“မဆင်မခြင် ပြောမိလို့”
•••••••••••••••••••
မစဉ်းစား၊မဆင်ခြင်ဘဲ စိတ်အလိုလိုက်ပြီး
အရမ်းကာရောပြောမိတဲ့ စကားတွေဟာ ပစ္စုပ္ပန်ဘဝမှာတင်
ဆင်းရဲဒုက္ခတွေကို ဖြစ်စေတာ မဟုတ်ပါဘူး။
ပြောမိတဲ့စကားတွေက လွန်ရင် လွန်သလောက်
သံသရာတစ်လျှောက်လည်း ဆင်းရဲဒုက္ခတွေကို
ဖြစ်စေနိုင်သေးတယ်။
မြတ်စွာဘုရားလက်ထက်က အမ္ဗပါလီထေရီဟာ
ကဿပမြတ်စွာဘုရား လက်ထက်တုန်းက
ဉာဏ်ထက်တဲ့ ဘိက္ခူနီမလေး ဖြစ်ခဲ့တယ်။
တစ်နေ့ ဘိက္ခုနီမတွေ စေတီတော်ကို ပူဇော်ရင်း
လှည့်လည်ကြတဲ့အခါ ရှေ့က ရဟန္တာဘိက္ခုနီမကြီး
တစ်ပါး ချောင်းဟပ်ရင်း ချွဲသလိပ်အနည်းငယ်
စေတီရင်ပြင်ပေါ် ကျသွားတယ်။ ဒါကို
နောက်ကပါလာတဲ့ အမ္ဗပါလီထေရီမရဲ့အလောင်း
ဘိက္ခုနီမလေးကမြင်တော့ မဆင်မခြင်
“ဘယ်ပြည့်တန်ဆာမက ထွေးထားခဲ့လဲ မသိဘူး”
လို့ အပြော ဝစီကံလွန်ခဲ့တယ်။ အဲဒီ ဝစီကံ
အပြောလွန်ခဲ့လို့ပဲ မြတ်စွာဘုရားလက်ထက်မှာ
အမ္ဗပါလီဟာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။
နောက်မှ ရဟန်းမ ပြုပြီး ရဟန္တာ ဖြစ်သွားတာပါ။
နောက်ပြီးတော့ မြတ်စွာဘုရား ကိုယ်တော်တိုင်
ဥရုဝေလတောမှာ ဒုက္ကရစရိယာအကျင့်ကို
ခြောက်နှစ် ကြာအောင် ပင်ပင်ပန်းပန်းကျင့်ပြီး
ဆင်းရဲဒုက္ခ ရောက်ခဲ့ရတာဟာ ဇောတိပါလပုဏ္ဏား
ဘဝတုန်းက မြတ်စွာဘုရားရှင်ကို
‘‘ဤ ဦးပြည်းရဟန်းအား သဗ္ဗညုတဉာဏ်ကို
အဘယ်မှာ ရအံ့နည်း။သဗ္ဗညုတဉာဏ်သည်
လွန်စွာရခဲ၏”လို့ ပြစ်မှား ပြောဆိုခဲ့တဲ့ ဝစီကံစကား
တစ်ခွန်းကြောင့်ပါ။ ဒေါသတွေ၊မာနတွေကြောင့်
မဆင်မခြင်ပြောမိတဲ့ စကားတစ်ခွန်းဟာ အလွန်
ကြောက်စရာကောင်းပါတယ်ဆိုတာ စဉ်းစားစရာ
ဖြစ်ပါတယ်။
“အကောင်းဆုံး ပြောနည်း”
•••••••••••••••••••••••••••••••••••
စကားပြောဆိုခြင်းနှင့် ပတ်သက်လို့ အကောင်းဆုံး
ပြောနည်းကို အနှစ်ချုပ်ပြီး ပြောပါဆိုရင်တော့
မှန်ကန်ပြီး အကျိုးရှိတဲ့စကားမျိုးကို အချိန်အခါကြည့်ပြီး
မေတ္တာစိတ်နှင့် နူးညံ့သိမ်မွေ့စွာ ပြောဆိုတတ်ရမယ်”
ဆိုတဲ့ ဝါစာသုတ္တန်မှာလာတဲ့ အဆုံးအမတော်ကို
ညွှန်ပြရမှာပါ။
ဒါကြောင့် “မှန်ကန်ပြီး အကျိုးရှိတဲ့ စကားမျိုးကို
အချိန်အခါကြည့်ပြီး မေတ္တာစိတ်နှင့် နူးညံ့သိမ်မွေ့စွာ
ပြောဆိုနိုင်ကြပါစေသတည်း”။ ။
-【သစ္စာရွှေစည် ဆရာတော် အရှင်ဥတ္တမ】

No comments:
Post a Comment