Search This Blog

ကမ္မဝါဒီ

ကမ္မဝါဒီ

Saturday, June 4, 2016

နိဗ္ဗာန်​​ရောက်​ချင်​ရင်​ သံ​ယောဇဉ်​ကိုစွန့်

နိဗ္ဗာန်ရောက်ချင်ရင် သံယောဇဉ်ကိုစွန့်
~~~~~~~~~~~~~~~~~~~~

လူသည် သံယောဇဉ်ကို မစွန့် သမျှ နတ်ပြည်သို့ရောက်နိုင်သော် လည်း နိဗ္ဗာန်သို့မရောက်နိုင်ပါ။
သံယောဇဉ်ကိုစွန့်မှသာ နိဗ္ဗာန် သို့ရောက်နိုင်ပါသည်။
သံယောဇဉ်တရားများသည် နာမ်တရားများ ဖြစ်၍ ဟဒယဝတ္ထု နှလုံးသားတွင် နေရာယူ၍ဖြစ်ကြပါ သည်။ ကမ္မဋ္ဌာန်းအာရုံ တစ်ခုခုကို သတိ ဝီရိယ ဥာဏ်ပညာဖြင့် စူးစူး စိုက်စိုက် ရှုမှတ်ကြည့်ပါ။ ထိုသတိ ဝီရိယ ဥာဏ်ပညာတရားများသည် လည်း နာမ်တရားများဖြစ်၍ ဟဒယ ဝတ္ထုနှလုံးသား၌ နေရာယူ၍ ဖြစ်ကြပါသည်။
နာမ်တရားများ၏သဘောမှာ တစ်ပြိုင်နက် နှစ်မျိုး မဖြစ်နိုင်ပါ။ တစ်ခုဖြစ်လျှင် တစ်ခုချုပ်နေပါ၏။ တစ်ခုချုပ်မှသာ တစ်ခုဖြစ်ပါသည်။သတိ ဝီရိယ ဥာဏ်ပညာ(မဂ္ဂင်) တရားများ ဟဒယနှလုံးသားတွင် နေရာယူခိုက် လူ့ခန္ဓာတွင်သံယောဇဉ် တရားများ စွန့်နေပါသည်။ ထိုအချိန် သည် တဒင်္ဂအားဖြင့် နိဗ္ဗာန် ရောက်နေခြင်းပင်ဖြစ်ပါသည်။

ကုမာရကဿပမယ်တော်
ရာဇဂြိုဟ်မြို့၌ သူဌေးသမီး တစ်ဦးရှိ၏။ အရွယ်ရောက်သော အခါ အိမ်ထောင်သားမွေးမပြုလုပ် လိုချေ။သာသနာ့ဘောင်ဝင်ရောက် ပြီး ရဟန်းမအဖြစ် ပြုလိုစိတ်ရှိ၏။ မိဘများထံ ခွင့်ပန်သော်လည်း ခွင့် မပြုချေ။မိဘများကအရွယ်မနှောင်း ခင် အိမ်ထောင်ချပေးလိုက်လေ၏။
ထိုသူဌေးသမီးသည် အိမ် ထောင်ရက်သားကျသွားသော်လည်း ရဟန်းမ ဖြစ်လိုစိတ် ရှိနေသူဖြစ်နေ လေသည်။ ထိုသို့အိမ်ထောင်ကျ ပြီးမှ အခွင့်သာသောတစ်နေ့တွင် လင် ယောကျာ်းထံ ခွင့်ပန်သောအခါ ခွင့်ပြုချက်ရလေတော့၏။
သို့ဖြင့် ဒေဝဒတ်ဂိုဏ်းအဖွဲ့ အစည်း၌ရဟန်းမအဖြစ်ပြုလေ၏။ လူ့ဘဝတွင် ကိုယ်ဝန် ရှိခဲ့ခြင်းကို မသိခဲ့ရှာသော ထိုရဟန်းမသည် ရဟန်းမအဖြစ်သို့ရောက်ပြီး မကြာမီ မှာပင် ကိုယ်ဝန်ပေါ်လာတော့၏။ဒေဝဒတ်က မစူးစမ်းမဆင်ခြင်ဘဲ လူဝတ်လဲရမည်ဆိုသဖြင့် မြတ်စွာ ဘုရားရှင်ထံသို့ ရောက်ရှိသွားလေ သည်။
မြတ်စွာဘုရားရှင်သည် ရဟန်းမ၏ကိုယ်ဝန်မှာ လူ့ဘဝက ပါလာသောကိုယ်ဝန်ဖြစ်သည်ကို သိတော်မူသော်လည်း အများသူငါ လက်ခံယုံကြည်စေရန် ကောသလ မင်းကြီးနှင့်တကွ အနာထပိဏ် သူဌေး၊ ဝိသာခါကျောင်းအမ စသည့် ထင်ရှားသော ပုဂ္ဂိုလ်များကို ခေါ်ယူ စည်းဝေးစုံစမ်းစေ၍ ဝိနည်းဥပဒေ၌ ဧတဒဂ်ရသူ အရှင်ဥပါလိကို ဆုံးဖြတ်စေ၏။ လူ့ဘဝက ပါလာ သော ကိုယ်ဝန်ဖြစ်၍ ရဟန်းမ ဘဝဖြင့်ပင် ကလေးမွေးစေ၏။ ထိုရဟန်းမက မွေးသည့်ကလေးမှာ သားယောကျာ်းလေးဖြစ်၏။
ထိုကလေးကို ကောသလ မင်းကြီးကမွေးစား၍ နန်းတော်တွင်း ၌ ကြီးပြင်းစေ၏။ အမည်မှာကုမာရ ကဿပဟု အမည်တွင်၏။ ထို သူငယ် ခုနစ်နှစ်သားအရွယ်၌ သာသနာ့ဘောင် ဝင်ရောက်၍ ရှင်သာမဏေပြု၏။ တစ်နေ့တွင် ဇေတဝန်ကျောင်းအနောက်ဘက်၌ ရှိသော အန္ဓဝန်တောအုပ်အတွင်း တရားအားထုတ်နေစဉ် ကဿပ ဘုရားရှင်လက်ထက်က တရား အားထုတ်ဖက်ဖြစ်၍ သုဒ္ဓါဝါသဘုံ၌ ဖြစ်နေသူ အနာဂါမ်အရိယာ ဗြဟ္မာ ကြီးလာရောက်ပြောပြသောတောင်ပို့ ဥပမာ၊ ဝမ္မိကသုတ်ဒေသနာ (ဗြဟ္မာပြောသော ပုံပြင်) ဖြင့် ကုမာရ ကဿပသည် ရဟန္တာအဖြစ်သို့ ရောက်ရှိလေ၏။
ထိုသို့ရဟန္တာဖြစ်သည့်အချိန် တွင် အရှင်ကုမာရကဿပသည် အသက် (၁၂)နှစ်အရွယ် ရှိနေပြီ ဖြစ်၍ အရှင်ကုမာရကဿပသည် ရဟန္တာဖြစ်သွားသော်လည်း မယ်တော်ကြီး (ရဟန်းမ)သည် ကုမာရကဿပကို မွေးဖွားပြီးချိန်မှ စ၍ ခွဲခွာနေရသည့် (၁၂)နှစ်လုံးလုံး သားစိတ် သားသံယောဇဉ်ကို မစွန့် နိုင်သဖြင့် တရားအလုပ်ကို မလုပ် နိုင်။ တမှိုင်မှိုင်တတွေတွေနှင့် နေ့နေ့ ညညပင် မျက်ရည်နှင့်မျက်ခွက် ဖြစ်နေရလေ၏။
တစ်နေ့တွင် ဆွမ်းခြွံကလာ သော အရှင်ကုမာရကဿပကို အဝေးမှ လှမ်းမြင်လိုက်ရသဖြင့် မယ်တော်ကြီး(ရဟန်းမ)သည်အပြေး အလွှားလိုက်၏။ ခလုတ်တိုက်မိပြီး ဟပ်ထိုးလဲကျသွား၏။ ကပျာကယာ ပြန်ထပြီး ဖုန်ခါ ချွေးသံရွှဲရွှဲဖြင့် အပြေးအလွှားလိုက်ပြန်၏။
ထိုသို့ဖြစ်နေသည်ကို အရှင် ကုမာရကဿပ သိတော်မူ၏။ မယ်တော်ကြီးကိုကြည်ကြည်သာသာ ဆက်ဆံလိုက်လျှင် သားသံယောဇဉ် ကို စွန့်မည်မဟုတ်။ မည်သို့မျှ နိဗ္ဗာန် မရောက်နိုင်။မာမာထန်ထန် ဆက်ဆံ မှသာလျှင် သားသံယောဇဉ်ကိုစွန့်ပြီး နိဗ္ဗာန်ရောက်နိုင်မည်ကို သိတော် မူသောကြောင့် အနီးသို့ ရောက်လာ သောမယ်တော်ကြီးကို-
"ခင်ဗျားကြီး ပျာယိပျာယာနဲ့ ဘာဖြစ်နေတာလဲ၊ ခင်ဗျားကြီးပဲ နိဗ္ဗာန်လိုချင်တယ်ဆိုပြီး သာသနာ့ ဘောင်ဝင်လို့ ရဟန်းမ ဝတ်ပြီးတော့ မှ ဒီသံယောဇဉ်လေးကို မဖြတ်နိုင်ဘူးလား"ဟု ခပ်မာမာပြောလိုက်၏။
သားဖြစ်သူက သူထင်သလို ကြည်ကြည်သာသာမဟုတ်၊ မာမာ ထန်ထန်ပြောဆိုခံရသောမယ်တော် ကြီးသည် ချစ်စိတ်ကို နာစိတ်နှင့် ဖျောက်သလို အရှင်ကုမာရကဿပ အပေါ် ချစ်စိတ်သံယောဇဉ်တွေ ပျောက်ကုန်တော့၏။
"ငါ့သား၊ မင်းက မာလှချည် လား၊ ငါ့မှာတော့ (၁၂)နှစ်လုံးလုံး မင်းစိတ်မင်းသံယောဇဉ်နဲ့ တရား အလုပ်မလုပ်နိုင်၊တမှိုင်မှိုင်တတွေတွေ ဖြစ်ပြီး နေ့စဉ်မျက်ရည်နဲ့မျက်ခွက် ဖြစ်ခဲ့ရတယ်။ မင်းက အမေဆိုတဲ့ မိခင်တစ်ယောက်ကို ဂါရဝေါစ တရားမထားဘဲ ကြည်ကြည်သာသာ မပြောဆိုဘူး၊ မာမာထန်ထန် ပြော ရက်တယ်။ ဒီနေ့ကစပြီး မင်းလို သားတစ်ယောက်အတွက်နဲ့ အမေ့ မျက်ရည် ဘယ်တော့မှအကျမခံ တော့ဘူး"
ထိုသို့ပြောဆိုလျက် မယ်တော်ကြီးသည် ကျောင်းသို့ပြန်လာပြီး ကမ္မဋ္ဌာန်းဆောင်အတွင်းသို့ ဝင်၍ သတိ ဝီရိယ ဥာဏ်ပညာဖြင့် ခန္ဓာ အရှိနှင့် ဥာဏ်အသိကိုက်ညီစေရန် ရှုမှတ်လိုက်သည့်အတွက် ထိုနေ့မှာ ပင် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ ဆိုက်ရောက်တော့၏။
မိမိတို့ကို (၃၁)ဘုံဘဝသံသရာမှ လွတ်ထွက်မသွားအောင် ချည်နှောင် တတ်သည့် သံယောဇဉ်ကြိုးများကို ဖြတ်နိုင်အောင် ကြိုးစားအားထုတ် ကြစေလိုပါသည်။

ဗြဟ္မာပြောသောပုံပြင်(ဝမ္မိကသုတ်)
သာဝတ္ထိမြို့ ဇေတဝန်ကျောင်း အနောက်ဘက်ရှိ အန္ဓဝန်တောအုပ် ၌ အရှင်ကုမာရကဿပ တရား အားထုတ်နေစဉ် သုဒ္ဓါဝါသဘုံ၌ဖြစ် နေသူ အနာဂါမ်အရိယာဗြဟ္မာကြီး လာရောက်ပြောပြသော တောင်ပို့ ဥပမာပြ ဝမ္မိကသုတ်ဒေသနာ(ဗြဟ္မာ ပြောသောပုံပြင်)ဖြစ်သည်။

အတိတ်ဇာတ်လမ်း
ကဿပဘုရားရှင် သာသနာ တော်နောက်ပိုင်းကာလ၌ ရဟန်း တော် (၅) ပါးတို့သည် တောင်ထိပ် တစ်ခုပေါ်သို့ လှေကားထောင်၍ တက်ခဲ့ကြ၏။တောင်ထိပ်သို့ရောက် ပြီးသောအခါ လှေကားကို ဖြုတ်ချ လိုက်ပြီး ကိုယ်နှင့် အသက်ကိုပင် မငဲ့ကွက်ဘဲ တရား အားထုတ်ကြ၏။ သုံးရက်မြောက်နေ့တွင် အကြီး ဆုံးမထေရ်သည် ရဟန္တာ ဖြစ်၍ ဈာန်အဘိညာဉ်ဖြင့် မြောက်ကျွန်း သို့ဆွမ်းခြွံကတော်မူပြီး ကျန် ရဟန်း တော် (၄) ပါးအား ဆွမ်းအလုပ် အကျွေးပြုတော်မူ၏။ သို့သော် ထို ရဟန်းတော် (၄)ပါးတို့က ကိုယ့် အစွမ်းအစဖြင့် ဈာန်ြွကပြီးမှ ဆွမ်း ဘုဉ်းပေးမည်၊သူတစ်ပါးခံကျွေးသော ဆွမ်းကို မဘုဉ်းပေးလိုဟု ငြင်းပယ် ကြလေ၏။
ထိုသို့ တရားအားထုတ်ရင်း (၄)ရက်မြောက်နေ့တွင် ဒုတိယ အကြီးဆုံး မထေရ်မှာလည်း အနာဂါမ်ဖြစ်၍ ဈာန်အဘိညာဉ်ဖြင့် မြောက်ကျွန်းသို့ ဆွမ်းခံကြွတော်မူပြီး ကျန် ရဟန်းတော်(၃)ပါးအား ဆွမ်းအလုပ်အကျွေးပြုတော်မူ၏။ ထိုရဟန်းတော်(၃)ပါးတို့က ကိုယ့် အစွမ်းအစဖြင့်ဈာန်ကြွပြီးမှဆွမ်းခံ၍ ဘုဉ်းပေးမည်။ သူတစ်ပါးခံကျွေး သော ဆွမ်းကို မဘုဉ်းပေးလိုဟု ငြင်းပယ်ကြလေ၏။
ထိုရဟန်းတော် (၃) ပါးတို့သည် ထမင်းအသက် (၇) ရက်ဆိုရိုးစကား အတိုင်း (၇)ရက်မြောက် နေ့တွင် တရားအားထုတ်ရင်း ပျံလွန်တော်မူ ကြလေ၏။ တရားအားထုတ်ရင်းမှ ပျံလွန်တော်မူကြသည့်အတွက်နတ်ဘုံ ၌ ဖြစ်ကြရလေသည်။
ရဟန္တာဖြစ်သော အကြီးဆုံး မထေရ်သည် အသက်အပိုင်းအခြား အတိုင်းနေပြီးနောက် ခန္ဓာချုပ်ငြိမ်း လျက် ပရိနိဗ္ဗာန် စံဝင်တော်မူသွား လေသည်။ အနာဂါမ်ဖြစ်သော ဒုတိယမထေရ်သည်လည်း အသက် အပိုင်းအခြားအတိုင်းနေပြီးနောက် ပျံလွန်တော်မူသောအခါ သုဒ္ဓါဝါသ ဘုံ၌ အနာဂါမ်ဗြဟ္မာဖြစ်လေသည်။ တောင်ထိပ်ပေါ်၌ တရားအားထုတ် ဖက်ဖြစ်ခဲ့ကြသောရဟန်းတော်(၃)ပါး တို့အား ကူညီရန်အတွက် အနာဂါမ် ဗြဟ္မာကြီးသည် အမြဲမပြတ် ကြည့်ရှု နေလေ့ရှိ၏။
ဂေါတမဘုရားရှင်လက်ထက် သို့ ရောက်သောအခါ တောင်ထိပ် ပေါ်၌ တရားအားထုတ်ဖက် ဖြစ်ခဲ့ ကြသော ရဟန်းတော် (၃)ပါးတို့ သည် -
၁။ တက္ကသိုလ်ပြည်၌ ပက္ကုသာတိမင်း၊
၂။ ဗာဟိယတိုင်း၌ ဗာဟိယ
ဒါရုစီရိယ၊
၃။ ရာဇဂြိုဟ်မြို့၌ ကုမာရကဿပ ဟူ၍ဖြစ်လာကြလေ၏။
တစ်နေ့တွင် အရှင်ကုမာရ ကဿပသည် သာဝတ္ထိမြို့ ဇေတဝန် ကျောင်းအနောက်ဘက်ရှိ အန္ဓဝန် တောအုပ်တစ်နေရာ၌ တရား ထိုင်နေစဉ် တောင်ထိပ်ပေါ်၌တရား အားထုတ်ဖက်ဖြစ်ခဲ့သော သုဒ္ဓါဝါသ ဘုံမှ အနာဂါမ်ဗြဟ္မာကြီးလာရောက် ၍ ပုံပြင်ဆန်ဆန်တရားနှင့်ဆက်စပ် သော ပြဿနာ(၁၅)ချက်ကို လျှောက်ထား ပြောပြလေ၏။

ပြဿနာ (၁၅)ချက် ဓမ္မပုံပြင်
အရှင်ကုမာရကဿပဘုရား၊ ရှေးအခါက ထူးထူးဆန်းဆန်း တောင်ပို့ကြီးတစ်ခုရှိတယ် ဘုရား။ အဲဒီ တောင်ပို့ကြီးဟာ ညအခါကျ ရင် အခိုးတလူလူထွက်နေပြီး နေ့ အခါကျရင် မီးဟုန်းဟုန်းထတောက် ပါတယ် ဘုရား။ အဲဒီတောင်ပို့ကြီး ကို ဗြာဟ္မဏဆရာကြီးနဲ့တပည့်များ က တွေ့လို့ ဗြာဟ္မဏဆရာကြီးက လိမ္မာတဲ့ တပည့်တစ်ယောက်ကို ပေါက်တူးနဲ့အတူးခိုင်းပါတယ်ဘုရား၊ လိမ္မာသောတပည့်က ပေါက်တူးနဲ့ တောင်ပို့ကြီးကို ကြိုးစားတူးလိုက် တဲ့အခါ တံခါးကျည်မင်းတုံးကိုတွေ့ လို့ ဘာဆက်လုပ်ရမလဲဆိုတာ ဗြာဟ္မဏဆရာကြီးကို မေးပါတယ် ဘုရား၊တံခါးကျည်မင်းတုံးကိုဖယ်ရှား ပြီး ဆက်လက်တူးဖို့ ဗြာဟ္မဏ ဆရာကြီးက ခိုင်းပါတယ်။
လိမ္မာသောတပည့်က ဆက် တူးတဲ့အခါ ဖားပွတစ်ကောင်ကိုတွေ့ တော့ ဘာဆက်လုပ်ရမလဲဆိုတာ ဗြာဟ္မဏဆရာကြီးကို မေးပါတယ် ဘုရား၊ဖားပွကိုဖယ်ရှားပြီးဆက်လက် တူးဖို့ ဗြာဟ္မဏဆရာကြီးက ခိုင်းပါ တယ်၊လိမ္မာသောတပည့်ကဆက်တူး တဲ့အခါ လမ်းနှစ်ဖြာကို တွေ့ရတဲ့ အတွက် ဘာဆက်လုပ်ရမလဲလို့ ဗြာဟ္မဏဆရာကြီးကိုမေးပါတယ်။ လမ်းနှစ်ဖြာကိုဖယ်ရှားပြီးဆက်လက် တူးဖို့ ဗြာဟ္မဏဆရာကြီးက ခိုင်းပါ တယ်ဘုရား၊ လိမ္မာသော တပည့်က ဆက်တူးတော့ ရေစစ်ကို တွေ့တာ ကြောင့် ဘာဆက်လုပ်ရမလဲလို့ ဗြာဟ္မဏဆရာကြီးကို မေးပါတယ် ဘုရား၊ ရေစစ်ကို ဖယ်ရှားပြီး ဆက်လက်တူးဖို့ ဗြာဟ္မဏဆရာကြီး က ခိုင်းပါတယ်ဘုရား။
လိမ္မာသောတပည့်က ဆက် တူးတဲ့အခါ လိပ်ကိုတွေ့ရလို့ ဘာ ဆက်လုပ်ရမလဲဆိုတာ ဗြာဟ္မဏ ဆရာကြီးကို မေးပါတယ်ဘုရား၊ လိပ်ကိုဖယ်ရှားပြီး ဆက်တူးဖို့ ဗြာဟ္မဏဆရာကြီးက ခိုင်းပါတယ်။လိမ္မာသောတပည့်က ဆက်တူးတော့ စဉ်းတီတုံးနဲ့ဓားကို တွေ့ရလို့ ဘာ ဆက်လုပ်ရမလဲလို့ ဗြာဟ္မဏဆရာ ကြီးကိုမေးပါတယ် ဘုရား၊စဉ်းတီတုံး နဲ့ ဓားကိုဖယ်ရှားပြီး ဆက်လက် တူးဖို့ ဗြာဟ္မဏဆရာကြီးက ခိုင်းပါ တယ် ဘုရား၊ လိမ္မာသောတပည့်က ဆက်တူးတဲ့အခါ အသားတုံးကို တွေ့လို့ ဘာဆက်လုပ်ရမလဲဆိုတာ ဗြာဟ္မဏဆရာကြီးကို မေးပါတယ် ဘုရား၊ အသားတုံးကို ဖယ်ရှားပြီး ဆက်လက်တူးဖို့ ဗြာဟ္မဏဆရာကြီး က ခိုင်းပါတယ် ဘုရား။
လိမ္မာသောတပည့်က ဆက် တူးတဲ့အခါ လည်ရေးသုံးရစ်နဲ့ြွေမ နဂါးကိုတွေ့လို့ ဘာဆက်လုပ်ရ မလဲလို့ ဗြာဟ္မဏဆရာကြီးကို မေးပါတယ်ဘုရား၊လည်ရေးသုံးရစ်နဲ့ြွေမနဂါးကိုတွေ့ရင် တူးခြင်းကိစ္စပြီး ပြီ၊ ရပ်လိုက်တော့ မြွေနဂါးကိုထိုင်ပြီး ဦးချကန်တော့လို့ ဗြာဟ္မဏ ဆရာကြီးက ပြောပါတယ်ဘုရား။
အရှင်ကုမာရကဿပဘုရား၊ ဒီဓမ္မပုံပြင်မှာပါတဲ့ ပြဿနာ (၁၅) ချက်ကို ဗုဒ္ဓဘုရားရှင်အားလျှောက် ထားမေးမြန်းပါ ဘုရား၊ ဗုဒ္ဓဘုရား ရှင်ဖြေကြားတော်မူတဲ့အတိုင်း မှတ် ထားပြီး လိုက်နာကျင့်ကြံပွားများပါ ဘုရား။ အရှင်ဘုရား လိုချင်ရချင် နေတဲ့ မဂ်ဥာဏ်ဖိုလ်ဥာဏ်များ လျင်လျင်မြန်မြန် ရပါလိမ့်မယ် ဘုရားဟု လျှောက်ထားပြီး ပျောက်ကွယ်သွားတော့၏။
(မူလပဏ္ဏာသပါဠိတော်၊
ဝမ္မိကသုတ်)

ပြဿနာ (၁၅)ချက်အဖြေ
၁။ တောင်ပို့ - ခန္ဓာကိုယ်
၂။ ညမှာအခိုးထွက် - အိပ်မပျော်ခင် နဖူးပေါ်လက်တင်စဉ်းစား
၃။ နေ့မှာ မီးတောက် - ညက စဉ်းစားထားသည့်အတိုင်း နေ့မှာ ပြောဆိုပြုလုပ်၊
၎။ ဗြာဟ္မဏဆရာကြီး - မြတ်စွာ ဘုရား
၅။ လိမ္မာသောတပည့် - တရားအားထုတ်သူယောဂီ
၆။ ပေါက်တူး -ဝိပဿနာဥာဏ်ပညာ
၇။ ကြိုးစားတူး-အရိုးကြေကြေအရေခန်းခန်းရှုမှတ်နေမှု၊
၈။ တံခါးကျည်မင်းတုံး-ရုပ်နာမ် ဖြစ်ပျက် မမြင်အောင်ပိတ်ကာမှု အဝိဇ္ဇာ။
၉။ ဖားပွ - တရားမမြင်၍
စိတ်ပျက်မှုဒေါသ။
၁၀။ လမ်းနှစ်ဖြာ-တရားဟုတ်လေသလား၊ တရား မဟုတ်လေ သလားဟု ယုံမှားမှုဝိစိကိစ္ဆာ
၁၁။ ရေစစ်-ရေစစ်မှာ ရေ မတင်ကျန်သလို တရားရေ မတင် ကျန်အောင် စစ်ချသော နီဝရဏငါးပါး။
၁၂။ လိပ် - လိပ်တွင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်၊ ခေါင်းအားဖြင့် အစိတ်အပိုင်းငါးခု ရှိသလို တရားအားထုတ်ရာ၌ ရှုမှတ်ရမည့် အစိတ်အပိုင်းခန္ဓာငါးပါး။
၁၃။ စဉ်းတီတုံးနှင့်ဓား - လိုချင်စရာ အာရုံများသည် စဉ်းတီ တုံး၊ လိုချင်နေသော လောဘသည် ဓား၊သတ္တဝါတွေကို နေ့စဉ် ပါးပါးလှီးနေသည်။
၁၄။ အသားတုံး-ကိုယ့်ဘဝကိုယ် နှစ်သက်မှု နန္ဒီရာဂ၊
၁၅။ လည်ရေးသုံးရစ်မြွေနဂါး - အဓိသီလ၊ အဓိသမာဓိ၊ အဓိပညာ၊ မဂ္ဂင်သုံးပါး အထွတ်အထိပ်ရောက်သူ ရဟန္တာပုဂ္ဂိုလ်
အရှင် ကုမာရကဿပသည် ဗြာဟ္မာကြီးပြောပြသောဓမ္မပုံပြင်ပါ ပြဿနာ(၁၅)ချက်တရားလုပ်ငန်းစဉ် ကိုဗုဒ္ဓဘုရားရှင်ဖြေကြားသည့်အတိုင်း မှတ်သား၍ လိုက်နာကျင့်ကြံ ပွားများအားထုတ်သောကြောင့် ကိလေသာအာသဝေါကင်းကွာသည့် ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားလေသတည်း။

Credit: ဥက္ကလာမြင့်သန်းအောင်

No comments:

Post a Comment