“နတ်အဝတ်”
အရှင်ပက္ခမထေရ်ဟာ ရှေးဘုရားရှင်တွေလက်ထက်မှာ ဆုတောင်းခဲ့ပြီး ထိုထိုဘဝတွေမှာ ကောင်းမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒီကမ္ဘာကနေ ၉၁ ကမ္ဘာအထက်မှာ နတ်ဘီလူး စစ်သူကြီး ဖြစ်ခဲ့တယ်။ ဝိပဿီဘုရားရှင်ကို ဖူးတွေ့ရပြီး ကြည်ညိုစိတ်ဖြစ်ကာ နတ်အဝတ်နဲ့ ပူဇော်မှု ပြုခဲ့တယ်။ သူဟာ အဲဒီကောင်းမှုကံကြောင့် နတ်လူဘဝတွေမှာ ကျင်လည်ခဲ့ရတယ်။ ဒီဂေါတမဘုရား ပွင့်တော်မူတဲ့အခါ သက္ကတိုင်း၊ ဒေဝဒဟနိဂုံးက သာကီဝင်မင်းမျိုးမှာ ဖြစ်တယ်။ “သမ္ဗောဒမင်းသား” လို့ အမည်တွင်တယ်။ သူငယ်ရွယ်စဉ်အခါ က လေရောဂါကြောင့်ခြေထောက်တွေ မရွေ့လျားနိုင်တော့ သူဟာ ရက်အနည်းငယ်ဆွံ့ သူလို ဖြစ်သွားတယ်။ ဒါကြောင့် သူဟာ “ပက္ခ”လို့အမည်တွင်တယ်။ နောင် ကျန်းမာလာတဲ့ အခါမှာလည်း ရှေးကအတိုင်း သူ့ကိုသိမှတ်ကြတယ်။ သူဟာ ဘုရားရှင်ရဲ့ ဆွေမျိုးတွေ အစည်းအဝေးမှာ တန်ခိုးကို မြင်ရပြီး ကြည်ညိုကာ ရဟန်းဝတ်လာတယ်။ ကြိုတင်ပြုလုပ် စရာကိစ္စတွေကို ပြုလုပ်ပြီး ကမ္မဋ္ဌာန်းကိုယူကာ တောမှာ နေတယ်။ တစ်နေ့မှာ ရွာထဲဆွမ်းခံဝင်ဖို့ သွားတဲ့အခါ လမ်းခရီးအကြားက သစ်ပင်အောက်မှာ ထိုင်တယ်။ အဲဒီအခါမှာ စွန်တစ်ကောင်က အသားတစ်ကိုယူပြီး ကောင်းကင် ခရီးနဲ့သွားတယ်။ အဲဒီစွန်ကို စွန်များစွာက နောက်ကလိုက်ပြီး အသားတစ် လွှတ်ချအောင် လုပ်ကြယ်။ ကျလာတဲ့အသားတစ်ကို စွန်တစ်ကောင်က ဖမ်းယူတယ်။ အဲဒီအသားတစ်ကို အခြားစွန်တစ်ကောင်ကာ လုပြီးပြန်ယူတယ်။ အဲဒီမြင်ကွင်းကို မြင်ရပြီး မထေရ်က “အဲဒီအသားတစ်လိုပါပဲ ကာမဂုဏ်တွေ ဆိုတာ အများနဲ့ ဆက်ဆံတယ်။ ဒုက္ခများတယ်။ ပြင်းစွာ ပူပန်ရမှုများတယ်”လို့ ကာမဂုဏ်တွေမှာ အပြစ်ကိုရော၊ ကာမမှ ထွက်မြောက်မှုရဲ့အကျိုးကိုပါ ဆင်ခြင်တယ်။ ဝိပဿနာ ပွားတယ်။ အနိစ္စစသည်ဖြင့် နှလုံးသွင်းရင်း ဆွမ်းခံလှည့်တယ်။ ဆွမ်းကိစ္စပြီးတဲ့အခါနေ့အခါ နေရာအရပ်မှာ ထိုင်ပြီး ဝိပဿနာပွားကာ ရဟန္တာဖြစ်သွားပါတယ်။
【ထေရဂါထာ၊ ဋ္ဌ၊ ပ၊ ၁၈၀】
အပဒါနအဋ္ဌကထာ ဒုတိယတွဲ စာမျက်နှာ ၁၂၈ မှာတော့ အဲဒီမထေရ်အကြောင်းကို ဒီလိုလည်းပြဆိုထားပါ သေးတယ်။ အဲဒီအပဒါနမှာ ဒီမထေရ်ဟာ “မဟာပရိဝါရက မထေရ်” လို့အမည်တွင်ပါတယ်။ ဒီမထေရ်ဟာ ရှေးဘုရားရှင်တွေ လက်ထက်မှာ ထိုထိုဘဝတွေမှာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုတွေကို ဆည်းပူးခဲ့တယ်။ ဝိပဿီဘုရားရှင် ပွင့်တော်မူတဲ့အခါ “နတ်ဘီလူးမျိုး” မှာဖြစ်တယ်။ နတ်ဘီလူး သိန်းပေါင်းများစွာ အခြံအရံရှိတယ်။ ကျွန်းငယ်တစ်ခုမှာ နတ်ချမ်းသာကို ခံစားရင်း နေတယ်။ အဲဒီကျွန်းမှာလည်း စေတီတွေနဲ့ တင့်တယ်တဲ့ကျောင်းရှိတယ်။ အဲဒီကျောင်းကို ဘုရားရှင် ကြွသွားတယ်။ အဲဒီအခါ အဲဒီနတ်ဘီလူး စစ်သူကြီးက အဲဒီ ဝိပဿီဘုရားရှင် အဲဒီကျောင်းကြွလာတာကို မြင်ရတယ်။ နတ်အဝတ်တွေကို ယူပြီးသွားတယ်။ ဘုရားရှင် ရှိခိုးပြီး နတ်အဝတ်တွေနဲ့ ပူဇော်တယ်။ အခြံအရံပရိသတ် နဲ့အတူတကွ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တယ်။ အဲဒီနတ်ဘီလူး စစ်သူကြီးဟာ အဲဒီကောင်းမှုကံကြောင့် အဲဒီဘဝမှ စုတေပြီး၊ နတ်ပြည်မှာဖြစ်တယ်။ အဲဒီနတ်ပြည်မှာနတ်ချမ်းသာကို ခံစားပြီး အဲဒီဘဝမှ စုတေတယ်။ လူ့ဘဝမှာ စကြဝတေးမင်းမြတ် အဖြစ်စတဲ့ ချမ်းသာကို ခံစားရတယ်။ နောင်အခါ ဒီဂေါတမ ဘုရားပွင့်တော်မူတဲ့အခါ အမျိုးကောင်းအိမ်မှာ ဖြစ်တယ်။ တတ်သိနားလည်တဲ့ အရွယ်ရောက်တဲ့အခါ ဘုရားရှင် အပေါ်ကြည်ညိုပြီး ရဟန်းပြုတယ်။ မကြာခင်ပဲ ရဟန္တာဖြစ်သွား တယ်။ သူက နောင်အခါမှာ သူ့ရဲ့ရှေးကံကို အမှတ်ရပြီး ဝမ်းသာလို့ ရှေးကပြုလုပ်ခဲ့တဲ့ အကျင့် အကြောင်းကို ဒီလိုထင်ရှားဖော်ပြ ပါတယ်။

【အပဒါန၊ဋ္ဌ၊ဒု၊၁၂၈】
လူတွေရဲ့ အကြီးအမှူးဖြစ်ပြီး လူတွေထက် မြတ်တဲ့ ဝိပဿီဘုရားရှင်ဟာ ရဟန်းပေါင်း ၆၈,ဝ၀ဝ နဲ့အတူ အဲဒီ အခါ ဗန္ဓုမပြည်ကို ဝင်တော်မူတယ်။ ကိလေသာ မြူကင်းလို့ လှူဖွယ်ပစ္စည်းတွေကို ခံယူထိုက်တဲ့ ဘုရားရှင် မြို့မှထွက်ကာ ကျွန်းစေတီကျောင်းကို ကြွစဉ် ငါမြင်ခဲ့ရတယ်။ တာဝတိံသာ နတ်အပေါင်းတွေက သိကြားမင်းကို ဆည်းကပ် ခစားသလို နတ်ဘီလူးပေါင်း ၈၄,ဝ၀ဝ က ငါ့ရဲ့အထံမှာ ရိုသေစွာ ဆည်းကပ် ခစားကြတယ်။ အဲဒီအခါ ငါက ဘုံဗိမာန်မှ ထွက်ပြီး အပေါ်ရုံ အဝတ်ကို မြှောက်ချီကာ ဦးခေါင်းနဲ့ရှိခိုးတယ်။ အဲဒီအပေါ်ရုံအဝတ်ကိုလည်း မြတ်စွာဘုရားအား လှူလိုက်ပါတယ်။ ဘုရားရှင်ဟာ အံ့ဩဖွယ်ကောင်းပါပေစွ။ တရားတော်ဟာ အံ့ဩဖွယ်ကောင်း ပါပေစွ။ ငါတို့မှာ ဘုရားရှင်ရဲ့ ပြည့်စုံမှုဟာ အံ့ဩဖွယ်ကောင်း ပါပေစွ။ ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ဒီမြေကြီးဟာ တုန်လှုပ်ရပါတယ်။ ကြက်သီးမွေးညင်း ထလောက်အောင် မဖြစ်စဖူး ထူးကဲတဲ့ အံ့ဩဖွယ်ကို မြင်တွေ့ လို့ ငါဟာ အခြေနှစ်ချောင်း ရှိသူ နတ်လူတွေကို အစိုးရပြီး ကောင်းဆိုးလောကဓံ ကြောင့် မတုန်လှုပ်တဲ့ ဘုရားရှင်အပေါ် ကြည်ညိုစိတ်ဖြစ်ခဲ့ပါတယ်။ အဲဒီငါဟာ ကြည်ညိုစိတ်ဖြစ်ပြီး၊ ဘုရားရှင်အား အပေါ်ရုံ အဝတ်ကို လှူခဲ့ပါတယ်။ မှူးမတ်အခြံအရံပရိသတ်နဲ့တကွ ငါဟာ ရတနာသုံးပါး ကိုလည်း ဆည်းကပ် ကိုးကွယ်ခဲ့ပါတယ်။ ဒီဘဒ္ဒကမ္ဘာမှ ၉၁ ကမ္ဘာအထက်မှ ပူဇော်မှုပြုခဲ့တဲ့ အချိန်ကစပြီး အပါယ်လေးပါးရောက်ရတာကို မသိခဲ့ရပါ။ ဒီအကျိုးဟာ ဘုရားရှင်ကို အဝတ်နဲ့ ပူဇော်ရခြင်းရဲ့အကျိုးပါပဲ။ ဒီဘဒ္ဒကမ္ဘာမှ ၁၅ ကမ္ဘာအထက်မှာ “သုဝါဟန” မည်တဲ့ စကြဝတေးမင်းတွေ ၁၆ ကြိမ် ဖြစ်ခဲ့ပါတယ်။ အဲဒီ စကြဝတေးမင်းတွေဟာ ရတနာ ၇ ပါးနဲ့ပြည့်စုံတယ်။ ဗိုလ်ပါအင်အားများကြတယ်။ ပဋိသမ္ဘိဒါ ၄ ပါး၊ ဝိမောက္ခ ၈ ပါး၊ အဘိညာဉ် ၆ ပါးတို့ကို ငါဟာ မျက်မှောက်ပြုပြီးပြီ။ ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးပြီးပြီ။ အရှင်မဟာပရိဝါရကမထေရ်က အထက်ပါ စကားတွေကို အဲဒီလို မိန့်ကြားခဲ့ပါတယ်။
【အပဒါနပါဠိ၊ ပ၊ ၁၆၁】
ဘီလူးက အဝတ်လှူအပြီး မြေကြီးတုန်လှုပ်ခဲ့တဲ့ ထူးဆန်းမှုက ဘီလူးရဲ့ ကြည်ညိုစိတ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဝတ်အလှူကြောင့် ၉၁ ကမ္ဘာတိုင်တိုင် အပါယ်မလား ရတာဟာ အားရစရာပါပဲ။
၁၅ ကမ္ဘာမှာ စကြဝတေးမင်း ၁၆ ကြိမ် ဖြစ်ရတာဟာလည်း အားရစရာပါပဲ။ နိုင်ငံ့ခေါင်းဆောင် စတဲ့အကြီးအကဲ ဘဝကို ရလိုသူတွေဟာ နတ်ဘီလူး စစ်သူကြီးရဲ့ အဝတ်အလှူ ကို အားကျကာ အတုယူပြုလုပ်သင့်ကြပါတယ်။
သာမဏေကျော်ဆရာတော်
ဦးဓမ္မိကာလင်္ကာရာဘိဝံသ- သာမဏေကျော် မဟာဂန္ဓာရုံကျောင်းတိုက်

No comments:
Post a Comment