဲ့အပြုအမူဟာ မဟုတ်မမှန်ဘူးဆိုတာလည်း
သိတယ်။ သိလျက်နဲ့လည်း ပြုမူတယ်ဆိုတာ
ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝတန်ဖိုးမထားတာပါ။

ကံဆိုတာပြုပြီးရင်မြောက်သွားတာပါ။ဘာမှ ပြန်လုပ်လို့ မရတော့ပါဘူး။
မြောက်သွားတဲ့ကံက အလကား နေတော့မှာမဟုတ်ပါဘူး။
အခွင့်အခါသင့်တာနဲ့ ပြန်အကျိုးပေးတော့မှာပါ။ကောက်ကျစ်စဉ်းလဲတဲ့
ကံတွေများရင်များသလောက်အကျိုးပေးမှာပါ။
ကိုယ်က ပြုပြီး ၊စားသောက်ပြီး၊ မေ့ချင်မေ့နေမယ်။ကံကတော့ မမေ့ပါဘူး။
အချိန်တန်ရင် သူ့အလုပ်သူလုပ်မှာပါ။

အထက်မှာ ကောက်ကျစ်စဉ်းလဲစွာ ဈေးရောင်းခဲ့တဲ့
ဝတ္ထုလေးပြခဲ့လို့ ကောက်ကျစ်စဉ်းလဲတဲ့အကြောင်းတွေ
ပြောနေရတာပါ။မှန်မှန်ကန်ကန်နဲ့ မေတ္တာစေတနာအပြည့်နဲ့
ဈေးရောင်းနေကြတဲ့ ဈေးသည်တွေလည်းအများကြီးပါ။

ကိုယ်ကမှန်မှန်ကန်ကန် ရောင်းခဲ့တဲ့အတွက်၊မေတ္တာစေတနာထား
ရောင်းခဲ့တဲ့အတွက်၊ကိုယ်ပြုခဲ့တဲ့ကံကလည်းအလကားနေမှာမဟုတ်ပါဘူး။
သူ့အကျိုးအားလျော်စွာ တုန့်ပြန်မှာပါ။

Wednesday, June 22, 2016

သာကီဝင်​မင်းတို့၏ဝဋ်​​ကြွေး

“သာကီဝင်မင်းတို့၏ဝဋ်ကြွေး”


ပေဿနဒီကောသလမင်းကြီးသည် သာကီဝင်မင်းတို့နှင့် ဆွေမျိုးတော်စပ်လို၍
မဟာနာမ်မင်းကြီးထံ သာကီဝင်မင်းသမီးတစ်ဦးကို
တောင်းခံခဲ့လေသည်။

သာကီဝင်မင်းတို့သည် အမျိုးမာန် အလွန်ကြီးသည်။
မိမိမျိုးနွယ်၌ တစ်ပါးသောမျိုးနွယ်ဖြင့် သွေးနှောမှုကို
အလွန်စက်ဆုပ်ကြလေ သည်။

ပေဿနဒီမင်းကြီးက သာကီဝင်မင်းသမီးတစ်ဦး
တောင်းလာသောအခါ ကောသလမင်းက
စစ်အင်အားတောင့်တင်းပြီး တန်ခိုးကြီးသောမင်း
ဖြစ်နေ၍ သတို့သမီး မပေးလျှင် မိမိတို့ကို
နှိပ်စက်ဖျက်ဆီးနိုင်သော အခြေအနေ ရှိနေသည်။
မပေး၍ မရနိုင်သောကြောင့် သာကီနွယ်စစ်
သတို့သမီးကိုမပေးဘဲ မဟာနာမ်မင်းကြီးနှင့်
ကျွန်မတို့က ပေါက်ဖွားသော ဝါသဘခတ္တိယမည်သော
ကျွန်မကို သာကီဝင် သတို့သမီးအဖြစ်
လိမ်ညာ၍ ပို့ဆက်ပေးလေသည်။

ကောသလမင်းနှင့် ဝါသဘခတ္တိယမင်းသမီးတို့
ပေါင်းသင်းဆက်ဆံ၍ ဝိဒဋူဘ အမည်ရှိသော
သားတစ်ယောက်ရခဲ့သည်။

ဝိဒဋူဘမင်းသားအရွယ်ရောက်၍ အဘိုးအဘွားကို
မိခင်ထံမေးပြီး သာကီဝင်မင်းတို့စံရာ ကပိလဝတ်သို့
သွား၍ ဘိုးတော်မဟာနာမ်မင်းကြီးကို ရှိခိုးပူဇော်လေသည်။

ထိုအချိန်တွင် ဝိဒဋူဘကျွန်မသားကို ရှိခိုးရမည်
စိုးသောကြောင့် ဝိဒဋူဘထက်ငယ်သော
သာကီဝင်မင်းသားအားလုံးကို အရပ်တစ်ပါးသို့
သွားရောက် ရှောင်တိမ်းနေစေခဲ့သည်။
ထို့ကြောင့် ဝိဒဋူဘမင်းသားကသာ ဘကြီး၊
ဦးကြီး၊ ဦးလေး စသည်ဖြင့် ရှိခိုးပူဇော်ရသည်။
ဝိဒဋူဘမင်းသားကို ရှိခိုးမည့်သူက တစ်ယောက်မျှ
မရှိပေ။

မင်းသားသည်(၇)ရက်နေပြီး သာကီဝင်မင်းတို့ထံမှ
ပြန်လည်ထွက်ခွာလာခဲ့သည်။ ထိုခဏမှာပင်
နောက်ပါအစောင့်တစ်ယောက်က လက်နက်
မေ့နေ၍ ပြန်ယူသည်။

ထိုအချိန်တွင် ကျွန်မတစ်ဦးသည် လွှတ်တော်၌
ဝိဒဋူဘမင်းသားထိုင်ခဲ့သော နေရာကို
နွားနို့ဖြင့်ဆေးကြောနေပြီး နှုတ်မှလည်း
ကျွန်မသားနေခဲ့သောနေရာ ဟု
တဗျစ်တောက်တောက် အပြစ်ပြောနေလေသည်။

ထိုအကြောင်းကို ထိုမင်းချင်းက ဝိဒဋူဘထံ
ပြန်လည်လျှောက်ထားခဲ့သည်။ ထိုအကြောင်းကို
ကောသလမင်းကြီးပါသိပြီး ဝါသဘခတ္တိယနှင့်
ဝိဒဋူဘတို့ကို ရာထူးမှချထားခြင်း ခံရသည်။

နောင်တွင် ဘုရားရှင်က အမိမျိုး၊ အဘမျိုးတွင်
အဘမျိုးက အဓိကဖြစ်ကြောင်း ဟောပြောပြသဖြင့်
ကောသလမင်းက မူလမိဖုရားအရာ သားတော်
အရာနေရာနှင့် အဆောင်တော်များ ပြန်ပေးသည်။

ဝိဒဋူဘသည် မိမိသည် ကျွန်မသားဖြစ်ရခြင်း၊
မိမိနေရာကို နွားနို့ဖြင့်ဆေးခံရခြင်း၊
ရာထူးမှချထားခံရခြင်းတို့အတွက် ဒေါသထွက်ကာ-

“သာကီဝင်တွေ ငါထိုင်သောပျဉ်ချပ်ကို နို့ရေဖြင့်
ဆေးကြပါစေဦး၊ ငါမင်းဖြစ်ပါက သာကီဝင်မင်းတို့၏
လည်ချောင်းသွေးဖြင့် ငါ့ခြေ၊ ငါထိုင်သောနေရာကို
ဆေးကြောမည်” ဟု ရန်ငြိုးဖွဲ့ထားခဲ့လေသည်။

ဝိဒဋူဘသည် မိမိရည်ရွယ်ချက်အတိုင်း
ကောသလမင်း နတ်ရွာစံသောအခါ
ထီးနန်းဆက်ခံရသည်။

ထိုအခါ သာကီဝင်မင်းတွေကိုသတ်ရန် မျိုးသတ်စစ်ပွဲကို
ဆင်နွှဲခဲ့သည်။ ဘုရားရှင်သည် သုံးကြိမ်တိုင်တိုင်
ဆွေတော်မျိုးတော်တို့၏ အသက်ဘေးလွတ်မြောက်ရန်
ဝိဒဋူဘအား တားဆီးပေးခဲ့သည်။

သာကီဝင်မင်းတို့၏ အတိတ်ဝဋ်ကြွေးကိုသိ၍
နောက်ဆုံးတွင် ဘုရားရှင်သော်မှ
တားဆီး၍ မရနိုင်တော့ပေ။

“အတိတ်မကောင်းမှုကံ”

သာကီဝင်မင်းအပေါင်းတို့သည် အတိတ်ဘဝတစ်ခု၌
တံငါမျိုးတွင် ဖြစ်ခဲ့ကြသည်။ တံငါသည်တို့သည်
သားငါးများကို ဖမ်းယူ ရောင်းချ စားသောက်လျက်
အသက်မွေးဝမ်းကျောင်းပြုကာ နေထိုင်ခဲ့ကြသည်။

တစ်နေ့တွင် ရွာသားအားလုံး တိုင်ပင်ညီညွတ်ပြီး
တစ်ပေါင်းတည်းစုဝေးလျက် မြစ်တစ်ခုသို့သွားကြသည်။
မြစ်ထဲသို့ ငါးဆေးအဆိပ်တို့ကို ထည့်ခတ်ကြပြီး
ငါးတို့အဆိပ်မိ၍ သေကုန်ပြီး ရေပေါ်သို့
ပေါ်လာသောအခါ အလွယ်တကူကောက်ယူ၍
ဈေး၌ရောင်းချကြသည်။

ထိုအဆိပ်ခတ်သတ်ခဲ့သော မကောင်းမှုကံ၏
အကျိုးဆက်ကြောင့် ယခုဘဝတွင် သာကီဝင်မင်းတို့သည်
ဝိဒဋူဘမင်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို
ခံခဲ့ကြရလေသည်။

တူသောဆန္ဒ၊ တူသောစေတနာကို အခြေခံ၍
တူသောအလုပ်ကို လုပ်ကြရာတွင် မကောင်းသော
အလုပ်ကို လုပ်မိကြ၍ အတူလုပ်ဖော်ကိုင်ဖက်တို့
ဟူသော အကျိုးဝဋ်ကို ပေးဆပ်ကြရသည်။

ကောင်းသောအလုပ်ကို လုပ်လျှင်လည်း
ကောင်းသောအကျိုးကို ခံစားရပါသည်။
ဥပမာ-မာဃလုလင်နှင့် အဖော်သုံးကျိပ်၊
လင်းနို့သားငါးရာတို့သည် တူသောဆန္ဒ၊
တူသောစေတနာရှိခဲ့ကြ၍ တူသောကောင်းကျိုးကို
ခံစားခဲ့ကြရလေသည်။

Monday, June 20, 2016

ဝိနယ - ဝိနည်း

ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
“ ၀ိနယ – ၀ိနည်း ”
==============
“၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
ဝိနည်းတရားတော်သည် သာသနာ၏ အသက်ဖြစ်သည်
-
“၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
ဝိနည်းတည်သည် ရှိသော် သာသနာတော် တည်သည် မည်၏။
-
အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
=========================
၁။ ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
၂။ လဟုကအာပတ် ၅မျိုး
-
ဂရုကအာပတ် ၂မျိုး
၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ
ကုစားလို့ရသော အပြစ်
-
လဟုကအာပတ် ၅မျိုး
-
၃။ ထုလ္လစ္စဉ်းအာပတ်
(ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
-
၎။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
-
၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
-
၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
-
၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
-
၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
-
၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
-
၃။အနိယတ သိက္ခာပုဒ်======၂ပါး
-
၎။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
-
၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
-
၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
-
၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
-
၈။အဓိကရဏ သမထ=======၇ပါး။
-
သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
-
၁။ ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
-
၁။ မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
-
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
-
၃။ မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
-
၎။ ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
-
( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ )
-
၂။ သံဃာဒိသိသ် ၁၃ ပါး
-
(ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ ကုစားလို့ရသော အပြစ်)
-
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
-
၅။ သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
-
၆။ ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
-
၇။ ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
-
၈။ အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
-
၉။ သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
-
၁၀။ ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်
လွန်သောကျောင်းကို ဆောက်မှု)
-
၁၁။ ၀ိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
-
၁၂။ ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
-
၁၃။ ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
-
၁၄။ သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
-
၁၅။ ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
-
၁၆။ ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
-
၁၇။ ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
-
( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ )
-
ရဟန်း အချင်းချင်း ဒေသ နာကြား (အာပတ်ဖြေ ) အပြစ်ဝန်ခံပြီး နောင်ကို မလုပ်ပါ ဟု ပြောဆို
ဝန်ခံလျှင် ပြေပျောက်နိုင်သော အပြစ်များ
-
၃။ အနိယတ သိက္ခာပုဒ် ၂ ပါး
-
၁၈။ အဌမအနိယတ သိက္ခာပုဒ်(လူအများ၏ မျက်စိကွယ်ရာ မာတုကာမနှင့်အတူ
အကွယ်အကာရှိသောနေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
-
၁၉။ ဒုတိယအနိယတ သိက္ခာပုဒ် (လူအများ၏ နားကွယ်ရာ မာတုကာမနှင့်အတူ
အကွယ်အကာရှိသောနေရာ၌ တစ်ယောက်ချင်း နေထိုင်မှု)
-
၎။ နိဿဂ္ဂိပါစိတ် သိက္ခာပုဒ် အပါး ၃၀ (စွန့်ပြစ်ရမည်)
-
(စီဝရ၀ဂ်)
-
၂၀။ ပဌမ ကထိန သိက္ခာပုဒ် (သင်္ကန်း အပို ဆောင်မှု)
-
၂၁။ ဒုတိယ ကထိန သိက္ခာပုဒ် (သင်္ကန်းကြီးကို မယူပဲ ခရီးထွက်မှု)
-
၂၂။ တတိယ ကထိန သိက္ခာပုဒ် (အကာလ၌ ရသော သင်္ကန်းကို တစ်လထက်ပိုပြီး
မချူပ်ဆိုးဘဲ ထားမှု)
-
၂၃။ ပုရာဏ စီဝရ သိက္ခာပုဒ်
(ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းဖွပ်လျှော်ခိုင်းမှု)
-
၂၄။ စီဝရပဋိဂ္ဂဟဏ သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီထံ သင်္ကန်းအလှူခံမှု)
-
၂၅။ အညာတက ၀ိညတ္တိ ကထိန သိက္ခာပုဒ် (ဆွေးမျိုးမတော်သူထံ သင်္ကန်းတောင်းမှု)
-
၂၆။ တတုတ္တရိ သိက္ခာပုဒ် (သင်္ကန်းနှစ်ထည် ထက်ပိုပြီး အလှူခံမှု)
-
၂၇။ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် တန်ဖိုးပိုအောင် အလွန် အထူး စီမံမှု)
-
၂၈။ ဒုတိယ ဥပက္ခဋ သိက္ခာပုဒ် (သင်္ကန်းကောင်းအောင် အလွန် အထူး စီမံမှု)
-
၂၉။ ရာဇ သိက္ခာပုဒ် (ဝေယျာဝစ္စပြုသူအား ၀တ္ထုငွေ အတင်းတောင်းမှု)
-
(ကောသိယ၀ဂ်)
-
၃၀။ ကောသိယ သိက္ခာပုဒ် (ပိုးချည်ရောနှော အခင်း ပြုလုပ်စေမှု)
-
၃၁။ သုဒ္ဓ္ဒကာဠက သိက္ခာပုဒ် (အနက်ရောင် သိုးမွေးအခင်း ပြုလုပ်မှု)
-
၃၂။ ဒွေဘာဂ သိက္ခာပုဒ် (အနက်ရောင် သိုးမွေးကို သုံးပုံ နှစ်ပုံထက် ပိုပြီး ပါဝင်စေမှု)
-
၃၃။ ဆဗ္ဗဿ သိက္ခာပုဒ် (ခြောက်နှစ်အတွင်း အခင်းသစ် ပြုလုပ်မှု)
-
၃၄။ နိသီဒနသန္ထတ သိက္ခာပုဒ် (အခင်းဟောင်းကို စွန့်ပြစ်မှု)
-
၃၅။ ဧဠကလောမ သိက္ခာပုဒ် (သိုးမွှေးထုပ် သယ်ဆောင်မှု)
-
၃၆။ ဧဠကလောမဓောဝါပန သိက္ခာပုဒ် (ဘိက္ခုနီအား သိုးမွှေးဖွပ်လျှော်ခိုင်းမှု)
-
၃၇။ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု)
-
၃၈။ ရူပိယဝေါဟာရ သိက္ခာပုဒ် (ရွှေ ငွေ ဖြင့် လဲလှယ်မှု)
-
၃၉။ ကယ၀ိက္ကယ သိက္ခာပုဒ် (အရောင်း အ၀ယ်ပြုမှု)
-
(ပတ္တ၀ဂ်)
-
၄၀။ ပတ္တ သိက္ခာပုဒ် (ကိုယ်ပိုင် သပိတ်များစွာ သိမ်းစည်းထားမှု)
-
၄၁။ ဦနပဉ္စဗ န္ဓ န သိက္ခာပုဒ် (သပိတ်များစွာ တောင်းခံမှု)
-
၄၂။ ဘေသဇ္ဖ သိက္ခာပုဒ် (ဆေးပစ္စည်း သိုမှီးသိမ်းစည်းမှု)
-
၄၃။ ၀ဿိကသာဋိက သိက္ခာပုဒ် (မိုးတွင်းမရောက်မီ မိုးရေ ခံသင်္ကန်းရှာမှီးမှု)
-
၄၄။ စီဝရအစ္ဆိန္ဒန သိက္ခာပုဒ် (ပေးပြီး သင်္ကန်းပြန်ပြီး လုယူမှု)
-
၄၅။ သုတ္တ၀ိညတ္တိ သိက္ခာပုဒ် ( ချည်တို့ကို များစွာ တောင်းမှု)
-
၄၆။ မဟာပေသကာရ သိက္ခာပုဒ် (အလှူရှင် ရည်မှန်းထားသည်ထက် ပိုပြီး သင်္ကန်းရက်စေမှု)
-
၄၇။ အစ္စေက စီဝရ သိက္ခာပုဒ် (အစ္စေက သင်္ကန်းကို ကြာရှည်စွာ ထားမှု)
-
၄၈။ သာသင်္က သိက္ခာပုဒ် (ခြောက်ညဉ့်ထက်ပိုပြီး သင်္ကန်းနှင့် ကင်းနေမှု)
-
၄၉။ ပရိဏတ သိက္ခာပုဒ် (သံဃာသို့ညွတ်ပြီး လာဘ်ကို မိမိသို့ ညွတ်စေမှု)
၅။ သုဒ္ဓါ ပါစိတ် သိက္ခာပုဒ် ၉၂ပါး
-
(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
-
၅၀။ မုသာဝါဒ သိက္ခာပုဒ် (လိမ်လည်ပြောမှု)
-
၅၁။ သြမသ ၀ါဒ သိက္ခာပုဒ်( ဆဲရေးရှုတ်ချမှု)
-
၅၂။ ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု)
-
၅၃။ ပဒသော ဓမ္မ သိက္ခာပုဒ် (လူ သာမဏေတို့နှင့် ပါဠိတော်ကို သံပြိုင် ဆိုမှု)
-
၅၄။ ပဌမ သဟ သေယျ သိက္ခာပုဒ် (လူ သာမဏေတို့ နှင့် အတူ အိပ်မှု)
-
၅၅။ ဒုတိယ သဟသေယျ သိက္ခာပုဒ်
(မာတုကာမနှင့်အတူ အမိုးအကာတူ နေရာ၌အိပ်မှု)
-
၅၆။ ဓမ္မဒေသနာ သိက္ခာပုဒ် (မာတုကာမအား ယောကျာ်းအဖော်မပါပဲ တရားဟောမှု)
-
၅၇။ ဘူတာရောစန သိက္ခာပုဒ် (ဈာန် မဂ်ဖိုလ်တရားရကြောင်း အမှန်ပြောမှု)
-
၅၈။ ဒုဌုလ္လာရောစန သိက္ခာပုဒ် (ရဟန်းတပါး၏ သံဃာဒိသေသ်အာပတ်ကို လူတို့အားပြောမှု)
-
၅၉။ ပထ၀ီ ခဏန သိက္ခာပုဒ် (မြေတူးမှု အတူးခိုင်းမှု)
-
(ဘူတဂါမ၀ါဂ်)
-
၆၀။ ဘူတဂါမ သိက္ခာပုဒ် (သစ်ပင်ခုတ်မှု)
-
၆၁။ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု)
-
၆၂။ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု)
-
၆၃။ ပဌမ သေနာသန သိက္ခာပုဒ် (သံဃိက ညောင်စောင်း(ကုဋင်)ခေါင်းအုံးစသည်ကို
လွင်တီးကောင်၌ခင်းပြီး မရုတ်သိမ်းမှု)
-
၆၄။ ဒုတိယ သေနာသန သိက္ခာပုဒ် (သံဃိကကျောင်းပေါ်ဝယ် အိပ်ရာနေရာခင်းပြီး မရုပ်သိမ်းမှု)
-
၆၅။ အနုပခဇ္ဇ သိက္ခာပုဒ် (မထေရ်ကြီးများ အနားကပ်ပြီး နေထိုင်မှု)
-
၆၆။ နိကဍ္ဎန သိက္ခာပုဒ် (သံဃိက ကျောင်းမှ ထွက်သွားအောင်လုပ်မှု)
-
၆၇။ ဝေဟာသကုဋိ သိက္ခာပုဒ် (အခင်းမရှိသည့် အပေါ်ထပ်တွင် ခုတင်ခင်းနေမှု)
-
၆၈။ မဟလ္လက ၀ိဟာ၇ သိက္ခာပုဒ် (ကျောင်းကို အထပ်ထပ် အမိုးခိုင်းမှု)
-
၆၉။ သပ္ပါဏက သိက္ခာပုဒ် (ပိုးရှိသော ရေကိုသွန်မှု)
-
(ဘိက္ခုနောဝါဒ၀ဂ်)
-
၇၀။ သြ၀ါဒ သိက္ခာပုဒ် (ဘိက္ခုနီ တို့အား သြ၀ါဒ ပေးမှု)
-
၇၁။ အတ္ထင်္ဂတ သိက္ခာပုဒ် (ဘိက္ခုနီ တို့အားနေ၀င်အောင် သြ၀ါဒ ပေးမှု)
-
၇၂။ ဘိက္ခုနုပဿယ သိက္ခာပုဒ် (ဘိက္ခုနီကျောင်းသို့သွားပြီး သြ၀ါဒပေးမှု)
-
၇၃။ အာမိသ သိက္ခာပုဒ် (ထေရ်ကြီးတို့အား စွပ်စွဲမှု)
-
၇၄။ စီဝရဒါန သိက္ခာပုဒ် (ဘိက္ခုနီအား သင်္ကန်းပေးမှု)
-
၇၅။ စီဝရ သိဗ္ဗန သိက္ခာပုဒ် (ဆွေမျိုးမတော်သော ဘိက္ခုနီအား သင်္ကန်းချူပ်ပေးမှု)
-
၇၆။ သံဝိဓာန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး ခရီးသွားမှု)
-
၇၇။ နာဝါဘိရုဟန သိက္ခာပုဒ် (ဘိက္ခုနီ တို့နှင့် တိုင်ပင်ပြီး လှေစီးမှု)
-
၇၈။ ဘိက္ခုနိပရိပါစိတ သိက္ခာပုဒ် (ဘိက္ခုနီ စီမံပေးသော ဆွမ်းကို စားမှု)
-
(ဘောဇန၀ဂ်)
-
၈၀။ အာဝါသထပိဏ္ဍ သိက္ခာပုဒ် (တည်းခိုရာ ဇရပ်၌ ဧည့်ဝတ်ဆွမ်းကို အမြဲစားမှု)
-
၈၁။ ဂဏဘောဇန သိက္ခာပုဒ် (ဂဏဘောဇဉ်ကို စားမှု)
-
၈၂။ ပရမ္ပရဘောဇန သိက္ခာပုဒ် (ပထမပင့်ဆွမ်းကို မစားပဲ ဒုတိယ ပင့်ဆွမ်းကို စားမှု)
-
၈၃။ ကာဏာမာတာ သိက္ခာပုဒ် (လက်ဆောင်ပေးဖို့ မုန့်များကို အကုန် အလှူခံမှု)
-
၈၄။ ပထမ ပ၀ါရဏာ သိက္ခာပုဒ် ( တော်ပြီဟု ပစ်ပယ်ပြီးမှ ထပ်မံစားမှု)
-
၈၅။ ဒုတိယ ပ၀ါရဏာ သိက္ခာပုဒ် (ပ၀ါရိတ် သင့်ထားသော ရဟန်းအား နောက်ထပ်စားရန်
တိုက်တွန်းမှု)
-
၈၆။ ၀ိကာလ ဘောဇန သိက္ခာပုဒ် (နေ့လွဲညစာ စားသောက်မှု)
-
၈၇။ သန္နိဓိ သိက္ခာပုဒ် (စားစရာ သိုမှီ သိမ်းစည်းထားပြီး စားမှု)
-
၈၈။ ပဏီတ ဘောဇန သိက္ခာပုဒ် (မွန်မြတ်သော အစာကို တောင်းစားမှု)
-
၈၉။ ဒန္တပေါဏ သိက္ခာပုဒ် (အကပ်မခံပဲ စားမှု)
-
(အစေလက၀ဂ်)၉၀။ အစေလက သိက္ခာပုဒ်
( အ၀တ်မ၀တ်သော တိတ္တိတို့အား အစားအစာပေးမှု)
-
၉၁။ ဥယျောဇန သိက္ခာပုဒ် (ဆွမ်းခံခေါ်သွားပြီးနောက် ပြန်လွှတ်မှု)
-
၉၂။ သဘောဇန သိက္ခာပုဒ် (လင်မယားအိပ်ယာပေါ်၌ ထိုင်နေမှု)
-
၉၃။ ရဟောပဋိစ္ဆန္န (ဖုံးကွယ်ရာ၌ မာတုဂါမ နှင့်နေမှု)
-
၉၄။ ရဟောနိသဇ္ဖ သိက္ခာပုဒ် (ဆိတ်ကွယ်ရာ၌ မာတုကာမနှင့် နှစ်ယောက်ချင်းအတူနေမှု)
-
၉၅။ စာရိတ္တ သိက္ခာပုဒ် (ဆွမ်းမစားမီ အိမ်လည်မှု)
-
၉၆။ မဟာနာမ သိက္ခာပုဒ် (နှိပ်နှိပ်စက်စက်တောင်းမှု)
-
၉၇။ ဥယျုတ္တသေနာ သိက္ခာပုဒ် (စစ်တိုက်ထွက်သည်ကို ကြည့်ရှုမှု)
-
၉၈။ သေနာဝါသ သိက္ခာပုဒ် (စစ်တပ်အတွင်း ညအိပ်မှု)
-
၉၉။ ဥယျောဓိက သိက္ခာပုဒ် (စစ်တိုက်နေသည်ကို ကြည့်မှု)
-
(သုရာပါန၀ဂ်)၁၀၀။ သုရာပါန သိက္ခာပုဒ် (သေရည်သေရက် သောက်မှု)
-
၁၀၁။ အင်္ဂုလိပတောဒက သိက္ခာပုဒ် (ကလိထိုကစားမှု)
-
၁၀၂။ ဟသဓမ္မ သိက္ခာပုဒ် (အစီရ၀တီ မြစ်ထဲ၌ ရေကစားမှု)
-
၁၀၃။ အနာဒရိယ သိက္ခာပုဒ် (ရဟန်းတို့အား မလေးမစားပြောမှု)
-
၁၀၄။ ဘိံသာပန သိက္ခာပုဒ် (ခြောက်လှန့်မှု)
-
၁၀၅။ ဇောတိ သိက္ခာပုဒ် (မီးလှုံမှု)
-
၁၀၆။ နဟာန သိက္ခာပုဒ် (အလိုက်မသိပဲ အချိန်ကြာမြင့်စွာရေချိုးမှု)
-
၁၀၇။ ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် (သင်္ကန်း မမှတ်မိမှု)
-
၁၀၈။ ၀ိကပ္ပန သိက္ခာပုဒ် (ပစ္စုဒ္ဓိုရ် သင်္ကန်းကို ၀တ်မှု)
-
၁၀၉။ စီဝရအပနိဓါန သိက္ခာပုဒ် (သပိတ် သင်္ကန်း စသည်ကို ၀ှက်ထားမှု)
-
(သပ္ပါဏက၀ဂ်)
-
၁၁၀။ သဥ္စိစ္စ သိက္ခာပုဒ် (ကျီးကန်သတ်မှု)
-
၁၁၁။ သပ္ပါဏက သိက္ခာပုဒ် (ရေကို ပိုးကောင်ရှိမှန်းသိလျက်သောက်သုံးမှု)
-
၁၁၂။ ဥက္ကောဋန သိက္ခာပုဒ်( အဓိကရုဏ်ဖြစ်အောင် လှုပ်ဆော်မှု)
-
၁၁၃။ ဒုဋ္ဌုလ္လ သိက္ခာပုဒ် (ရုန်ရင်းသောအာပတ်ကို ဖုံးကွယ်ထားမှု)
-
၁၁၄။ ဥုန၀ီသတိဝဿ သိက္ခာပုဒ် (အသက်နှစ်ဆယ်မပြည့်သူကို ရဟန်းပြုပေးမှု)
-
၁၁၅။ ထေယျသတ္ထ သိက္ခာပုဒ် (ခိုးသူကုန်သည်နှင့်အတူသွားမှု)
-
၁၁၆။ သံဝိဓာန သိက္ခာပုဒ် (မာတုကာမနှင့်အတူ ခရီးသွားမှု)
-
၁၁၇။ အရိဋ္ဌ သိက္ခာပုဒ် (မှားယွင်းသောအယူကို ယူမှု)
-
၁၁၈။ ဥက္ခိတ္တ သံဘောဂ သိက္ခာပုဒ် (ထုတ်ခံရသော ၇ဟန်းနှင့် ပေါင်းမှု)
-
၁၁၉။ ကဏ္ဋက သိက္ခာပုဒ် (မိစ္ဆာဝါဒီသာမဏေနှင့် ဆက်ဆံမှု)
-
(သဟဓမ္မိက၀ဂ်)
-
၁၂၀။ သဟဓမ္မိက သိက္ခာပုဒ် (သိက္ခာပုဒ်ကို သွယ်ဝိုက်ငြင်းဆန်မှု)
-
၁၂၁။ ၀ိလေခန သိက္ခာပုဒ် (သိက္ခာပုဒ်ကို ကဲ့ရဲ့မှု)
-
၁၂၂။ မောဟန သိက္ခာပုဒ် (သိက္ခာပုဒ်ကို မသိဟန်ဆောင်မှု)
-
၁၂၃။ ပဟာရ သိက္ခာပုဒ် (ရဟန်းကို ရိုက်နှက်မှု)
-
၁၂၄။ တလသတ္တိက သိက္ခာပုဒ် (ရိုက်နှက်မည့်ဟန် ချိန်ရွယ်မှု)
-
၁၂၅။ အမူလက သိက္ခာပုဒ် (သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲမှု)
-
၁၂၆။ သဥ္စိစ္စ သိက္ခာပုဒ် (ရဟန်းအား သံသယဖြစ်စေမှု)
-
၁၂၇။ ဥပဿုတိ သိက္ခာပုဒ် (ရန်ဖြစ်သော ရဟန်းများ စကားပြောနေသည်ကို ချောင်းနားထောင်မှု)
-
၁၂၈။ ကမ္မပတိဗာဟန သိက္ခာပုဒ် (ဆန္ဒပေးပြီးမှ ကံကို တားမြစ်မှု)
-
၁၂၉။ ဆန္ဒံအဒတွာ ဂမန သိက္ခာပုဒ် (ဆန္ဒမပေးပဲ ဖယ်ခွာသွားမှု)
-
၁၃၀။ ဒုဗ္ဗလ သိက္ခာပုဒ် (သံဃာနှင့် သဘောတူ သင်္ကန်းပေးပြီးမှ ရှုံ့ ချကဲ့ရဲ့မှု)
-
၁၃၁။ ပရိဏာမန သိက္ခာပုဒ် (သံဃိကလာဘ်ကို အခြားပုဂ္ဂိုလ်သို့ ညွတ်စေမှု)
-
(ရတန၀င်္ဂ ရာဇ၀ဂ်)
-
၁၃၂။ အန္တေပုရ သိက္ခာပုဒ် (ကြိုတင်အသိမပေးပဲ နန်းတွင်းခန်းဆောင်သို့ ၀င်မှု)
-
၁၃၃။ ရတန သိက္ခာပုဒ် (ငွေထုတ်ကို သိမ်းထားမှု)
-
၁၃၄။ ၀ိကာလဂါမပဝေသန သိက္ခာပုဒ် (နေလွဲချိန်တွင် ရှာတွင်းဝင်မှု)
-
၁၃၅။ သူစိဃရ သိက္ခာပုဒ် (အလိုက်မသိပဲ အပ်ဗူးအများကိုတောင်းမှု)
-
၁၃၆။ မဉ္စပီဋ္ဌ သိက္ခာပုဒ် (မြင့်သောကုတင်ပေါ်တွင် အိပ်မှု)
-
၁၃၇။ တူလောနဒ္ဓ သိက္ခာပုဒ် (၀ါဂွမ်းမွေ့ယာသုံးစွဲမှု)
-
၁၃၈။ နိသီဒန သိက္ခာပုဒ် (အလွန်ကြီးသော နိသီဒိုင်အခင်းကိုဆောင်မှု)
-
၁၃၉။ ကဏ္ဍုပဋိ စ္ဆာဒိ သိက္ခာပုဒ် (အနာလွမ်းသင်္ကန်းကို ပမာဏလွန်အောင်ပြုမှု)
-
၁၄၀။ ၀ဿိကသာဋိကာ သိက္ခာပုဒ်
(အတိုင်းအရှည်လွန်သောမိုးရည်ခံသင်္ကန်းကို ပြုလုပ်မှု)
-
၁၄၁။ နန္ဒတ္ထေရ သိက္ခာပုဒ်
(ဘုရားသင်္ကန်းတော်လောက်ကြီးသော သင်္ကန်းကို ၀တ်ဆင်မှု)
-
၆။ ပါဋိဒေသနီ သိက္ခာပုဒ် ၄ ပါး (သီးခြား ထုတ်ဖော် ပြောကြားရသောအပြစ်)
-
၁၄၂။ ပဋ္ဌမ ပါဋိဒေသနီယ သိက္ခာပုဒ် ( ဘိက္ခုနီထံမှ ဆွမ်းကိုခံယူမှု)
-
၁၄၃။ ဒုတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
(ဆွမ်းစားစဉ် ဘိက္ခုနီ စီမံသည်ကို မတားမြစ်မှု)
-
၁၄၄။ တတိယ ပါဋိဒေသနီယ သိက္ခာပုဒ်
(ခဲဖွယ်ဘောဇဉ်ကို အတိုင်းအရှည်မသိ ခံယူမှု)
-
၁၄၅။ စတုတ္ထ ပါဋိဒေသနီယ သိက္ခာပုဒ် (ကြိုတင်အသိမပေးသည့် ဆွမ်းကိုစားမှု)
-
၇။ သေခိယ သိက္ခာပုဒ် ၇၅ပါး (သင်ကြားလေ့ကျင်ရမည်)
-
၁၄၆။ ပရိမဏ္ဍလ သိက္ခာပုဒ် (၂)ပါး
(သင်္ကန်းကို ရှေ့နောက်ဝဲယာ အ၀န်းညီစွာ ၀တ်ရုံရန်။)
-
၁၄၈။ သုပ္ပဋိ စ္ဆန္န သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် သင်္ကန်းရုံထား၇န်။)
-
၁၅၀။ သုသံဝုသ သိက္ခာပုဒ် (၂)ပါး (မြို့ရွာ အတွင်းတွင် ကာယိနြေ္ဒထိန်းရန်)
-
၁၅၂။ သြက္ခိတ္တစက္ခု သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းတွင် မျက်လွှာချထားရန်)
-
၁၅၄။ ဥက္ခိတ္တက သိက္ခာပုဒ် (၂)ပါး (သင်္ကန်းကို မပြီးသွားလာနေထိုင်မှု)
-
(ဥဇ္ဖ ဂ္လိက၀ဂ်)
-
၁၅၆။ဥဇဂ္ဃိက၀ဂ် သိက္ခာပုဒ် (၂)ပါး (မြို့ရွာအတွင်းပြင်းစွာရယ်မှု)
-
၁၅၈။ အပ္ပသဒ္ဒ သိက္ခာပုဒ် (၂)ပါး (စကားကို တိုးတိုးပြောရန်)
-
၁၆၀။ ၁၆၅ထိ ။ ပစာလကစာသော သိက္ခာပုဒ် (၆)ပါး (ကာယိနြေ္ဒကိုစောင့်ထိန်း၇န်)
-
(ခမ္ဘကတ၀ဂ်)
-
၁၆၆။ ခမ္ဘကတ သိက္ခာပုဒ် (၂)ပါး (ခါးမထောက်ရ)
-
၁၆၈။ ဥဂုဏ္ဌိတ သိက္ခာပုဒ် (၂)ပါး (ခေါင်းမြီး မခြုံရ။)
-
၁၇၀။ ဥက္ကုဋိက သိက္ခာပုဒ် (ခြေဖျားထောက်မသွားရ)
-
၁၇၁။ ပလ္လတ္ထိက သိက္ခာပုဒ် (ဒူးကို သိုင်းဖွဲ့မထိုင်ရ)
-
၁၇၂။ သက္ကစ္စပဋိဂ္ဂဏ သိက္ခာပုဒ် (လေးလေးစားစားဆွမ်းခံရန်)
-
၁၇၃။ ပတ္တသညီ သိက္ခာပုဒ် (ဆွမ်းခံစဉ် သပိတ်တွင် စိတ်အာရုံပြုနေရန်။)
-
၁၇၄။ သမသူပက သိက္ခာပုဒ် (ဆွမ်းနှင့်ဟင်း မျှတရုံသာ ခံယူရန်။)
-
၁၇၅။ သမတိတ္ထိက သိက္ခာပုဒ် (သပိတ်အနားရေးညီရုံသာ ဆွမ်းခံရန်။)
-
(သက္ကစ္စ၀ဂ်)
-
၁၇၆။ သက္ကစ္စ ဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းစားရာတွင် လေးစားမှုရှိရန်)
-
၁၇၇။ ပတ္တသညီဘဉ္ဖန သိက္ခာပုဒ် ( သပိတ်၌စိတ်စိုက်ပြီး စားရန်)
-
၁၇၈။ သပဒါန သိက္ခာပုဒ် (ဆွမ်းကို အစဉ်အတိုင်း စားရန်)
-
၁၇၉။ သမသူပကဘဉ္ဖန သိက္ခာပုဒ် (ဆွမ်းနဲ့ဟင်း မျှတစွာစားရန်)
-
၁၈၀။ ထူပကတ သိက္ခာပုဒ် (ဆွမ်းဦးဆွမ်းထိပ်မှ ယူမစား၇န်..)
-
၁၈၁။ ပဋိစ္ဆာဒန သိက္ခာပုဒ် (ဟင်းကို ဆွမ်းဖြင့် ဖုံးမထားရ)
-
၁၈၂။ သူပေါဒန၀ိညတ္တိ သက္ခာပုဒ် (မနာမဖျားပဲ ဆွမ်းနဲ့ဟင်းကို တောင်းခံမစားရ)
-
၁၈၃။ ဥဇ္ဈာနသညီ သိက္ခာပုဒ် (ကဲ့ရဲ့လိုစိတ်ဖြင့် သူတပါးသပိတ်ကို မကြည့်ရ)
-
၁၈၄။ အတိမဟန္တကဗဠ သိက္ခာပုဒ် (ဆွမ်းလုတ်ကြီးကြီးမစားရ)
-
၁၈၅။ ပရိမဏ္ဍလအာလောပ သိက္ခာပုဒ် (ဆွမ်းလုတ်ကို ညီအောင်ညှိပြီး စားရမည်)
-
၁၈၆။ အနာဟဋ သိက္ခာပုဒ် (ဆွမ်းလုတ်မေ၇ာက်မီ ခံတွင်းကို ကြိုတင်ဖွင့်မထားရ)
-
၁၈၇။ ဘုဉ္ဖမန သိက္ခာပုဒ် (လက်ချောင်းအားလုံး ခံတွင်းသို့မသွင်းရ)
-
၁၈၈။ သကဗဠ သိက္ခာပုဒ် (ဆွမ်းပလုတ်ပလောင်းဖြင့် စကားမပြောရ)
-
၁၈၉။ ပိဏ္ဍုက္ခေပက သိက္ခာပုဒ်( ဆွမ်းလုတ်ကို ခံတွင်းထဲသို့ ပစ်ပေါက်မသွင်းရ)
-
၁၉၀။ ကဗဠာဝစ္ဆေဒက သိက္ခာပုဒ် (ဆွမ်းလုတ်ကို ကိုက်ဖြတ်မစားရ)
-
၁၉၁။ အ၀ကဏ္ဍကာရက သိက္ခာပုဒ် (ပါးဖောင်းအောင်ပြုပြီး မစားရ)
-
၁၉၂။ ဟတ္ထ နိဒ္ဓုနကံ သိက္ခာပုဒ် (ဆွမ်းစားစဉ် လက်မခါရ)
-
၁၉၃။ သိတ္ထ ၀ကာရက သိက္ခာပုဒ် (ဆွမ်းလုံးများ ဖြန့်ကြဲပြီး မစားရ)
-
၁၉၄။ ဇိဝှါနိစ္ဆာရက သိက္ခာပုဒ် (လျှာထုတ်မစားရ)
-
၁၉၅။ စပုစပုသာရက သိက္ခာပုဒ် (ပျတ်ပျတ်အသံမထွက်စေရ)
-
(သုရုသုရုဝဂ်)
-
၁၉၆။ သုရုသုရု သိက္ခာပုဒ် (အစာစားစဉ် ရှုးရှုးရှဲရှဲမမြည်စေရ)
-
၁၉၇။ ဟတ္ထနိလ္လေဟက သိက္ခာပုဒ် (လက်တွင် ကပ်နေသော အစာကို မလျက်ရ)
-
၁၉၈။ ပတ္တနိလ္လေဟက သိက္ခာပုဒ် (သပိတ်ကို ခြစ်ပြီး မစားရ)
-
၁၉၉။ သြဠနိလ္လေဟက သိက္ခာပုဒ် (နှုတ်ခမ်းကို လျှာဖြင့် ရက်ပြီး မစားရ)
-
၂၀၀။ သာမိသ သိက္ခာပုဒ် (ဟင်းပေကျံသော လက်ဖြင့် သောက်ရေခွက် မကိုင်ရ)
-
၂၀၁။ သသိတ္ထက သိက္ခာပုဒ်
(ဆွမ်းလုံးပါသော သပိတ်ဆေးရေကို မြို့ရွာအတွင်း မစွန့်ရ)
-
၂၀၂။ ဆတ္တပါဏိ သိက္ခာပုဒ် ( ထီးကိုင်ထားသူအား တရားမဟောရ)
-
၂၀၃။ ဒဏ္ဍပါဏိ သိက္ခာပုဒ် ( တုတ်ကိုင်ထားသူအား တရားမဟောရ)
-
၂၀၄။ သတ္ထပါဏိ သိက္ခာပုဒ် ( ဓားကိုင်ထားသူအား တရားမဟောရ)
-
၂၀၅။ အာဝုဓပါဏိ သိက္ခာပုဒ် (လေးလက်နက်ကိုင်ထားသူများအား တရားမဟောရ)
-
၂၀၆။ ပါဒုကာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ခြေနင်းစီးထားသူအား တရားမဟောရ)
-
၂၀၇။ ဥပါပနာရူဠ သိက္ခာပုဒ် (ကျန်းမာပါလျက် ဖိနပ်စီးထားသူအား တရားမဟောရ)
-
၂၀၈။ ယာနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် ယာဉ်ပေါ် နေသူအား တရားမဟောရ)
-
၂၀၉။ သယနဂတ သိက္ခာပုဒ် (ကျန်းမာပါလျက် အိပ်ရာထဲနေသူအား တရားမဟောရ)
-
၂၁၀။ ပလ္လတ္ထိကနိသိန္န သိက္ခာပုဒ်
(ကျန်းမာပါလျက် အယောဂပတ်ဖွဲ့ပြီး ထိုင်နေသူအား တရားမဟောရ)
-
၂၁၁။ ဝေငှိတသီသ သိက္ခာပုဒ်
(ကျန်းမာပါလျက်ခေါင်းပေါင်းပေါင်းထားသူအား တရားမဟောရ)
-
၂၁၂။ သြဂုဏ္ဍိသီသ သိက္ခာပုဒ်
(ကျန်းမာပါလျက် ဦးခေါင်းခြုံထားသူအား တရားမဟောရ)
-
၂၁၃။ ဆမာ သိက္ခာပုဒ် (မြေကြီးပေါ်နေလျက် တရားမဟောရ)
-
၂၁၄။ နီစ အာသန သိက္ခာပုဒ်(နိမ့်ရာမှ နေပြီး တရားမဟောရ)
-
၂၁၅။ ငှိတ သိက္ခာပုဒ် (မတ်တပ်ရပ်လျက် တရားမဟောရ)
-
၂၁၆။ ပစ္ဆဂမန သိက္ခာပုဒ် (နောက်က လိုက်၍ တရားမဟောရ)
-
၂၁၇။ ဥပ္ပထဂမန သိက္ခာပုဒ် (လမ်းဘေးက လိုက်၍ တရားမဟောရ)
-
၂၁၈။ ငှိတဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ မတ်တပ်၇ပ်ပြီး ကျင်ကြီးမစွန့် ရ)
-
၂၁၉။ ဟရိတ ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ စိမ်းစိုရာ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
-
၂၂၀။ ဥဒက ဥစ္စာရ သိက္ခာပုဒ် (မနာမဖျားပဲ ရေ၌ ကျင်ကြီးကျင်ငယ်မစွန့် ရ)
-
၈။ အဓိကရဏ သမထ ၇ ပါ
-
ဖြစ်ပေါ်လာသော အဓိကရုဏ်းမှုခင်းများကို ပြေငြိမ်းစေမည့် နည်းလမ်း ခုနှစ်မျိုး
-
၂၂၁။ သမ္မုခါဝိနယသမထ
-
၂၂၂။ သတိဝိနယသမထ
-
၂၂၃။ အမူဠ၀ိနယသမထ
-
၂၂၄။ ပဋိညာတကရဏသမထ
-
၂၂၅။ ယေဘုယျသိကာသမထ
-
၂၂၆။ တဿပါပိယသိကသမထ
-
၂၂၇။ တိဏ၀တ္ထာရကသမထ
-
ပါရာဇိက ၄ပါး (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
-
၁။မေထုန ဓမ္မ ပါရာ ဇိက (မေထုန် မှီဝဲမှု) ။ (ရဟန်း နှင့် အထီး အမ သတ္တ၀ါ မှီဝဲမှု)
-
၂။ အဒိန္နာဒါန ပါရာဇိက(တမတ်နှင့် အထက် ခိုးယူမှု။)
-
၃။မနုဿဝိဂ္ဂဟ ပါရာဇိက (လူမှန်းသိလျက် သတ်မှု သေစေမှု)
-
၎။ဥတ္တရိ မနုဿ ဓမ္မ ပါရာဇိက (ဈာန် မဂ်ဖိုလ်မရဘဲ ၀ါကြွား ပြောဆိုမှု)
-
(( ယခု ဘ၀တွင် ပြန်လည်ပြီး ရဟန်းမဖြစ်တော့ပါ))
-
သံဃာဒိသိသ် ၁၃ ပါး
-
ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်မှ ကုစားလို့ ရသော အပြစ်။
-
၅။သုက္က၀ိသာဌိ သိက္ခာပုဒ် (မိမိဘာသာ မိမိ လုံ့လ ပြုပြီး သုတ်လွှတ်စေမှု)
-
၆။ကာယသံသဂ္ဂ သိက္ခာပုဒ် (မာတုဂါမ (မိန်းမ) ကိုဆွဲကိုင်မှု)
-
၇။ဒုဠုလ္လ၀ါစာ သိက္ခာပုဒ် (အယုတ်တမာ ပြောဆိုမှု)
-
၈။အတ္တကာမ ပါရိစရိယ သိက္ခာပုဒ် (မေထုန် (ကာမ) အလှူခံမှု)
-
၉။သဉ္စရိတ္တ သိက္ခာပုဒ် (ရှင်ဥဒါယီ အောင်သွယ်မှု)
-
၁၀။ကုဋိကာရ သိက္ခာပုဒ် (သံဃာတော်၏ ညွန်ပြမှုကို မခံယူဘဲ ပမာဏထက်
လွန်သောကျောင်းကို ဆောက်မှု)
-
၁၁။ဝိဟာရ ကာရ သိက္ခာပုဒ် (ကျောင်းဆောက်လိုသောကြောင့် သစ်ပင်ခုတ်စေမှု)
-
၁၂။ဒုဌဒေါသ သိက္ခာပုဒ် (ရဟန်းတော်ကို မဟုတ်ပဲ ပါရာဇိကဖြင့် စွပ်စွဲမှု)
-
၁၃။ဒုတိယ ဒုဌဒေါသ သိက္ခာပုဒ် (ပါရာဇိက ဖြင့် စွပ်စွဲမှု)
-
၁၄။သံဃဘေဒက သိက္ခာပုဒ် (သံဃာ သင်းခွဲမှု)
-
၁၅။ဘေဒါနုဝတ္တက သိက္ခာပုဒ် (သံဃာ သင်း ခွဲခြင်း အားပေးမှု)
-
၁၆။ဒုဗ္ဗစ သိက္ခာပုဒ် (အရှင်ဆန္န ဆုံးမသည်ကို မနာခံမှု)
-
၁၇။ကုလဒူသက သိက္ခာပုဒ် (ပဗ္ဗဇနီယ ကံပြုသောအခါ ကံပြုသော သံဃာများကို ကဲ့ရဲ့ ရှုတ်ချမှု)
-
(( အာပတ်ဖြေရုံဖြင့် မပြေပျောက်ပါ))
=======================
ရဟန်း ၀ိနည်း၂၂၇ သွယ် စာအုပ်မှ

Saturday, June 18, 2016

ဝေလာမ ပုဏ္ဏားကြီး၏ အလှူ​တော်

ဝေလာမ ပုဏ္ဏားကြီး၏ လှူ​တော်

ရှေးလွန်လေပြီးသောအခါ ဘုရားလောင်းတော်သည် ဗာရာဏသီပြည်၌ ပုရာဟိတ် ပုဏ္ဏာကြီး၏ သားတော် ဖြစ်လေသည်။ ဝေလာမ သာတို့သားဟု အမည်မှည့်ကြသည်။ (၁၆)နှစ် အရွယ်ရှိသောအခါ ဗာရာဏသီမင်း၏ သားတော်နှင့် အတူ ပညာသင်ယူရန် တက္ကသိုလ်ပြည်သို့ သွားခဲ့သည်။ ဘုရားလောင်းတော်သည် ဆရာသင်ပြ သည့်အတိုင်း အတတ်ပညာ များကို သင်ယူ နိုင်သဖြင့် ဆရာကြီး၏ အားကိုးရသော တပည့်ကြီး ဖြစ်လာသည်။
နောင်အခါ ဝေလာမလုလင်သည် ဗာရာဏသီသို့ ပြန်လာခဲ့သည်။ ဗာရာဏသီ မင်းသားကို မင်းအဖြစ် အဘိသိက်သွန်းပြီး ဝေလာမ လုလင် ကို ပုရောဟိတ်ရာထူး ပေးသည်။ 

တနေ့သော် ဝေလာမပုဏ္ဏာကြီးသည် ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်ပိုင် စုဆောင်း ထား ခဲ့သော ရတနာ ခုနစ်ပါးဖြင့် ပြည့်နေသည့် တိုက်ခန်းတို့ကို ဖွင့်လှစ် ကြည်ရှုပြီးလျှင် ဇမ္ဗူဒိပ် တကျွန်းလုံး တုန်လှုပ်သွားစေမည့် အလှု ဒါနကြီးကို ပြုရမှုကောင်းလေစွ ဟု ကြံစည်မိ လေသည်။

ထိုအကြောင်းကို ဗာရာဏသီမင်းအား လျှောက်ထားပြီး ဂင်္ဂါ မြစ်ကမ်းပါး၌ များပြား လှသော ဖိုခနောက်ဆိုင် အတန်းကြီးကို ပြုလုပ်၍ ထောပတ်၊ ပျားရည်၊ ဆန်၊ ဆီ စသည်တို့ ထားရန် ဘဏ္ဍ ကျီ ကြ ဆောက်လုပ်စေပြီး ‘‘ယနေ့မှစ၍ ဝေလာမ ပုဏ္ဏာကြီး၏ အလှု ဒါနပွဲသို့ လာရောက် စားသောက် ယူငင် ကြကုန်လော့’’ ဟု စည် လှည့်လည် စေသည်။ ထို့နောက် ဝေလာမ ပုဏ္ဏာကြီးသည် အ၀တ်တန်ဆာ ရတနာ များကို ပြည့်စုံစွာ ဆင်ယင်လျက် ရွှေကရားကို ယူကာ ‘‘ဤလောက၌ ကျွန်ုပ်၏ အလှုကို ခံယူထိုက်သော မြတ်သော အလှုခံ ပုဂ္ဂိုလ် တို့ ရှိပါက ကရားထဲမှ ရေသည် မြေပေါ်သို့ ကျပါစေ၊ အကယ်၍ အရှိပါက မကျပါစေနှင့် ’’ ဟု အဓိဌာန်၍ ကရားကို မှောက်သွန် လိုက်သည်။ ကရားထဲမှ ရေ ထွက်ကျ မလာပေ။
ထိုအခါ ဘုရားလောင်းသည် ‘‘ ဤဇမ္ဗူဒိပ်ကျွန်းသည် အချည်းနှီး ဖြစ်ခဲ့လေပြီ၊ ငါ၏ အလှုကို ခံယူနိုင်သော မြတ်သော အလှုခံပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိပေ’’ ဟု သိရှိပြီးနောက် စိတ်မချမ်းသာမှု မဖြစ်စေဘဲ ‘‘ မိမိအလှုရှင်ဘက်မှ သန့်ရှင်းစင်ကြယ်ပါမူ ဤကရားမှ ရေသည် ထွက်၍မြေပြင်၌ တည်ပါစေသား ’’ ဟု ကြံစည်စိတ်ကူးလျက် ကရားကို သွန်ချလိုက်ရာ ရေထွက်ကျ၍ မြေ၌ တည်လေ၏ ။ ထိုအချိန်မှ စ၍ ယာဂု သောက်ချိန်၌ ယာဂု အလှု၊ ခဲဖွယ်စားချန်၌ ခဲဖွယ်အလှု၊ ထမင်းစားချိန်၌ ထမင်းအလှုတို့ကို နေ့စဉ် နေ့တိုင်း ပေးလှုလေ၏ ။
ထိုဒါန အလှုပွဲ၌ ဤအရာသည် ရှိသည်၊ ဤအရာ မရှိဟု ဆိုဖွယ်မရှိစေရန် ပြည့်စုံ အောင်စီစဉ်ထား၏ ။ ဤအချိန်၌သာ ရနိုင်သည်၊ ထိုအချိန်၌ မရနိုင်ဟု အချိန်ကန့်သတ် ချက်မရှိ၊ အချိန်ပြည့် စီစဉ်ထား၏ ။
ငွေအပြည့် ထည့်ထားသော ရွှေခွက်၊ ရွှေအပြည့် ထည့်ထားသော ငွေခွက်၊ ငွေအပြည့် ထည့်ထားသော ကြေးခွက် ပေါင်း(၈၄၀၀၀) စီကို လည်းကောင်း၊ ရွှေထည်တန်ဆာ ဆင်ထားသော ဆင်ပေါင်း (၈၄၀၀၀) ၊ ခြင်္သေ့ရေ ကျားရေ သစ်ရေ တို့ဖြင့် တန်ဆာ ဆင် ထားသော ရထားပေါင်း (၈၄၀၀၀)၊ နို့ထွက် အလွန်ကောင်းသော နို့စား နွားမပေါင်း (၈၄၀၀၀)၊ ပတ္တမြား ပုလဲ စသည့် ရတနာ များဖြင့် တန်ဆာ ဆင်ထားသော အမျိုးသမီးပေါင်း (၈၄၀၀၀)၊ သားသမင်ရုပ် တို့ဖြင့် တန်ဆာ ဆင်ထားသော ပလ္လင်ပေါင်း (၈၄၀၀၀)၊ ခေါမတိုင်းဖြစ် အလွန် နူးညံသော ချည်ထည် ကမ္ဗလာ ထည်ပေါင်း ကုဋေပေါင်း များစွာတို့ကို လည်းကောင်း ပေးလှုခဲ့သည်။ စားဖွယ် သောက်ဖွယ် များမှာမှု အလို ရှိသူတိုင်း အလိုရှိသလောက် ယူငင် သုံးစွဲနိုင်ရန် စီစဉ် လှုဒါန်းသည်၊ ထမင်းရည် ချောင်းစီး အလှုကြီးကို ပေးလှုခဲ့သည်။
ထိုသို့ အလွန်ကြီး ကျယ်များပြားသည့် အလှု ဒါနပွဲကြီး ပြုလုပ်သော် လည်း မြတ်သော အလှုကို ခံယူထိုက်သော အလှုခံပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ မပါရှိပေ။ အလှုခံပုဂ္ဂိုလ် အားလုံးတို့မှာ ငါးပါး သီလကိုပင် မစောင့်ထိန်း ကြသည့် သီလမရှိသော ပုဂ္ဂိုလ် ချည်းသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝေလာမ ပုဏ္ဏာကြီး၏ ဒါနသည် သာသနာပ အလှုဒါန ဖြစ်၍ ကြီးမားသော အကျိုးပေးမှု မဖြစ်ပေ။

မြတ်စွာဘုရားသည် အကျိုးကြီသော ဒါနနှင့် ပတ်သတ်၍ အောက်ပါ အတိုင်း ဟောပြတော်မှု ခဲ့သည် -
ဝေလာမ ပုဏ္ဏာကြီး၏ ထမင်းရည် ချောင်းစီး ရာသက်ပန် အလှုကြီးထက် သောတပန် ပုဂ္ဂိုလ် တစ်ဦးအား ဆွမ်းတစ်နပ် လှုဒါန်း ရခြင်းက ပို၍ အကျိုးကြီး၏ ။ သောတပန် ပုဂ္ဂိုလ်တစ်ရာ အား လှုဒါန်း ရခြင်းထက် သကဒါဂါမ်ပုဂ္ဂိုလ် တစ်ဦးအား လှုဒါန်း ရခြင်းက ပို၍ အကျိုးကြီး၏ ။
ဤသို့လျှင် လောက၌ လူတို့သည် အလှုဒါန အမျိုးမျိုးကို လူမျိုးအလိုက် ဘာသာ အလိုက် ပြုလုပ်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာ မှတပါး အခြားသော သူတို့၏ ဒါနမှာ လောကီရေး ကို ရှေးရှုသော ဒါနများ ဖြစ်ကြသည်။ ဤဘ၀ ကြီးပွားရေး တိုးတက်ရေး ပြည့်စုံရေး အတွက်သာ အဓိက ရည်ရွယ်သော ဒါနမျိုးသာ ဖြစ်ကြ သည်။ အမှန်မှာ ဒါန တရားသည် ပစ္စက္ခတမလွန် သံသရာ တလျှောက် ကြီးမား သော အကျိုးကို ပေးနိုင်သည့် တရား ဖြစ်သည်။ 

ဒါနကို ပြုသောအခါ စေတနာ သုံးတန် ပြည့်ဝစွာ ပြုလုပ် လှုဒါန်းခြင်း၊ ကံ,ကံ ၏အကျိုး ကို သိမြင် ယုံကြည်မှု ကမ္မဿကတာဉာဏ်ဖြင့် ပြုလုပ် လှုဒါန်းခြင်း၊ သာသနာတော် ပွင့်ထွန်းခိုက်မှာသာ လှုဒါန်းခွင့်ရသည့် ဘုရား၊ တရား ၊ သံဃာ ရတနာ မြတ်သုံးပါး တို့အား လှုဒါန်း ရခြင်းတို့နှင့် ပြည့်စုံ ညီညွတ်မှသာ ကြီးမားသော အကျိုးကို ရရှိမည်ဖြစ်သည်။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့သည် သာသနာတော်တွင်း အလှုဒါနများကို နည်းစနစ်မှန် ကန်စွာ လှုဒါန်းခြင်းဖြင့် ဘ၀သံသရာ ကောင်းမွန် သော ရိက္ခာထုပ်ကို ဖြည့်ဆည်း သင့် ကြပေသည်။ 

Friday, June 17, 2016

အချစ်​ဆိုတာ မာရ်​နတ်​ပါ

အချစ်ဆိုတာ မာရ်နတ်ပါ

💘💘💘💘💘💘💘💘💘

၁။ ကြာပန်းလေးလို ကျင့်နေမှာ

ရွှံ့နွံကြားမှာပေါက်ဖွားပေမယ့် ရွှံ့နွံမလိမ်းကျံ မကပ်ငြိတဲ့ကြာကို သူတော်ကောင်းတိုင်း အတုယူသင့်ပါတယ်။

လောကဓံရွှံ့နွံတွေ ကာမဂုဏ်ရွှံ့နွံတွေကိလေသာရွှံ့နွံတွေကြားမှာ ပေါက်ဖွားကြီးပြင်းလာပေမယ့်

အဲဒီရွှံ့နွံတွေနဲ့မလိမ်းကျံ မကပ်ငြိတဲ့ ပုဂ္ဂိုလ်ဟာ သန့်စင်မြင့်မြတ်တဲ့ ကြာလိုလူအစစ်ပါပဲ။


၂။ ရလေလိုလေ

ဒီအရသာလေးကို တစ်ခါလောက် ခံစားခွင့်ရရင်

ကျေနပ်ပါပြီလို့ တောင်းတခဲ့ပေမယ့်

တကယ်လည်းခံစားရရော အကြိမ်ကြိမ်အခါခါ

ခံစားချင်စိတ်ဖြစ်လာပါတယ်။

ဆားငန်ရေသောက်ရတဲ့သူဟာ ဘယ်တော့မှ ရေငတ်မပြေဘဲ

သောက်ပြီးရင်း သောက်ချင်ရင်း ဖြစ်နေသလိုပါပဲ။

၃။ အချစ်ဆိုတာ မာရ်နတ်ပါ

အချစ်ဆိုတာ နှလုံးသားနဲ့ ဘဝကို

သတ်ဖြတ်ဖျတ်ဆီးပစ်တတ်တဲ့ မာရ်နတ်တစ်ပါးပါပဲ။

ဖြူစင်သန့်ရှင်း အေးချမ်းကြည်လင်တဲ့ စိတ်ဓာတ်တွေ၊

အကန့်အသတ်မဲ့ ဘဝတိုးတက်မှုတွေကို နှောင့်နှေးရပ်တန့်

ချုပ်ဆုံးသွားစေတဲ့အရသာဟာ အချစ်ပါပဲ။

၎။ အားထုတ်ဖြစ်ဖို့က အဓိက

ရောဂါပျောက်ချင်လို့ တရား အားထုတ်တာလည်းကောင်းပါတယ်။

စီးပွားရေး လူမှုရေး အဆင်ပြေ တိုးတက်ချင်လို့တရား အားထုတ်တာလည်း ကောင်းပါတယ်။

စိတ်ဓာတ်ခိုင်မာငြိမ်းချမ်းပြီး စိတ်နေသဘောထားကြီးကျယ်

မြင့်မြတ်ချင်လို့တရား အားထုတ်တာလည်းကောင်းပါတယ်။

ခန္ဓာဇာတ်သိမ်း ဒုက္ခငြိမ်းချင်လို့တရား အားထုတ်တာကတော့အကောင်းဆုံးပါပဲ။

၅။ ညာစဉ်နဲ့ပဲ ညားလိမ့်မယ်

တရားကို တရားနဲ့တူအောင် အားမထုတ်ဘဲ

ဟန်ဆောင်ပန်ဆောင် လူအထင်ကြီးအောင်လုပ်နေမယ်

ကမ္မဋ္ဌာန်းဆရာကိုလည်း အမှန်အတိုင်း တရားမလျှောက်ဘဲ

မဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး လျှောက်မယ်ဆိုရင်

အဲဒီယောဂီဟာ ဥာဏ်စဉ်နဲ့ဝေးပြီး

ညာစဉ်နဲ့ပဲ ညားရပါလိမ့်မယ်။

 Credit : အရှင်ဆန္ဒာဓိက၏ (စိတ်အားဖြည့်ဓမ္မ)

လှူဒါန်း​သော်​လည်း အကျိုးရနည်းပုံ (၈) မျိုး

လှူဒါန်းသော်လည်း အကျိုးရနည်းပုံ (၈) မျိုး


(၁) စင်ကြယ်ခြင်းမရှိ ဖွယ်ရာခြင်းမရှိတာကို လှူဒါန်းခြင်း

(၂) မိမိမကြိုက်သော အညံစား ပစ္စည်းကို လှူဒါန်းခြင်း

(၃) အလှူခံနှင့် မအပ်စပ်သော ပစ္စည်းကို လှူဒါန်းခြင်း

(၄) အလှူခံနှင့် ဝတ္ထုပစ္စည်း သင့်တော် မတော် မရွေးချယ်ဘဲ လှူဒါန်းခြင်း

(၅) မိမိမှာပြည့်စုံပါလျှက် တခါတလေသာ လှူဒါန်းခြင်း

(၆) မလှူမီ စိတ်ရွှင်ပြမှုမရှိဘဲ လှူရန်စဉ်းစားခြင်း

(၇) လှူသောအခါ စိတ်ရွှင်ပြမှု မရှိဘဲ လှူဒါန်းခြင်း

(၈) လှူပြီးသောအခါ စိတ်နှလုံး မသာမယာ ဖြစ်တတ်ခြင်း

Wednesday, June 15, 2016

ဝိဇ္ဇာ၊ ​ဇော်​ဂျီ

ဝိဇ္ဇာ၊ ဇော်ဂျီ

ဝိဇ္ဇာ၊ ဇော်ဂျီ 

သိချင်တာလေးရှိလို့ မေးလျှောက်ပါရစေဘုရား။
ဘာသာရေးကျမ်းစာတွေ အထူးသဖြင့် ဇာတ်တော်
တွေမှာ ၀ိဇ္ဇာ၊ ဇော်ဂျီတွေ အကြောင်းကို ဖတ်ရှုရပါ
သည်။     ၄င်းတို့သည်  သုံးဆယ့်တစ်ဘုံ အတွင်း
အဘယ်ဘုံဌာနတွင် နေထိုင်ကြပါသနည်း။ သူတို့
အကြောင်းကိုလည်း သိချင်ပါသည်ဘုရား။

{ဝေလင်းအောင်}

ဝိဇ္ဇာ ၅မျိုး
လယ်တီဆရာတော်ကြီးရဲ့ ၀ိဇ္ဇာမဂ္ဂဒီပနီကျမ်းမှာ
ဝိဇ္ဇာငါးမျိုးပြတယ်။
၁။ ဝေဒ၀ိဇ္ဇာ = ဗေဒင်လေးပုံ။
၂။ မန္တ၀ိဇ္ဇာ = လက္ခဏာကျမ်း၊ နိမိတ်ကျမ်း၊ နက္ခတ်
ကျမ်း၊ ဂါထာမန္တာန်ကျမ်း၊ ဆေးကျမ်းတွေ၊
၃။ ဂန္ဓာရီဝိဇ္ဇာ = အင်းဝိဇ္ဇာ၊ ပြဒါးဝိဇ္ဇာ၊ သံဝိဇ္ဇ္ဇာတွေရဲ့
အစီအရင်နဲ့ နတ်သိကြားတွေရဲ့တန်ခိုး၊ အဘိညာဉ်
တန်ခိုးတွေလိုအစွမ်းထက်တဲ့တန်ခိုး။ ဒီတန်ခိုးက
နတ်တွေထက်တောင်စွမ်းလို့ နတ်တွေမနာလိုဖြစ်
တတ်သတဲ့။
၎။ လောကိယ၀ိဇ္ဇာ = အဘိညာဉ်တန်ခိုး။ ဒီတန်ခိုး
ကို ဗုဒ္ဓဘာသာမရှိတဲ့နေရာ အချိန်အခါတွေမှာလည်း
အချို့ရသေ့၊ ရဟန်းတွေရတယ်။
၅။ အရိယ၀ိဇ္ဇာ = အရိယ၀ိဇ္ဇာဉာဏ်ငါးပါး။

ဝိဇ္ဇာဓိုရ်
ဝိဇ္ဇာဓိုရ်တွေဟာ သူတို့ရဲ့အတတ်ပညာကို လှုပ်နိုးပြီး
ရေးခြစ်မထင်ဟင်းလင်းပြင်မှာ ဆင်ရုပ်ပုံတွေ၊ မြင်းရုပ်
ပုံတွေဖန်ဆင်းပြတယ်။ ၀ိဇ္ဇာဓရော ၀ိဇ္ဇံ ပရိဇပ္ပတွာ
အာကာသေ အန္တလိက္ခေ ဟတိမ္ပိ ဒေဿန္တိ အဿန္တိ
ဒေဿန္တိ။ ပဋိသံ၊ ၃၉၁။ ဒီပါဠိတော်အရ ဗုဒ္ဓကျမ်းဂန်
မှာ ၀ိဇ္ဇာဓိုရ်ဆိုတဲ့စကားရှိတဲ့အတွက် ဗုဒ္ဓဘုရားရှင်
ကိုယ်တိုင် ဒီစာလုံးနဲ့ရင်းနှီးဖွယ်ရှိပါတယ်။

ဝိဇ္ဇာဓရဆိုတဲ့ဝေါဟာရမှာ ၀ိဇ္ဇာနဲ့ဓရလို့ နှစ်ပုဒ်ရှိတယ်။
ဝိဇ္ဇာ = အတတ်ပညာ၊ ဓရ = ဆောင်တယ်၊ ရှိတယ်။
အဲဒီပုဒ်ရင်း အဓိပ္ပါယ်အရ အတတ်ပညာ ရှိသူမှန်ရင်
ဝိဇ္ဇာဓရ = ၀ိဇ္ဇဓိုရ်လို့ခေါ်ခွင့်ရှိတယ်။ ဒီလိုဆိုရင်လောက
မှာ ၀ိဇ္ဇာတွေအများရှိနိုင်သလို ၀ိဇ္ဇဓိုရ်တွေလည်း များမှာ
ပေါ့။

အရိယ၀ိဇ္ဇာ
  အနိစ္စ ၀ိဇ္ဇာ = မမြဲအသိ၊  ဒုက္ခ၀ိဇ္ဇာ = ဆင်းရဲအသိ၊
အနတ္တ၀ိဇ္ဇာ = ကိုယ်ကောင်မဲ့ အသိ၊   မဂ္ဂ၀ိဇ္ဇာ = မဂ်
အသိ၊ ဖလ၀ိဇ္ဇာ = ဖိုလ်အသိလို့ အရိယ၀ိဇ္ဇာဉာဏ် ငါး
မျိုး၊ ဒီဉာဏ်ငါးမျိုးက  ဗုဒ္ဓသာသနာ အတွင်းမှာပဲ ရနိုင်
တယ်။ မဂ္ဂင်ရှစ်ပါးကျင့်စဉ်နဲ့ပဲရနိုင်တယ်။ ဗုဒ္ဓသာသနာ
အပြင်မှာမရှိ။ ဒီလိုဆိုပြန်တော့ အရိယ၀ိဇ္ဇာငါးမျိုးနဲ့ပြည့်
စုံကြတဲ့ဘုရား၊ ရဟန္တာတွေကိုလည်း ၀ိဇ္ဇဓိုရ်လို့ခေါ်နိုင်
စရာပါပဲ။ ဘုန်းကြီးတို့ သိရတဲ့ ၀ိဇ္ဇာ၊ သို့မဟုတ် ၀ိဇ္ဇဓိုရ်
တွေ အကြောင်းက ဒီမျှပါ။

ရဟန်းမဟုတ်
ဝိဇ္ဇာဓိုရ်တစ်ယောက်ဟာ ညအချိန်ဘုရင့်နန်းတော်ကို
လာပြီး မိဖုရားနဲ့ ဖောက်ပြန်တာကို ဘုရင် သိသွားတဲ့
အတွက်   အပြစ်ပေး ခံရမှာကို ကြောက်လို့ ၀ိဇ္ဇာဓိုရ်
ကောင်းကင်က ပြန်ပြေးတဲ့အခါ ဘုရင်က ၀ိဇ္ဇာဓိုရ်ကို
အသိဉာဏ်ရတဲ့ ရဟန်းလို့ထင်မှားပြီး သူ့နိုင်ငံအတွင်း
က ရဟန်းအားလုံးကိုနှင်ထုတ်လို့ ပစ္စေကဗုဒ္ဓါတစ်ဆူ
က ဖောက်ပြန်သူဟာ ရဟန်းကြောင်းရှင်းပြရသတဲ့။
(ဇာ-ဋ္ဌ ၃၊ ၂၈၈)

ဒါကတော့ ဂန္ဓာရီဝိဇ္ဇာကို တတ်ကျွမ်းသူဖြစ်နိုင်တယ်။
ဒီလိုဝိဇ္ဇာဓိုရ်တွေဟာ ရသေ့ရဟန်းတွေလိုဝတ်ဆင်ပုံ
ရပြီး တန်ခိုးစွမ်းရည်ရှိကြပေမဲ့ အချို့မှာကိုယ်ကျင့်တ
ရား ကောင်းပုံမရဘူး။

ဇော်ဂျီ
   မြန်မာ အဘိဓာန်ကျမ်း အရ ဇော်ဂျီရဲ့ရင်းမြစ်က
သက္ကတ စကားလုံး ယောဂီ။  ပါဠိမှာလည်း ယောဂီ
ဝေါဟာရ ရှိပြီးသားပဲ။     ဗုဒ္ဓ၀ါဒ အဓိပ္ပါယ်ကတော့
ယောဂီဆိုတာ ကမ္မဋ္ဌာန်းရှုမှတ်သူ။ ရွှေဟင်္သာမင်းပျို့
မှာ ဘုန်းတောင်းအများ၊  ပုဏ္ဏားဇော်ဂီ၊  တပသီက၊
စသည်မလွတ် (ပိုဒ်-၉၃)လို့တွေ့ရတယ်။ ဇော်ဂီက
နေ ဇော်ဂျီ ဖြစ်လာပုံရတယ်။   ဒါပေမဲ့ ဇော်ဂျီဆိုရင်
တော့ မြေလျှိုးမိုးပျံနိုင်သူ၊ တန်ခိုးရှိသူလို့ယေဘူယျ
နားလည်ကြတယ်။ ဒါကြောင့်ဝိဇ္ဇာဓိုရ်နဲ့ ဇော်ဂျီဟာ
အဓိပ္ပါယ် တစ်စိတ် တစ်ပိုင်း တူပေမဲ့ ၀ိဇ္ဇာဓိုရ်ဆိုရင်
ပိုမိုကျယ်ပြန့်တယ်လို့ ဆိုနိုင်စရာပါ။

လူသားတွေ
ပြောပြထားတဲ့ အဓိပ္ပါယ်အရ အရိယာဝိဇ္ဇာဓိုရ်တွေ
ဟာ လူနတ်ဗြဟ္မာ ရှိနိုင်တယ်။  ဇော်ဂျီလည်း အရိ
ယာ ဇော်ဂျီရှိနိုင်တာပဲ။ အခြားဝိဇ္ဇာဓိုရ်နဲ့ဇော်ဂျီတွေ
ကတော့ လူသားတွေပဲ ဖြစ်ဖို့ များပါတယ်။ ဂန္ဓာရီ
ဝိဇ္ဇာလို အတတ်ပညာတွေ  လောကမှာ ရှားရှားပါး
ပါးရှိတော့ရှိပုံရပါတယ်။  ဘုန်းကြီးလည်းကိုယ်တိုင်
ဘာအတွေ့အကြုံမှ မရှိဖူးလို့ ဒီပညာရပ်တွေနဲ့ပတ်
သတ်ပြီးတော့ မှတ်ချက်မပေးလိုဘူး။

  ဗုဒ္ဓသာသနာ့အသံကို ပုံဖော်ပေးတဲ့ အမေရိကန်
လူမျိုးဟင်နရီစတီးလ်   အောလ်ကော့ရဲ့ စိတ်ပိုင်း
ဘ၀ဟာ  ဂန္ဓာရီ ၀ိဇ္ဇာကို တတ်ပုံရတဲ့ ရုရှား အမျိုး
သမီး ဗလာဗာစကီနဲ့ စခဲ့တယ်လို့အဆိုရှိတယ်။
(The White Buddhist,p.81)

အရှင်ကေလာသ(USA)
ဓမ္မအမေးအဖြေများ 

အမြတ်​ကြီးစားပြိတ္တာမများ

အမြတ်ကြီးစားပြိတ္တာမများ

ရာဇဂြိုလ်ပြည်မြို့သူ လေးဦးဖြစ်သည့်
သူမတို့သည် ကုန်ရောင်းဝယ်ဖြင့်လုပ်
ကိုင် စားသောက်ကြသည်။

သူမတို့သည် ချမ်းသာကြွယ်ဝသော စိတ်
ဆန္ဒ ပြင်းထန်လှသည့်အတွက် တရားမျှ
သမ္မာအာဇီဝဖြင့် ကုန်ရောင်းကုန်ဝယ်မပြု
ဘဲ တင်းစဉ်းလဲချိန်စဉ်းလဲတို့ဖြင့် လိမ်ညာ
လှည့်ဖြား ဉာဏ်ကစားပြီး ရောင်းဝယ်ကြ
သည်။ မတရားသဖြင့်လိမ်ညာရောင်းဝယ်
စားသောက်ကြသဖြင့် မကြာခင်ကြီးပွားချမ်း
သာလာကြသည်။

ကြီးပွား ချမ်းသာလာကြသော်လည်း လော
ဘဇောကို မသတ်နိုင်ကြဘဲဆထက်ကြီးပွား
အောင်သာ လှည့်ဖြားရောင်းဝယ်ကြသည်။
ကုသိုလ် ကောင်းမှုတရားပြုရန်ကိုကား အ
ချိန်မရကြ သတိမရကြ ဖြစ်နေကြသည်။

ကြီးပွားချမ်းသာလာကြသော်လည်း
လောဘဇောကို မသတ်နိုင်ကြဘဲဆထက်
ကြီးပွားအောင်သာ လှည့်ဖြားရောင်းဝယ်ကြ
သည်။ ကုသိုလ်ကောင်းမှုတရားပြုရန်ကိုကား
အချိန်မရကြ သတိမရကြဖြစ်နေကြသည်။

ဤသို့ဖြင့်နေလာခဲ့ကြရာ မကြာခင်ထိုအမျိုး
သမီးတို့သည် စုတေကွယ်လွန်ကြသည်။
မြို့၏ကျုံးဘေး၌ စားရမဲ့သောက်ရမဲ့လှည့်
လည်သွားလာနေရသော ပြိတ္တာများဖြစ်နေ
ကြသည်။

ထိုပြိတ္တာမတို့သည် ပြင်းစွာခံစားနေရသော
ဆင်းရဲဒုက္ခကိုသည်းမခံနိုင်သောကြောင့် ညဥ့်
အခါတွင် သည်းစွာယောင်ယမ်းအော်ဟစ်
ညည်းတွားငိုကြွေးကြလေသည်။

အချင်းတို့ ငါတို့သည် လူ့ဘ၀ရှိစဉ်က လိမ်
လည်ကောက်ကျစ်စဉ်းလဲသော အမှုဖြင့်ကုန်
ရောင်းကုန်သွယ်ရောင်းဝယ်မှုပြုခဲ့မိကြသည်။
ငါတို့လိမ်ညာ၍ ရခဲ့သမျှသော ဥစ္စာပစ္စည်းတို့
ကိုငါတို့သည် မလှူရက် မတန်းရက်ကြ၌ မစွန့်
ကြဲ မပေးမကမ်းခဲ့ကြပါ။ ဒါနသီလအမှုလည်း
အချိန်မရ၍ မပြုခဲ့မိကြပါ။ ငါတို့ရှာဖွေထားသမျှ
ကျန်သူတို့သာ စားသောက်ရပါ၏။ ငါတို့လည်း
မခံစားရပါ။ ယခုငါတို့သည် ကြီးစွာသော ဆင်း
ရဲဒုက္ခကို ခံစားနေရပါ၏။ ငါတို့သည် ပြိတ္တာဘဝ
၌ငတ်ပြတ်ပြီး လှည့်လည်သွားလာနေရပါ၏။
ငါတို့အား ကယ်တင်မည့်သူလည်း ရှာဖွေ၍
မရနိုင်ပါ။

ပြိတ္တာမတို့၏ ဤသို့သည်းစွာသောညည်းတွား
အော်ဟစ်သံတို့ကြောင့် ထိုပါတ်ဝန်းကျင်ရှိလူတို့
သည် ကြားကြ၍ ကြောက်ရွံ့ထိတ်လန့်ကြသည်။
မကောင်းသောအတိတ်နိမိတ်များဟုထင်မှတ်ကာ
စိုးရိမ်သောကများ ခံစားကြရသည်။

သို့အတွက် နံနက်မိုးသောက်သော် ဘုရားအမှူး
ရှိသော သံဃာတော်တို့ကို ပင်ဖိတ်ပြီးအလှူကြီး
စွာ စီရင်လေသည်။ ဆွမ်းဝတ်တို့ကို ဆောက်
တည်ပြုလုပ်ကြကုန်သည်။ ဘုရားရှင်ကိုလည်း
ညဥ့်ကကြားရသော အသံအကြောင်းကိုလျှောက်
ထားကြလေသည်။

ဒါယကာတို့၊ သင်တို့အား ဤအသံဖြင့် တစ်စုံတစ်
ရာသော အန္တရာယ်သည်မရှိ၊ လေးယောက်သော
ပြိတ္တာမတို့သည် ဆင်းရဲခြင်း နှိပ်စက်အပ်သည်ဖြစ်
၍ မိမိတို့မကောင်းသဖြင့် ပြုအပ်သောအမှုကိုပြော
ဆိုကာ ညည်းတွားငိုကြွေးခြင်းမျှသာဖြစ်သည်။
သင်တို့သည် ဤအသံကိုကြားရခြင်းမျှသာဖြစ်
သည်။

ဘုရားရှင်သည် ထိုပြိတ္တာမ၏ အတိတ်ဘ၀ဇာတ်
ကြောင်းကို ရှင်းလင်းပြောကြားသည်။ လူတို့အား
လည်း ထိုပြိတ္တာမတို့ကို ကုသိုလ်အဖို့ဘာဂကို
အမျှပေးရန် ညွှန်ကြားတော်မူသည်။

လူတို့သည် မိမိတို့ပြုအပ်သောဆွမ်းအဖို့ အလှူ
တို့ကို ပြိတ္တာမတို့အား ကုသိုလ်အဖို့ကိုပေး၍အမျှ
ပေးဝေလေသည်။

ထိုခဏပင် ပြိတ္တာမတို့အား အစာရေစာပြည့်ပြီး
ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြကုန်သည်။

ထို့နောက်ဘုရားရှင်သည် ဆွမ်းအလှူရှင်တို့အား
သစ္စာလေးပါးတရားတို့ကို ဆက်လက်ဟောကြား
တော်မူရာ တရားတော်အဆုံး၌များစွာသောဥပါ
သကာ ဒါယကာ ဒါယိကာမတို့သည် သောတာ
ပတ္တိမဂ် စသည်တို့ဆိုက်ရောက်ကြကုန်သည်။

-ဘောဂသံဟာရ ပေတ၀တ္ထု။
တက္ကသိုလ်ရှင်သီရိ-ဓမ္မာစရိယ(ဘီအေ)
ဘုရားရှင်လက်ထက်က ပြိတ္တာ တစ္ဆေ သရဲတို့အကြောင်းမှ 

အ​ကောင်းဆုံး ယတြာများ

အကောင်းဆုံ ယတြာများ
💫💫💫💫💫💫💫💫

၁။ ဝင်ငွေမ ကောင်းတဲ့အခါ
ချွေတာသုံးစွဲတာ
အကောင်းဆုံးယတြာ။

၂။ လမ်းသွားတဲ့အခါ
ကြီးမားတဲ့ဝီရိယထားခြင်းဟာ
အန္တရာယ်ကင်းဖို့ အတွက်
အကောင်းဆုံးယတြာ။

၃။ ရန်လိုနေတဲ့လူနဲ့
ဖက်ပြိုင်ပြီးမငြင်းတာ
အကောင်းဆုံးယတြာ။

၎။ ဒေါသထွက်စရာ ကြုံတဲ့အခါ
စိတ်ဖြေသာတဲ့နေရာကို
ရှောင် ထွက်သွား ခြင်းဟာ
အကောင်းဆုံးယတြာ။

၅။ မနာလိုဝန်တိုစိတ်ကိုမမွေးအောင်
ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်အောင်
ကြိုးစားတာ အ ကောင်းဆုံးယတြာ။

၆။ စိတ်ကောင်းထားခြင်း
ရိုးသားမှုရှိခြင်းဟာ
ကြီးပွားရာ ကြီးပွားကြောင်း အတွက်
အကောင်းဆုံးယတြာ။

၇။ အားလပ်ချိန်မှာ
စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ
အသိအလိမ္မာတိုးတက်စေဖို့အတွက်
အကောင်းဆုံးယတြာ။

၈။ ကံဆိုးချိန်မှာ
ရတနာသုံးပါးကိုအထူးတလည်
ဆည်းကပ်ကိုးကွယ်တာသည်
ကံကောင်းတွေရောက်စေဖို့အတွက်
အကောင်းဆုံးယတြာ။

၉။ တစ်စုံတစ်ရာ ကျွေးမွေး
ပေးအပ်သူကို ကျေးဇူးရှင်
တစ်ဦးအဖြစ် မမေ့အပ်တာ
အကောင်းဆုံးယတြာ။

၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို
တိတိကျကျ ခွဲခြားပြီး
တာဝန်ကျေပွန်စွာ လုပ်တာ
အကောင်းဆုံးယတြာ။

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့
ပညာရှိ လူကြီးမိဘရဲ့
ဆိုဆုံးမမှုကို လိုက်နာတာ
အကောင်းဆုံးယတြာ။

၁၂။ မရ သေးတဲ့ဥစ္စာကို
အပူတပြင်းမတောင့်တ မလိုချင်တာ
စိတ်ချမ်းသာစေဖို့အတွက်
အကောင်းဆုံးယတြာ။

၁၃။ တတ်နိုင် သလောက်
စုဆောင်းသွားတာဟာ
အနာဂတ်ခရီးအတွက်
အကောင်းဆုံးယတြာ။

၁၄။ ဘဝအရေးနိမ့်တဲ့ကာလမှာ
စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိုင်အောင်
သတိထားမွေးမြူခြင်းဟာ
မိမိ မပျက်စီးဖို့အတွက်
အကောင်းဆုံးယတြာ။

၁၅။စီးပွားဖြစ်တဲ့အခါ
အောက်ခြေမလွတ်အောင်
သတိတရားနဲ့နေထိုင်တာ
အကောင်းဆုံးယတြာ။

၁၆။ ငယ်စဉ်အခါ ပညာသင်ချိန်မှာ
ပညာတတ်ရေးတစ်ခုတည်းကို
ရှေ့ရှု့ပြီးတစိုက်မတ်မတ်
ကြိုးစားခြင်း ဟာ နောင်ရေးအတွက်
အကောင်းဆုံး ယတြာ။

၁၇။အခွင့်အလမ်းပေါ်လာတဲ့အခါ
လုံ့လဝီရီယကို ရှေ့တန်းတင်ပြီး
အမိအရဆုပ်ကိုင် လိုက်ခြင်းဟာ
အောင်မြင်ကြီးပွားဖို့အတွက်
အကောင်းဆုံးယတြာ။

၁၈။ ဘာကိုမှမစဉ်းစားပဲ
မလုပ်တာမပြောတာ နောင်မှ
နောင် တ ရ တယ်ဆိုတဲ့
အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်
အကောင်းဆုံးယတြာ။

၁၉။သုံးနိုင်တဲ့အခြေအနေရှိရက်နဲ့
စိတ်ကိုလွှတ်ပေးပြီး
အရမ်းမဲ့မသုံးစွဲတာဟာ နောင်
စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်
အကောင်းဆုံးယတြာ။

၂၀။ ဘေးရှိတဲ့စကား
ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ
နောင် အခါပြဿနာအရှုပ်အရှင်းနဲ့
ရင်မဆိုင်ရဖို့အတွက်
အကောင်းဆုံးယတြာ။

၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတ
ကြည့်တာ စဉ်းစားတာ
လုပ်ကိုင်တာသည်
ရေရှည်လက်တွဲဖို့အတွက
အကောင်းဆုံးယတြာ။

၂၂။ မနိုင်တဲ့ဝန်ကို မထမ်းတာဟာ
အသက် ရှည်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၃။ မိမိကိုယ်ကို အမှန် ရှု့ထောင့်မှ
ဝေဖန်သုံးသပ်တာဟာ
ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ
ပန်းခင်းလမ်းဖြစ်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၄။ ဒေါသကို အပြင် မထွက်အောင်
ထိန်းနိုင် တာဟာ အစစအရာရာ
ပြဿနာနည်းပါးစေဖို့အတွက်
အကောင်းဆုံးယတြာ။

၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှ
အမှားများကို ဆင်ခြင်သုံးသပ်ပြီး
ချက်ချင်းပြုပြင် သွားတာ
ရှေ့ခရီး ချောမောဖို့အတွက်
အကောင်းဆုံးယတြာ။

၂၆။ အတိတ်ကို ပြန်တွေးပြီးလဲ
မပူဆွေး။ အနာဂတ်အရေးကို
လှမ်းမျှော်ပြီးလည်းမပူပန်။
ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီး
လုပ်သင့်လုပ်ထိုက်တာတွေကို
လုပ်ကိုင် သွားတာဟာ
တိုးတက်ဖို့အတွက်
အကောင်းဆုံးယတြာ။

၂၇။ အ ကောင်းမြင် ဝါဒနဲ့
ဘဝခရီးကိုဆက်ခြင်းဟာ
အကောင်းဆုံးယတြာ။

၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့
အပျော်အပါး လိုက်စားမှု
မူးယစ်ဆေးဝါးနဲ့အရက် သေစာကို
ရှောင်ရှားတာဟာ
အသက်ရှည် ကျန်းမာစေ ဖို့အတွက်
အကောင်းဆုံးယတြာပါ။

နေ့စဉ်ဒီအချက်ကလေးတွေနဲ့အညီ
ကျင့်ကြံနေထိုင်သွားကြမယ်ဆိုရင်တော့
ယတြာဆိုတာအထူးချေစရာမလိုပါဘူး
လို့ ပြောချင်ပါတယ် သူငယ်ချင်းတို့။
ဒါ့ကြောင့်----
''အဖိုးတန်တဲ့လူသားတစ်ယောက်
ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့''
ကိုးဘွဲ့ ရဆရာတော်
အရှင်အာစာရာလင်္ကာရ။

Tuesday, June 14, 2016

ခန္တီစ၊ သည်းခံခြင်း မင်္ဂလာ

ခန္တီစ၊ သည်းခံခြင်း မင်္ဂလာ ( ၅၅၀-ခန္တီဝါဒီဇာတ် )


သည်းခံခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်၏။
တစ်နည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်း တစ်ရပ် ဖြစ်သည်။ အောက်ပါပုံဝတ္ထုကို သာဓကအဖြစ် တင်ပြအပ်ပါသည်။

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ကလာဗုမင်း အုပ်စိုးသည်။ ထိုတွင် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားလုလင်တစ်ဦးရှိသည်။ ကုဏ္ဍလ လုလင်- ဟု အမည်တွင်၏။

ထိုလုလင်သည် အရွယ်ရောက်ချိန်၌ ပညာသင်ယူသည်။ ပညာများ တတ်မြောက်၍ မကြာမြင့်မီပင် မိဘနှစ်ပါး ကွယ်လွန်သွားရာ သတိသံဝေဂ ရသွားသည်။ သို့ဖြင့် ပစ္စည်းအားလုံးကို လှူဒါန်းစွန့်ကြဲကာ ဟိမ၀န္တာသို့ သွား၍ ရသေ့ဝတ်လျက် နေထိုင်သည်။

တစ်နေ့တွင် ရသေ့သည် ချဉ်ဆားမှီဝဲရန် ဗာရာဏသီပြည်သို့ ရောက်လာသည်။ စစ်သူကြီးက ကြည်ညိုသဖြင့် ရသေ့အတွက် မင်းဥယျာဉ်၌ ကျောင်း ငယ် ဆောက်ပေးကာ ကိုးကွယ်ထားသည်။

တစ်နေ့သ၌ ကလာဗုမင်းသည် အရက်သေစာ သောက်စားပြီးလျှင် ကချေသည်များ ခြံရံလျက် ဥယျာဉ်တော်သို့ သွား၍ စည်းစိမ်ခံစားသည်။ သူသည် မင်္ဂလာကျောက်ဖျာပေါ်၌ နေရာခင်းစေ၍ သူ့ချစ်သူ အမျိုးသမီးရင်ခွင်၌ ကျိန်းစက်သည်။ ကချေသည်တို့သည် သီဆိုတီးမှုတ်ကခုန်ရာမှ မင်းကြီး အိပ်ပျော်သောအခါ ဥယျာဉ်တော်သို့ လှည့်လည်ကြည့်ရှုကြသည်။

ထိုစဉ် အင်ကြင်းပင်ရင်း၌ ထိုင်လျက် တရားအာရုံပြုနေသော ရသေ့ကို မြင်ရာ ကြည်ညိုလှသဖြင့် ၀င်ရောက်ရှိခိုးကြသည်။ ဆိုဆုံးမရန် တောင်းပန်၍ တရားနာယူကြသည်။

အတန်ကြာသော် ကလာဗုမင်းသည် အိပ်ရာမှနိုးလာသည်။ ကချေသည်များကို မမြင်၍ သူ၏ချစ်သူကို မေးမြန်းသည်။ အမျိုးသမီးက အကျိုးအကြောင်း လျှောက် ထားသည်။ ထိုအခါ မင်းသည် ဒေါသ အမျက် ခြောင်းခြောင်း ထွက်သည်။ သန်လျက်ကို စွဲလျက် ရသေ့ထံ အပြေးအလွှား သွားရောက်သည်။ တရားဟောနေသော ရသေ့ကို တွေ့သော အခါ ဒေါသဖြင့် အော်ဟစ်မေးမြန်း သည်။

ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်း-ဟု မေးသည်။ ရသေ့က ခန္တီဝါဒ ကို ခံယူထားကြောင်း ခန္တီဝါဒ ဆိုသည်မှာ မိမိကိုယ်ကို ဆဲရေးသူအား ဖြစ်စေ၊ ရိုက်ပုတ်ညှဉ်းဆဲသူအား ဖြစ်စေ အမျက်ဒေါသ မထားဘဲ သည်းခံခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။

ထိုအခါ မင်းသည် ပါးကွက် အာဏာသားကို ခေါ်၍ ဆူးတပ်ထားသောကြိမ်ဖြင့် ရသေ့ကို ရိုက်နှက်စေသည်။ ရသေ့ကား မမှုပေ။ ထိုအခါ မင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ကို ဖြတ်စေသည်။ ရသေ့ကား အမျက်မထွက်ပေ။

မင်းမိုက်သည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်စေပြန်သည်။ ရသေ့ကား မမှုပေ။ သည်းခံ၍သာ နေသည်။ ထိုအခါ မင်းမိုက်သည် ရသေ့၏ ရင်ဝကို ခြေထောက်ဖြင့် ကန်ကာ ထွက်ခွာသွားလေသည်။

မကြာမီ စစ်သူကြီး ရောက်လာသည်။ ရသေ့၏ ဒဏ်ရာများကို ပြုစုပေးသည်။ အရှင်ဘုရား-အမျက်ထွက်လိုလျှင် ကျူးလွန်ပြစ်မှားသော မင်းကိုသာ အမျက် ထွက်တော်မူပါ။ ပြည်သူများကိုကား အမျက် ထွက်တော် မမူပါနှင့်-ဟူ၍ တောင်း ပန်၏။

ရသေ့က -ငါသည် မည်သူ့ကိုမျှ အမျက်မထွက်ပါ။ ငါ၏ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ခဲ့သော မင်းသည် သက်တော်ရှည်ပါစေ-ဟု ဆုတောင်း၏။ သို့ရာတွင် မကောင်းမှုပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှမလွတ် ဥယျာဉ်တံခါးဝသို့ အရောက်တွင် မြေမျိုခံရပြီး အနိစ္စရောက်သွားလေသည်။

ရသေ့သည်လည်း ထိုနေ့၌ပင် လွန်တော်မူရှာသည်။ စစ်သူကြီး မင်းပရိသတ်နှင့် ပြည်သူအပေါင်းတို့သည် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်၍ ရိုသေစွာ သင်္ဂြိုဟ်ကြကုန်သည်။ 

ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီးလျှင် ဘ၀များစွာ ကျင်လည်ပြီး နောက် ဂေါတမမြတ်စွာဘုရား အဖြစ်သို့ ရောက်တော်မူ ခဲ့လေသည်။
အကိုး။ ။ ၅၅၀-ခန္တီဝါဒီဇာတ်။

Monday, June 13, 2016

ဆွမ်းအလှူ

“ဆွမ်းအလှူ”


“ဆွမ်းအလှူ-ပေးလည်းပေး၊ ယူလည်းယူ”
သုခဿ ဒါတာ မေဓာဝီ၊ သုခံ သော အဓိဂစ္ဆတိ။
ချမ်းသာကို လှူတဲ့ ပညာရှိဟာ ချမ်းသာကို ရတယ်။
(အံ၊ဒု၊၃၅)

အဲဒီလို ဘုရားရှင် ဟောတော်မူခဲ့ပါတယ်။
ကိုယ်လှူတာကို ကိုယ်ပြန်ရတယ်လို့ အဓိပ္ပာယ်ရပါတယ်။
စားဖွယ်ကို လှူသူဟာ အလှူခံ ပုဂ္ဂိုလ်တွေအား
အောက်ပါအရာ ၅ မျိုးကို တစ်ပါတည်း လှူလိုက်တယ်
လို့ ဘုရားရှင်က ဟောတော်မူခဲ့ပါတယ်။
အဲဒီအရာ ၅ မျိုးက -
၁။ အသက်ရှည်မှု၊
၂။ ခန္ဓာကိုယ်အဆင်း လှပတင့်တယ်မှု၊
၃။ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု၊
၎။ ခန္ဓာကိုယ်အင်အား၊
၅။ အသိဉာဏ်ပညာ။
အဲဒီအရာ ၅ မျိုးကို လှူလိုက်သူဟာ အောက်ပါအကျိုး
၅ မျိုးကို ပြန်ရပါတယ်။
လူ့ဘဝ၊ နတ်ဘဝမှာ
၁။ အသက်ရှည်မှု၊
၂။ ခန္ဓာကိုယ်အဆင်း လှပတင့်တယ်မှု၊
၃။ ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု
၎။ ခန္ဓာကိုယ်အင်အား
၅။ အသိဉာဏ်ပညာ။
(အံ၊ဒု၊၃၅)

ဆွမ်း(ထမင်း) ဟင်း၊မုန့်၊ သစ်ရွက် စတဲ့ စားဖွယ်တွေကို
သူတစ်ပါးအား မပေးလှူဖူးသူဟာ ရှားပါးပါလိမ့်မယ်။
ဗုဒ္ဓသာသနာဝင်တွေဆိုရင် အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့
ရှင်၊ ရဟန်း၊ သီလရှင်တွေရော၊ မိတ်ဆွေတွေရော၊
မရှိဆင်းရဲသူတွေကိုပါ အနည်းနဲ့အများ အဲဒီစားဖွယ်တွေကို
လှူဖူးကြပါတယ်။ ဆွမ်းလေးတစ်ဇွန်း လှူတာလည်း
စားဖွယ်ကို လှူတာပါပဲ။ ဟင်းလေးတစ်ခွက်၊
အသားဟင်းလေးတစ်တုံး၊ သစ်သီးလေး တစ်လုံး၊
မုန့်လေးတစ်ခု၊ ဗယာကြော်လေး တစ်ကွင်းလှူတာလည်း
စားဖွယ်ကို လှူတာပါပဲ။ နည်းနည်း များများ
စားဖွယ်တွေကို လှူတိုင်း အထက်ပါအရာ ၅ မျိုးကို
တစ်ပါတည်း လှူလိုက်ပါတယ်။ ယူလည်း ယူလိုက်တယ်
လို့ ဆိုရပါမယ်။

ကျေးဇူးရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့
ရိပ်သာ ဆရာတော်ကြီးရဲ့ အောက်ပါလင်္ကာလေးကို
သတိရလာမိပါတယ်။
သက်ရှည် ဆင်းလှ၊ ချမ်းသာရ ဗလဉာဏ်ပညာ၊
စားဖွယ် လှူသူ၊ ကျိုးငါးဆူ ပေး-ယူနိုင်လေပါ-တဲ့။

“အရှင်ပိလိန္ဒဝစ္ဆမထေရ် ရခဲ့တဲ့ ဆွမ်းအကျိုးများ”

အရှင်ပိလိန္ဒဝစ္ဆမထေရ်က “ပဒုမုတ္တရာဘုရားရှင်ကိုရော၊
တပည့် သံဃာအပေါင်းအားပါ ဆွမ်းနဲ့ ဖျော်ရည်ကို
လှူခဲ့ပါတယ်။ သူရဲ့ အဲဒီ အလှူကုသိုလ်ကံနဲ့
လျောက်ပတ်တဲ့ အကျိုး (၁၀) မျိုးကို ခံစားရတယ်”
လို့ အမိန့်ရှိပါတယ်။ သူရရှိတဲ့အကျိုး (၁၀) မျိုးကို
ဒီလို ပြောပြခဲ့ပါတယ်။
(၁)။ အသက်ရှည်သူ၊
(၂)။ ခွန်အားကြီးသူ၊
(၃)။ တည်ကြည်သူ၊
(၄)။ အဆင်းလှသူ၊
(၅)။ အခြွေအရံများသူ၊
(၆)။ ကိုယ်စိတ်ချမ်းသာသူ၊
(၇)။ ထမင်းကို ရရှိသူ၊
(၈)။ ဖျော်ရည်ကို ရရှိသူ၊
(၉)။ ရဲရင့်သူ၊
(၁၀)။ အခါခပ်သိမ်းပညာရှိသူ။

အဲဒီအကျိုးတွေကို သံသရာမှာ ကျင်လည်ရတဲ့အခါ
ငါဟာ ရရှိခဲ့ပါတယ်။
(ထေရာပဒါန၊၃၆၉)

ကိုယ်လုပ်တဲ့အလုပ်ရဲ့ အကျိုးတွေကို စုံစုံလင်လင်
ပြည့်ပြည့်ဝဝ သိရရင် အဲဒီအလုပ်ကိုလုပ်ရတာ
နှစ်ခြိုက်မှု၊ စိတ်ပါဝင်စားမှု၊ထက်သန်မှု ဖြစ်ရပါတယ်။
လုပ်လိုတဲ့ဆန္ဒလည်း ပြင်းပြလာရပါတယ်။
ဆွမ်း အလှူ ၊ ထမင်းအလှူ၊ ဖျော်ရည်အလှူ တွေကို
ကိုယ်ကိုယ်သူသူ လှူဖူးနေကြတာပါပဲ။
အနည်းအများသာ ကွာချင် ကွာခြားပါမယ်။
အလှူဒါန ရက်ရောကြတဲ့ လူတွေဟာဆွမ်းအလှူ
ထမင်းအလှူ၊ ဖော်ရည်အလှူတွေကို နေရာပေါင်းများစွာမှာ
အလှူခံပုဂ္ဂိုလ်ပေါင်းများစွာအား အကြိမ်ပေါင်းများစွာ
လှူဖူးကြပါတယ်။ အလှူရေစက် လက်နဲ့မကွာရှိကြတဲ့
ဗုဒ္ဓသာသနာဝင်တွေအဖို့တော့ ဒီအလှူတွေဟာ
အထူးပြောစရာမလိုတော့ပါ။

ကိုယ့်မှာ ရရှိတဲ့ ဒီအကျိုး ၁၀ မျိုးကို သိရှိတဲ့
ဆွမ်းအလှူရှင်၊ ထမင်းအလှူရှင်၊ ဖျော်ရည်အလှူရှင်
ကတော့ အနည်းငယ်ပဲ ရှိမယ်ထင်ပါတယ်။
ဘုရားရှင်ဟောတော်မူခဲ့တဲ့ စားဖွယ်လှူရကျိုး
၅ မျိုးကိုပဲ ရဟန်း၊ ရှင်၊ လူတွေ အသိများကြပါတယ်။

အရှင်ပိလိန္ဒဝစ္ဆမထေရ် မိန့်ကြားခဲ့တဲ့ ဒီအကျိုး
(၁၀) မျိုးကိုတော့ သိသူနည်းကြပါတယ်။ ဆွမ်းလှူရင်၊
ထမင်းလှူရင်၊ ဖျော်ရည်လှူရင် ကောင်းကျိုးတွေကို
ရနိုင်တယ်လို့ ဗုဒ္ဓသာသနာဝင်တိုင်း ယုံကြည်ကြပါတယ်။
ဒါပေမဲ့ ကိုယ်ရနိုင်တယ်လို့ ယုံကြည်ထားတဲ့အကျိုးတွေကို
တိတိကျကျ စုံစုံလင်လင် မသိကြပါ။
သိအောင် ကြိုးစားလို့ သိပြီး လှူရရင် ဝမ်းလည်း
ပိုသာရသလို၊ အကျိုးလည်း ပိုကြီးမားလာပါမယ်။


“ဘုရား သိသလိုသာ သိခဲ့ရင်”

ဒါနရဲ့အကျိုး ကိုယ်တွေ့သိရင် သိသလောက်
လှူရဲကြပါတယ်။ လှူကြပါတယ်။ နည်းနည်းသိရင်
နည်းနည်းလှူရဲပါတယ်။ လှူပါတယ်။

များများသိရင် များများလှူရဲပါတယ်။ လှူပါတယ်။
ဒါနရဲ့အကျိုးကို အသိဆုံးပုဂ္ဂိုလ်ကတော့
ဘုရားရှင်ပါပဲ။ဘုရားရှင်က ဒီလို မိန့်တော်မူခဲ့ပါတယ်။

“ရဟန်းတို့ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို
ငါဘုရားသိသလိုသာ သတ္တဝါတွေ သိကြမယ်ဆိုရင်
သတ္တဝါတွေဟာ ကိုယ်စားရမယ့် အစားအစာထဲက
သူတစ်ပါးတွေအား မပေးဘဲမစားကုန်ရာ။
(ပေးပြီးမှသာ စားကုန်ရာ၏။) အဲဒီသတ္တဝါတွေရဲ့စိတ်ကို
နှမြောမှု အညစ်အကြေးက အနိုင်ယူပြီး မတည်ရှိရာ။
ကိုယ့်အတွက် လောက်ငရုံထမင်းထဲက
တစ်လုတ်စာကိုသာ ကိုယ့်အတွက် ချန်ထားပြီး
ကျန်ထမင်းလုတ် အားလုံးကို လာလာသမျှ
အလိုရှိသူတွေအား ပေးလှူတယ်။
အလှူခံတွေရှိခဲ့ရင် ကိုယ့်အတွက် နောက်ဆုံးဖြစ်တဲ့
အဲဒီထမင်းလုတ်တစ်လုတ်ထဲကတောင်
တစ်စိတ်တစ်ဒေသကို လှူပြီးမှသာ စားကုန်ရာ၏။
မပေးလှူဘဲ မစားကုန်ရာ။”

“ရဟန်းတို့ လှူဒါန်းဝေဖန်ပေးကမ်းမှုရဲ့ အကျိုးကို
ငါဘုရားသိသလို သတ္တဝါတွေမသိကြတဲ့အတွက်
သတ္တဝါတွေဟာ မပေးလှူဘဲ၊ စားနေကြတယ်။
အဲဒီသတ္တဝါတွေရဲ့ စိတ်ကို နှမြောမှုအညစ်အကြေးက
အနိုင်ယူပြီး တည်ရှိနေတယ်”
(ဣတိဝုတ်၊ ၂၀၇)

Sunday, June 12, 2016

အာဠာဝကသုတ္တန်

အာဠာဝကဘီလူး နှင့်
ဂေါတမမြတ်စွာဘုရား
အမေးအဖြေ ပြုလုပ်ရာမှ
အာဠာဝကသုတ္တန် ဖြစ်ပေါ်လာရသည်...

အာဠာဝက အမေး
မြတ်စွာဘုရားက အဖြေ

အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)

အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

အမေး - လောကမှာ အကောင်းဆုံး  အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ)  

အမေး - လောကမှာ အကောင်းဆုံးသော  အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ  အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)

အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)

အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ)  

အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (၀ီရိယေန ဒုက္ခမစ္စေတိ)

အမေး - စိတ်ဖြူစင်အောင်  ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)

အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒ
ရှိရင်ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ)  

အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလ၀ီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစား
အားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရ၀ါ၊ ဥဌာတာ
ဝိန္ဒတေ ဓနံ)

အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)

အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ)  

အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊
ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)

ဓမ္မဒါန အဖြစ် မျှဝေပါသည် ...
Copy by write - Zin Mon
Photo - မူလပိုင်ရှင်အား
Credit ပေးပါသည် ။

Saturday, June 11, 2016

အချစ်​ဘယ်​က စခဲ့ကြလဲ

အချစ်ဘယ်က စခဲ့စလဲ


အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်ပုံလေး” 
ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက် ပြောပြရအောင်ပါ။

ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့ အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲ ဆိုတော့ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။

အဲလိုလူလာဖြစ်တဲ့အချိန်မှာ ယောင်္ကျား၊မိန်းမဆိုတဲ့ ဣတ္ထိဘ၀ရုပ်၊ ပုရိသဘာဝရုပ် ထင်ထင်ရှားရှား မဖြစ်သေးပါဘူး။ ပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ ဆိုတော့ နေတွေလတွေလည်း မလိုအပ်သေးပါဘူး။

အဲဒီမှာ တစ်ခုသတိထားရမှာက ဗြဟ္မာတွေ လူ့ပြည်ကို ဆင်းလာတာ မဟုတ်ပါဘူး။ စုတေပြီး လူ့ပြည်မှာ လူလာဖြစ်ကြတာပါ။ တချို့ က ကမ္ဘာဦးအစမှာ ဗြဟ္မာတွေ ဗြဟ္မာ့ပြည်ကဆင်းလာတယ်လို့ ပြောပြောနေကြလို့ပါ။ ဗြဟ္မာ့ပြည်က စုတေစဆိုတော့ “ပီတိလေး”တွေနဲ့ပဲ နေနေကြပါတယ်။ ဘာမှမစားကြသေးပါဘူး။

ကမ္ဘာပြုမိုးရွာထားပြီး တဖြည်းဖြည်းနဲ့ ရေတွေခန်း ခြောက်သွားတာ ဆိုတော့ မြေအထက်မှာ အပေါ်ယံမြေဆီတွေ ကျန်နေခဲ့ပါတယ်။ အဲဒီ မြေဆီတွေက နို့ရည်အထက်မှာ တက်နေတဲ့ မလိုင်လို ချိုဆိမ့်တဲ့ အနံ့အရသာ ရှိနေတယ်လို့ဆိုပါတယ်။

အဲဒီအထဲကမှ တစ်ယောက်က မွှေးကြိုင်နေတဲ့ မြေဆီလေးတွေကို “ဘယ်လိုအရသာရှိမလဲ”ဆိုပြီး လက်နဲ့တို့ပြီးလျက် ကြည့်လိုက်ပါတယ်။ “ဟာ...တော်တော်ကောင်းတာပဲ”ဆိုပြီး ဆက်စားပါတော့တယ်။ ကျန်တဲ့သူတွေကလည်း သူစားသလို လိုက်စားပါတော့တယ်။ ဒီတော့ ရသတဏှာဝင်လာပြီး ကိုယ်ယောင်ကိုယ်ဝါတွေလည်း ပျောက်သွားရော ဆိုပါတော့။

အဲဒီမှာ တချို့ အဆိုတော်တွေက “ဗြဟ္မာတွေ မြေသင်း စားလို့ ထူးဆန်းတဲ့ အချစ်ဖြစ်ပေါ်သည်...” စသည်ဖြင့်သီချင်းလုပ်ဆိုကြပါတယ်။တကယ်တော့ အဲဒီအချိန်မှာ“အချစ်” မဖြစ်ကြသေးပါဘူး။ သူတို့ရဲ့ သန္တာန်မှာ “ရသတဏှာ” ပဲ ၀င်လာသေးတာပါ။ နောက်တစ်ခုက ဗြဟ္မာတွေစားတာမဟုတ်ပါဘူး။ ဗြဟ္မာပြည်က စုတေပြီး “လူ” တွေဖြစ်နေပြီဖြစ်လို့လူတွေစားတာပါ။

ဒီလိုနဲ့ မြေဆီတွေစားရင်း စားရင်း ကုန်သွားတော့ ကံအားလျော်စွာ “သလေးဆန်”တွေ ပေါ်လာပါတယ်။ဒီသလေးဆန်တွေဟာ အိုးထဲထည့် မီးကျောက်ပေါ် တင်လိုက်တာနဲ့ အလိုလိုမီးတောက်ပြီး ထမင်းကျက်တာနဲ့ မီးလည်းငြိမ်းသွားပါတယ်။

မြေဆီမြေလွှာတွေ စားနေတုန်းကတော့ စားသမျှ အဆီအသားတွေဖြစ်ပြီး အဖတ်အကာ တချို့ သာကျန်တယ်လို့ဆိုပါတယ်။ အဲဒီအဖတ်အကာ တစ်ချို့ကိုလည်း ၀မ်းမီးကလောင်လိုက်တဲ့အတွက် ကုန်ခန်းကုန်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကျင်ကြီး ကျင်ငယ်ဆိုတာ မဖြစ်သေးပါဘူး။ သလေးဆန်တွေ စားလာတဲ့အခါမှာတော့ “ကျင်ကြီး၊ကျင်ငယ်” ဆိုတာဖြစ်လာပြီး ကျင်ကြီးကျင်ငယ် ထွက်ရာအပေါက်တွေလည်းဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ဒီတော့မှ “ယောင်္ကျား၊ မိန်းမပုံ” သဏ္ဌာန်ဖြစ်တဲ့ “ဣတ္ထိဘာဝရုပ်၊ ပုရိသဘာဝရုပ်” တွေလည်း ထင်ထင်ရှားရှား ဖြစ်လာပါတော့တယ်။

ဗြဟ္မာ့ပြည်မရောက်ခင်က မိန်းမဖြစ်ခဲ့တဲ့သူက ဣတ္ထိဘာဝရုပ်ပေါ်လာပြီး ယောင်္ကျားဖြစ်ခဲ့တဲ့သူက ပုရိသဘာဝရုပ်ပေါ်လာတယ်လို့ ဆိုပါတယ်။ “နားနဲ့မနာ ဖ၀ါးနဲ့နာ” ဆိုတဲ့အတိုင်း နားနဲ့မဖတ်၊ ဖ၀ါးနဲ့ဖတ်လို့ ပြောရတော့မလား မသိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်အင်္ဂါတွေမတူလို့ ၊ တစ်ယောက်အင်္ဂါ တစ်ယောက်ကြည့်ပြီး တပ်နှစ်သက်တဲ့ တဏှာရာဂ တွေဖြစ်လောပြီး စိတ်ကိုမချုပ်တည်းနိုင်တော့ဘဲ ကာမကိစ္စကို စတင်မှီဝဲကြပါသတဲ့။

ဒီတော့ ကျန်တဲ့သူတွေက မပြုကောင်းတာ ပြုရပါ့မလား ဆိုပြီးခဲနဲ့ဝိုင်းပေါက်ကြပါသတဲ့။ ကာမကိစ္စကို ပြုတဲ့သူတွေဟာ ပုန်းအောင်းရင်း အိမ်ရာများ သီးခြား တည်ထောင်ကြပါသတဲ့။ ဒီခေတ် မင်္ဂလာဆောင် ခဲပေါက်တဲ့ဓလေ့ဟာ ကမ္ဘာဦးကတည်းက စခဲ့တာလို့ဆိုပါတယ်။

ဒါဟာ ကမ္ဘာဦးအစအချစ်စတင်ဖြစ်ပေါ်ပုံ အကျဉ်းပါပဲ။ အကျယ်သိချင်တယ်ဆိုရင်တော့ “သုတ်ပါထေယျပါဠိတော်မြန်မာပြန် အဂ္ဂညသုတ်” နဲ့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့  သဂြိုဟ်ဘာသာဋီကာ၊ အခြေပြုပဌာန်းတရားတော် စာအုပ်တို့မှာ မြန်မာလို အကျယ်ရေးပြထားပါတယ်။ဒီမှာတော့ လိုရင်းခပ်ကျဉ်းကျဉ်းပဲ ရေးပြ လိုက်တာပါ။

အချစ်ဆိုတဲ့ တဏှာရာဂ၊ ကာမဂုဏ် ကိစ္စတွေကို ခံစားတာကို စာမှာဘယ်လို ဥပမာ ပေးထားသလဲ ဆိုတော့နူနာရောဂါသည်ဟာ ကိုယ့်ရဲ့ နူနာရောဂါ ယားယံလာတဲ့အခါသက်သာလိုသက်သာငြား မီးကင်တာနဲ့တူပါတယ်။ မီးကင်နေတုန်းမှာ အယားတဒင်္ဂ သက်သာသွားတယ်လို့ထင်ရပေမယ့် နောက်-ပိုးတွေ ပြန်ထိုးတော့ပြန်ယားပြီးပြန်ကင်ရတာပါပဲ။ နူနာရောဂါကို အမြစ်ပြတ်အောင် ဆေး
သောက်လိုက်မှပဲ မကင်ရတော့မှာပါ။

အာရုံငါးပါးကာမဂုဏ်တရားတွေကို ခံစားတာဟာ နူနာမီးကင်တာနဲ့ တူတယ်ဆိုတော့ -

 ကိုးရီးယားကားလေး ကြည့်နေတာလည်းမီးကင်နေတာပါပဲ။
 ဘောလုံးပွဲတွေ ကြည့်နေနေတာလည်းမီးကင်နေတာပါပဲ။
 ကာရာအိုကေဆိုင် သွားတာလည်း မီးကင်နေတာပါပဲ။
 အလှပြင်ဆိုင်မှာ ဆံပင်သွားဖြောင့်တာလည်းမီးကင်နေတာပါပဲ။
 ချောင်းသာသွားတာလည်း မီးကင်နေတာပါပဲ။

ဆိုင်ရာမဂ်အဆင့်ဆင့်ကို မရသေးသရွေ့ တော့ မီးကကင်ကင် နေရဦးမှာပါ။ ဆိုင်ရာ မဂ်တွေမရသေးရင်တောင် ကိုယ်မီးကင် နေတာလေးကို မီးကင်နေတယ်လို့ သိနေရင်ပဲ မဆိုးလှပါဘူး။ ဒီတော့ ကိုးရီးယားကားလေးကြည့်နေရင်လည်း “ဩော် ငါ မီးကင်နေတာ၊ ငါ မီးကင်နေတာ” လို့ သူများမကြားအောင်တိုးတိုးလေးဆင်ခြင်လိုက်ပါ။

ဆံပင်ဖြောင့်နေရင်လည်း “ဩော် ငါမီးကင်နေတာ၊ ငါမီးကင်နေတာ” လို့တိုးတိုးလေးဆင်ခြင်လိုက်ပါ။ ဆင်ခြင်နေတဲ့သူဟာ ကိုယ့်မှာဖြစ်နေတဲ့ နူနာရောဂါကိုကုဖို့ သတိပေးနေတာနဲ့တူပါတယ်။ ဒီတော့ အလွန်အကျွံတွေလည်း မဖြစ်တော့ပါဘူး။

မီးကင်နေတဲ့သူချင်းတူပေမယ့် ကိုယ်ကမီးကင်နေတာလေးကို သိနေတော့ ဘာပဲပြောပြော သူတို့နဲ့စာရင် ကိုယ်ကသူတို့ထက် မသိမသာလေးတော့ သာနေတာပါပဲ။ဆင်ခြင်ရင်း ဆင်ခြင်းရင်းနဲ့ကြာလာရင်သံဝေဂဥာဏ်တွေ များများ လာပါလိမ့်မယ်။ သံဝေဂဥာဏ်တွေများလာတဲ့ တစ်နေ့မှာကိုယ့်ရဲ့ နူနာကိုလည်း အမြစ်ပြတ် ကုချင်စိတ်ပေါက် လာပါလိမ့်မယ်။အနာရှိရင် ဆေးရှိတာပါပဲ။နူနာရောဂါ ပျောက်ဖို့
အတွက် ဆေးကတော့“သတိပဌာန်ဝိပဿနာဆေး”ပါပဲ။

သတိပဌာန်ဝိပဿနာတရား ရှုမှတ်နေတဲ့အချိန်ဟာ တဒင်္ဂ အားဖြင့် အကုသိုလ်ကိလေသာတွေ ငြိမ်းနေတာပါ။တဒင်္ဂ အကုသိုလ်ကိလေသာငြိမ်းနေတဲ့ အချိန်လေးဟာသိပ်ပြီးချမ်းသာနေတာပါ။ အဲဒီချမ်းသာမှုဟာ လောကီ ချမ်းသာတွေနဲ့နှိုင်းယှဉ်လို့ကို မရပါဘူး။

ဒါတောင် အမြစ်ပြတ် အကုသိုလ်ကိလေသာ ငြိမ်းသေးတာ မဟုတ်ပါဘူး။ အမြစ်ပြတ်ငြိမ်းသွားတယ် ဆိုရင်တော့ အထူးပြောစရာမလိုတော့ပါဘူး။ ကိုယ်က ဒီသဘောလေးကို အာရုံပြုပြီး သတိပဌာန် ဝိပဿနာဆေးလေးကို မကြာခဏ သောက်သောက်ပေးဖို့ပါ။လူ့လောကမှာက မီးကင်စရာ ခပ်များများရယ်။ပုထုဇဉ်သဘာဝအရ ကိုယ်ကမကင်းနိုင်သေးလို့ မီးကင်နေရရင်လည်း ကိုယ်မီးကင်နေတယ်ဆိုတာလေးကို သိနေဖို့ပါပဲ။

ကာမဂုဏ်အာရုံတွေနောက်ကို လိုက်နေသရွေ့တော့ ဘယ်တော့မှဆုံးမှာမဟုတ်ပါဘူး။ တိုးလို့တိုးလို့သာခံစားနေချင်မှာပါ။ ဒီကာမဂုဏ်အာရုံတွေကြောင့်ပဲ“စိတ်ဆိုးရ၊စိတ်ကောက်ရ၊ နာကြည်းခဲ့ရ၊ လွမ်းရ၊ဆွေးရ၊ မိတ်ပျက်ရ၊နောက်ဆုံး ထောင်ကျရ၊ ငရဲကျသွားရတဲ့ အထိပါပဲ။ ကိုယ့်ဝန်းကျင်မှာဒါတွေက နေ့စဉ်တွေ့နေရတာပါ။

တကယ်လို့ ကိုယ်က ကိုယ်ရဲ့  နူနာရောဂါကို အမြစ်ပြတ်အောင် မကုချင်သေးဘူးဆိုရင်တောင် တဒင်္ဂအားဖြင့် ရောဂါသက်သာဖို့သတိပဌာန်ဝိပဿနာဆေးလေးကို တစ်နေ့ကို ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့ သောက်သောက်နေသင့်ပါတယ်။

သောက်ရင်းသောက်ရင်း ဆေးရဲ့ အာနိသင်ကို သိသိလာပြီး တိုးတိုးသောက်ချင်လာမှာပါ။ ဘာပဲပြောပြော စာဖတ်သူရယ်၊နူနာရောဂါ တဒင်္ဂသက်သာဖို့ သတိပဌာန် ၀ိပဿနာဆေးလေးကို တစ်နေ့ကိုဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်တော့သောက်ဖြစ်အောင်ကြိုးစားလိုက်ပါနော်။

[အရှင်ရာဇိန္ဒ ( ရဝေနွယ် -အင်းမ)၏ “ အချစ်နှင့် ဝိပဿနာ ”
နှာ ၂၂ မှ ၂၈ ထိ ကောက်နှုတ်ပူဇော်ပါသည် ။ ]

မစင်​ပုပ်​ ငရဲ

မစင်ပုပ် ငရဲ
*********


မြတ်စွာဘုရား ဗာရာဏသီပြည် မိဂဒါဝုန်ကျောင်း မှာစံမြန်းကန်းဝပ်တော်မူစဉ် နန္ဒိယ သတို့သားသည် ပေးကမ်းလှူဒါန်းခြင်း ရတနာသုံးပါကို အလေးထားခြင်း၊ သံဃာတော်တို့အား အလုပ်အကျွေးပြု ခြင်း အလေ့ရှိ၏။

ထိုသတို့သား၏ မိဘများက အိမ်နီးချင်း ရေ၀တီ သတို့သမီးနှင့် ပေးစားလိုတယ်။ သို့သော် မိန်းကလေးသည် သဒ္ဒါတရားမရှိ၊ ပေးကမ်းလှူဒါန်းခြင်းအလေ့ မရှိ။ ထို့ကြောင့် နန္ဒိယက ရေ၀တီကို အလိုမရှိပေ။မိခင် ကတော့ သဘောတူတဲ့အတွက် ချစ်သမီး...ရေ၀တီ သံဃာတော်တွေ ကြွလာတဲ့အခါ သံဃာတော်တွေ ကိုရှိခိုး၊ သပိတ်ကိုယူ၊ သောက်ရေကို စစ်ပြီးမှကပ်၊ ဆွမ်းစားပြီးတဲ့ သပိတ်ကိုဆေး၊ အဲဒါမှ ငါ့သားက မင်းကို နှစ်သက်မှာကွဲ့ ...ဟုပြောပြီး သား သဘောကျစေရေး လိမ္မာလာစေရန် ရေ၀တီအား ဆောင်ရွက်စေပါတယ်။ ရေ၀တီကလည်းလိုက်နာဆောင်ရွက်လေတယ်။

ထို့နောက်မိခင်က ကလေးမလေး ရေ၀တီလိမ္မာသွားပါပြီ ဟုပြောပြီး နန္ဒိယ သတို့သားနှင့် ထိမ်းမြား လက်ထပ် ပေးလိုက်တယ်။ လက်ထပ်ပြီးလျှင် နန္ဒိယက ဇနီးရေ၀တီအား... ရဟန်းသံဃာတော်များနဲ့ မိဘများကို အလုပ်အကျွေးလုပ်ဖို့ မမေ့နဲ့ အလေးအနက်ထားပြီးကူညီရမယ်ဟု ပြောထားပါတယ်။ ရေ၀တီကလည်း ဒီအတွက်စိတ်ချပါမောင်ကြီး ဟု ကတိပေးသည်။ နောက်ရက်အနည်းငယ် ခင်ပွန်းသည်အလိုကျ လုပ်ဆောင် ပေးလေသည်။

သား၂ယောက်မွေးဖွားလာသောအချိန်တွင်ကားမိဘများလည်းကွယ်လွန်သွားကြပြီဖြစ်လို့ အိမ်ဂေဟာမှာ ရေ၀တီ တစ်မိန့်တစ်သံ အာဏာရလာတယ်။ နန္ဒိယကား အလှူဒါနပြုခြင်းအမှု၌သာ နှစ်လိုသူဖြစ်လို့ ဘုရားအမှုးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ပေးလှူဆက်ကပ်လှူဒါန်းမြဲသာရှိခဲ့တယ်။ နန္ဒိယမှာ...ဣသိပနကျောင်းတိုက်က တိုက်ခန်းလေးခန်း တန်ဆာဆင်ပြီး ၀တ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းပြီး မြတ်စွာဘုရား၏ လက်တော်၌ အလှူရေစက်ကို သွန်းချအပ်နှင်းလေသည် ။ ထိုအခါ တာဝတိံသာနတ်ပြည်၌ အနံအလျားတစ်ဆယ် ယုဇနာရှိသော နတ်ဗိမာန်ပြဿဒ်ပေါ်ပေါက်လာလေ၏။

ထိုအခြင်းအရာကို အရှင်မဟာမောဂ္ဂလာန်က မြတ်စွာဘုရားကို လူလောက ၌ အသက်တည်နေစဉ် အချိန်ကာလ မှာပင် နတ်ဘုံဗိမာန် ပေါ်ပေါက်နေပါသလား တင်လျောက် ပါတယ်။ မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်၌ နန္ဒိယ၏ ဘုံ ပြဿဒ်ကြီးကို သင်မြင်ခဲ့ပြီ မဟုတ်လော့ဟုပြောကြားပြီး...အကျိုးတရားများကို ဆက်လက်ဟောကြားတော်မူပါတယ်။

ချစ်သားရဟန်းတို့ ရပ်ဝေးတစ်နေရာက ပြန်ရောက်လာသော ထိုယောက်ျားကို ဆွေမျိုးမိတ်ဆွေများက အလွန်နှစ်သက်တတ်ကြကုန်၏၊ ထို့နည်းတူပင် လူလောက၌ ကောင်းမှုကုသိုလ်ပြုပြီး သူတို တမလွန်သို့လား သည်ရှိသော ချစ်သော ဆွေမျိုးမိတ်ဆွေများကဲ့သို့သော သူ၏ကောင်းမှုကုသိုလ်တို့က သူ့အား ဆီးကြို၍ခံယူရကုန်၏။

ထိုတရားကို နာရသော နန္ဒိယသည် အလှူဒါနကို မပြတ်မစဲ ထပ်ခါတလဲလဲ လှူ၍သာနေလေသည်။ တစ်နေ့တော့ ကုန်သွယ်မှုခရီးတစ်ခု သွားရမည်ဖြစ်လို့ ဇနီးရေ၀တီအား.... ငါခရီးသွားနေခိုက် သံဃာတော်များကို မပြတ်ပေးလှူပါ၊ ခိုကိုးရာမဲ့သူတို့ကိုလည်း ထမင်းဟင်း အစပေးကမ်းစွန့်ကြဲပါ။ အလှူဒါန အလုပ်ကို မမေ့မလျော့ပါနဲ့ လို့ မှာကြားခဲ့သည်။

ရေ၀တီသည်ကား ၃၊ ၄ရက် သာသံဃာတော်တို့အား ပေးလှူ၏။ခိုကိုးရာမဲ့ ဆင်းရဲသူတို့အားလည်း ပေးကမ်းစွန်ကြဲခြင်းမပြုတော့ပေ။ မလှူမဖြစ် လှူရလျှင်ကား ရေ၀တီသည် ရဟန်းသံဃာတော်တို့အား ဆန်ကွဲ ထမင်းနှင့် ပုန်းရည်ဟင်းတို့ကို သာ ကပ်လှူ၏။ ရဟန်းသံဃာတော်တို့ စားရာနေရာသို့ သွားကာ ငါးအရိုး အမဲရိုးများနှင့် ထမင်းဖတ်များကို ပြန့်ကြဲစေကာ...လူအများကို ညွန်ပြပြီး အပြစ်ပြောလေသည်။

နန္ဒိယလည်း ခရီးမှပြန်ရောက်လာသောအခါ ရေ၀တီ၏ မဟုတ်မမှန်လုပ်ရပ်များကို သိရပြီး အိမ်မှနှင်ထုတ်လိုက်လေသည်။ ထို့နောက် ဆက်လက်ပြီးလှူဒါန်းမှုများကိုပြုလုပ်ပါတယ်။ ထိုအခါ နန္ဒိယမိတ်ဆွေများ က ရေ၀တီကိုခေါ်ဆောင်လာပြီး တောင်းပန်၍ပြန်အပ်လေသည်။ နန္ဒိယ ကွယ်လွန်သောအခါ တာဝတိံသာနတ်ပြည်၌အသင့်ပေါ်ပေါက်နေသော ဘုံဗိမာန်၌ နတ်သားဖြစ်လေတော့တယ်။

ရေ၀တီကတော့ နန္ဒိယကွယ်လွန်တဲ့အခါ ယခင်လှူဒါန်းခဲ့သော အလှူဒါနများကို ဖြတ်တောက်ပစ်လိုက် ပြီး ဒီရဟန်းတွေကြောင့် ငါ့ စီးပွားဥစ္စာတွေ ယုတ်လျော့ရတာ ဟုပြောကာ ဆဲဆိုသည်အထိပြုမှုလာ၏ ။
အချိန်တိုင်း မြည်တွန်တောက်တီးကာ အပြစ်ပြု၍နေရာ ဝေဿ၀ဏ်နတ်မင်းကြီးမှာ မနေသာတော့။ဘီလူးနှစ်ယောက်ကို ဆင့်ခေါ်ကာ ကဲ ဗာရာဏသီပြည်က ရေ၀တီမိန်းမယုတ်ဆီ သွားကြစမ်း ဒီနေ့က စလို့ ၇ရက်မြောက်တဲ့နေ့မှာ အသက်ရှင်လျှက်မှာပဲ ဖမ်းခေါ်ပြီး ငရဲဘုံမှာ ပစ်ချမယ်ဟေ့လို့ ကြွေးကြော်ခိုင်းပါတယ်။

ဘီလူးတို့ကြွေးကြော်သံကို ကြားရသူ လူအပေါင်းတို့မှာ အလွန်တုန်လှုပ်ချောက်ခြားကြကုန်၏။ ရေ၀တီက ပြဿဒ်အထက်သို့တက်၍ တံခါးကိုပိတ်ပြီးနေလေသည်။ ၇ရက်မြောက်သောနေ့တွင်ကား ဘီလူကြီးနှစ်ယောက် ရောက်ရှိလာပြီး မကောင်းမှုအကုသိုလ်တွေများလွန်းတဲ့ မိန်းမယုတ် ရေ၀တီ၊ နင်ဟာ အပါယ်တံခါးပွင့်နေတဲ့ မိန်းမပဲ၊ ကယ်ပါယူပါ တစာစာအော်နေရတဲ့ ငရဲဘုံကို နင်ရောက်ရမယ်...အခုထလော့ ဟု ဆိုပြီး လူအများအသိတရားရစေခြင်းငှာ ဗာရာဏသီပြည်လမ်းကို ဖြတ်ကာ ဆွဲခေါ်သွားလေသည်။

ထို့နောက် တာဝတိံသာနတ်ပြည် ဘုံဗိမာန်ခြေရင်းမှာချထားလိုက်သည်။ရတနာခုနှစ်ပါး စီခြယ်ထားသော ချောမောလှပသော နတ်သမီးအပေါင်း ၀န်းရံနေသော ဘုံဗိမာန်ဟာဘယ်သူနေရာလည်း ဟု ရေ၀တီ မေးမြန်းလေရာ ဘီလူးကြီးများက... ဒီဘုံဗိမာန်သည် လူပြည်လူ့ရွာမှာ အလှူဒါနတွေ အစဉ်မပြတ်ပြုခဲ့သော နန္ဒိယ ပိုင်ရှုင်ဖြစ်၏ ဟုပြောပြလိုက်လေသည်။

ထိုအခါ ရေ၀တီက ကျွန်မဟာ နန္ဒိယရဲ့ ဇနီးမယားပါ ဒါကြောင့် ဒီ ဘုံဗိမာန်ကြီးမှာနေပါရစေ ငရဲကိုသွားဖို့ နေနေသာသာ မမြင်ဝံ့မကြားဝံ့ပါဘူး ဟုပြောလေသည်။ သင်ဟာ မကောင်းမှုဒုစရိုက်တွေများလွန်းတဲ့ မိန်းမယုတ်ဖြစ်တယ်။ ကုသိုလ်ကောင်းမှုတွေ မပြုဘူး၊ ၀န်တိုစဉ်းလဲတယ်။ ကောက်ကျစ်တယ်၊ သူတစ်ပါးကို ချုပ်ချယ်လွန်းတယ်။ နတ်ပြည်မှာ နေလို့မရဘူး ငရဲပြည်သာနင်နေရာ ဟုပြောကာ ငရဲထိန်းနှစ်ယောက် လက်သို့ရေ၀တီကိုလွဲပေးလိုက်တယ်။ ထိုငရဲထိန်းတို့ကမစင်ကျင်းများဖြင့်ပုပ်စပ်နေသော ဂူတငရဲသို့ ပို့ဆောင်ရန်ခေါ်သွားကြလေတယ်။

ထိုစဉ် ရေ၀တီက...ဂူတမစင်ငရဲကိုမခေါ်ကြပါနဲ့ ခင်ပွန်းဘုံဗိမာန်မှာပဲနေပါရစေတောင်းပန်ပြန်တယ်။ သို့သော်မရပေ။ ငရဲထိန်းတွေ နဲ့ အတူရှိနေတဲ့ ဘီလူကြီး တို့က ဒါဟာ ကျင်ကြီးကျင်ငယ်တွေ အမြဲမပြတ်စီးဆင်းနေတဲ့ ငရဲပဲ။ အသူတရာနက်တယ်၊ သံသာဝက ဂူတငရဲလို့ခေါ်တယ်။ အဲဒီမစင်ကျင်းထဲမှာ နှစ်ပေါင်းတစ်ထောင်ကျခံရမယ် လို့ ရှင်းပြတယ်။

သို့တိုင်ရေ၀တီက မလျော့သေးဘဲ...ကျွန်မက ဘာတွေလုပ်ခဲ့လို့လဲ၊ ကိုယ်နဲ့နှုတ်နဲ့စိတ်နဲ့ ဘယ်လိုမကောင်းမှုပြုလုပ်ခဲ့သလဲ ၊ သင်တို့ မြင်ခဲ့မိပါသလား ဟုစောဒကတက်ပြန်တယ်။ ထိုအခါ ဘီလူးကြီးတို့က ရေ၀တီပြုခဲ့သော မကောင်းမှုများကိုထောက်ပြ၏။ လိမ်လည်လှည့်စား သည့် မကောင်းမှုများကြောင့် မစင်ကျင်းကြီးများ၌ နစ်မြုပ်ပြီးပြန်ပေါ်လာပြန်လျင် လက်ပေါ်လျှင် လက်၊ ခြေပေါ်လျင်ခြေ၊ နှာခေါင်း၊နား မည်သည့် အစိတ်အပိုင်း ပေါ်လာသည်ဖြစ်စေ ဖြတ်တောက်ခြင်းခံရဦးမည်။ သုံးဂါဝုတ်ရှိ ကျီးမည်းကြီးများ၏ ထိုးဆိတ်ခြင်းကိုခံရမည်ဟုပြော၏ ။

ရေ၀တီသည် ငိုကြွေး၍တောင်းပန်သော်လည်း သင်ပြုခဲ့သော မကောင်းမှုတွေက ဆွဲခေါ်နေလို့ ငါတို့လည်း သင့်ကိုပြန်ပို့လို့မရတော့ဘူး ဟုပြောပြလေသည်။ သူမ၏ မကောင်းမှုများကို သိမြင်ကာ နောင်ကိုကောင်းမှုကုသိုလ်များပြုလုပ်ပါမည်။ လိမ်လည်လှည့်စားမှုများ မပြုတော့ သီလမြဲပါတော့မည်ဟု ပြောနေစဉ်မှာပဲ မစင်ပုပ် ငရဲသို့ ပစ်ချခြင်းခံရလေတော့၏။ ထို ဂူတငရဲမှာ သူမသည် နှစ်ပေါင်း တစ်ထောင်ခံခဲ့ ရလေသည်။ ဂူတငရဲမှ လွတ်၍လာသောလည်း ဥဿဒငရဲ၌ဆက်လက်ခံရပြန်၏ မကောင်းမှုကုသိုလ်ကံများ ကုန်မှ ထိုငရဲမှ လွတ်ရလေ၏။

ရွှင်လန်းချမ်းမြေ့ကြပါစေ။