ပံ့သကူ သင်္ကန်းနဲ့ ပံ့သကူမထေရ်
~~~~~~~~~~~~~~~~~~~
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ပံ့သကူသင်္ကန်းကိုသာ
ဝတ်ရုံလေ့ရှိတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။
မထေရ်ကိုလည်း “ပံ့သကူမထေရ်” လို့ပဲ
ခေါ်ကြပါတယ်။
တစ်နေ့တော့ ပံ့သကူ မထေရ်က စေတိယတောင်ကို
ဘုရားဖူးဖို့ ထွက်ခဲ့ပါတယ်။ ဘုရားဖူးပြီးတော့
ပံ့သကူ မထေရ်က ဘယ်လိုစဉ်းစားသလဲဆိုတော့
“ငါ့ရဲ့ သင်္ကန်းဟာ ဆွေးမြေ့နေပြီ။ လူအများနေတဲ့
အရပ်မှာတော့ ပံ့သကူသင်္ကန်း ရကောင်းပါရဲ့”
ဆိုပြီး တွေးမိပါတယ်။
နောက် မဟာဝိဟာရကျောင်းတိုက်ဘက်ကို
ကြွခဲ့ပါတယ်။ ကျောင်းတိုက်ရောက်တော့
ကျောင်းတိုက်အကြီးအကဲ မထေရ်ကို ရှိခိုးပြီး
မိမိခေတ္တနေဖို့လည်း ပန်ကြားလျှောက်ထားပါတယ်။
နောက်တစ်နေ့မနက်ကျတော့ အကြီးအကဲ
မထေရ်ကိုသွားပြီး ရှိခိုးပါတယ်။
အကြီးအကဲမထေရ်က “ငါ့ရှင် …ဘာကိစ္စလဲ”လို့
မေးတော့ ပံ့သကူမထေရ်ကလည်း
“ရွာတံခါးကိုသွားမလို့ပါဘုရား”လို့
ပြန်လျှောက်ပါတယ်။ဒီတော့ အကြီးအကဲမထေရ်က
“အတော်ပဲ ငါ့ရှင်၊ငါလည်း အဲဒီကိုသွားမလို့ဘဲ”
လို့ အမိန့်ရှိပါတယ်။
ဒီလိုနဲ့ အကြီးအကဲမထေရ်နဲ့အတူ ကြွခဲ့ပါတယ်။
မဟာဗောဓိပင် တံခါးနားရောက်တော့ ပံ့သကူမထေရ်က
ရှေ့ဆက်မကြွတော့ဘဲ ရပ်နေလိုက်ပါတယ်။
“ဒီနေရာလေးဟာ ဘုန်းကံကြီးတဲ့သူတွေနေတဲ့
အရပ်ဆိုတော့ နှစ်သက်စရာ ပံ့သကူ သင်္ကန်းတော့
ရလောက်ပါရဲ့” လို့ တွေးလိုက်ပါတယ်။
နောက်ကိုယ်တွေးလိုက်တဲ့ အတွေးကို ပြန်သတိရပြီး
“ဟယ်…ငါ့အတွေးတွေ မစင်ကြယ်လိုက်တာ”လို့
တွေးမိပြီး အဲဒီ တံခါးမုခ်ကပဲ တည်းခိုရာကျောင်းကို
လှည့်ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ရောက်တော့ ပံ့သကူသင်္ကန်းကောက်ဖို့
ထွက်ခဲ့ပြန်ပါတယ်။သရက်ပင်မြေပြင်ရောက်တော့
မစင်ကြယ်တဲ့ အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။
သတိရလိုက်တာနဲ့ ချက်ချင်းပဲ ကျောင်းကို
လှည့်ခဲ့ပြန်ပါတယ်။
နောက်တစ်နေ့ကျတော့ တစ်ခါ ထပ်ထွက်ပြန်ပါတယ်။
မဟာစေတီတံခါးနားရောက်တော့ မစင်ကြယ်တဲ့
အတွေးတွေ တွေးမိလိုက်ပြန်ပါတယ်။ သတိရလိုက်တာနဲ့
ချက်ချင်းပဲ ကျောင်းကို လှည့်ခဲ့ပြန်ပါတယ်။
လေးရက်မြောက်မှာတော့ အကြီးအကဲမထေရ်ကို သွားပြီး
ရှိခိုးပါတယ်။မထေရ် အကြီးအကဲကလည်း သိလိုက်ပါပြီ။
“ဒီမထေရ် မစင်ကြယ်တဲ့သင်္ကန်းအတွေး ဖြစ်နေပြီ”
ဆိုပြီး သင်္ကန်းကို ယူခဲ့ပြီး ပံ့သကူမထေရ်နဲ့အတူ
ထွက်ခဲ့ပါတယ်။
လမ်းမှာလည်း ပုစ္ဆာတွေမေးပြီး လာခဲ့ပါတယ်။
အမေးအဖြေလုပ်ရင်း ရွာထဲကို ဝင်ခဲ့ပါတယ်။
အဲဒီညမှာ လူတစ်ယောက်ဟာ ကျင်ကြီးတွေ
ပေကျံနေတဲ့ ပုဆိုးတစ်ထည်ကို အမှိုက်ပုံမှာ
ပစ်ထားပါတယ်။ယင်မမဲရိုင်းတွေလည်း
ဝိုင်းအုံနေပါတယ်။
ပံ့သကူမထေရ်က ဒီပုဆိုးစုတ် မြင်လိုက်ရတော့
ပုဆိုးစုတ်ရှိရာကို သွားပြီး လက်အုပ်ချီရှိခိုးလိုက်ပါတယ်။
ဒါကိုမြင်တော့ အကြီးအကဲမထေရ်က
“ငါ့ရှင် ဘာဖြစ်လို့ အမှိုက်ပုံကို ရှိခိုးနေတာလဲ”လို့
မေးပါတယ်။
ပံ့သကူမထေရ်ကလည်း “တပည့်တော် အမှိုက်ပုံကို
ရှိခိုးနေတာ မဟုတ်ပါဘူးဘုရား။
တပည့်တော် ရဲ့ အဖမြတ်စွာဘုရားကို သတိရလို့
ရှိခိုးတာပါဘုရား။ပုဏ္ဏကျွန်မရဲ့ အလောင်းကောင်ကို
ပတ်ထားတဲ့ ပံ့သကူအဝတ်ကို ကောက်ယူတဲ့အခါ
တပြည်သားလောက်ရှိတဲ့ ပိုးလောက်တွေကို
ခါထုတ်ပြီး ကောက်ယူတဲ့ မြတ်စွာဘုရားဟာ
ခဲယဉ်းတဲ့အမှုကို ပြုခဲ့ပါတယ် ဘုရား”
လို့ ပြန်လျှောက်ပြပါတယ်။
အကြီးအကဲမထေရ်လည်း “ပံ့သကူမထေရ်ရဲ့
သင်္ကန်းအတွေးဟာ စင်ကြယ်သွားပြီ”
လို့စိတ်ထဲက ကျေနပ်အတွေး တွေးလိုက်ပါတယ်။
ပံ့သကူမထေရ်ကလည်း စင်ကြယ်တဲ့ ပံ့သကူအဝတ်ကို
ရပြီး နေရာမှာတင်ရပ်လျက် ဝိပဿနာပွါးလိုက်တာ
“အနာဂါမ်” ဖြစ်သွားပါတယ်။
ပံ့သကူပုဆိုးစုတ်ကို ကောက်ယူချုပ်ဆိုးပြီး၊
သင်္ကန်းအဖြစ်ရတဲ့အခါ ဝတ်ရုံပြီး၊ပါစိနခဏ္ဍရာဇိအရပ်ကို
ကြွသွားပါတယ်။နောက်ဆက်ပြီးတော့ တရား
အားထုတ်လိုက်တာ “ရဟန္တာ” ဖြစ်သွားပါတော့တယ်။
-【သုတ်ပါထေယျအဋ္ဌကထာ၊နှာ-၁၉၃၊
အဂုင်္တ္ထိုရ်အဋ္ဌကထာ၊ဒုတွဲ၊နှာ၂၇၈-၂၇၉】
အမှိုက်ပုံက ပုဆိုးစုတ်တစ်ထည်ဟာ သီဟိုဠ်ခေတ်က
ရဟန်းတစ်ပါးအတွက်တော့ ရဟန္တာဖြစ်သွားစေခဲ့ပါတယ်။
ပုဆိုးစုတ်ကလေးက ရဟန်းတစ်ပါးအတွက် ရဟန္တာ
ဖြစ်သွားစေခဲ့တာဆိုတော့ တကယ့်အံ့ဩစရာ
အဖြစ်အပျက်တစ်ခုပါပဲ။
ဘာမဟုတ်တဲ့ ပစ္စည်းလေးတွေကလည်း တရားထူး
ရဖို့အတွက် အထောက်အပံ့ဖြစ်စေတယ်ဆိုတာ
သီဟိုဠ်ခေတ်ပံ့သကူမထေရ်က သက်သေပြနေပါတယ်။
ဒီတော့ ကိုယ့်ဝန်းကျင်မှာရှိနေတဲ့ တချို့
ပစ္စည်းလေးတွေကလည်း တရားအတွက် အထောက်အပံ့
ဖြစ်စေမှုရှိတယ်ဆိုတာကို ငြင်းလို့ မရပါဘူး။
ကဲ..ဒီအရှင်မြတ်ဟာ ဘယ်လောက်ကြည်ညိုဖို့
ကောင်းသလဲ၊ဘယ်လောက် အားကျဖို့ကောင်းသလဲ။
သူဖြစ်တဲ့ အကုသိုလ်လေးက တကယ့်ပါးပါးလေးပါ။
လူတွေ အကြည်အညိုပျက်သွားစေမယ့်
အကုသိုလ်မျိုးလည်း မဟုတ်ပါဘူး။
လူတွေ ခွင့်လွှတ်နိုင်တဲ့ ပါးပါးလေးပါ။
မထေရ်က ကျန်တဲ့သူတွေ ခွင့်လွှတ်ချင် ခွင့်လွှတ်မယ်။
သူကတော့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ခဲ့ပါဘူး။
အဲဒီ ခွင့်မလွှတ်နိုင်မှုကိုပဲ အရင်းတည်ပြီး မဂ်အဆင့်ဆင့်ကို
ရယူသွားခဲ့ပါတယ်။လူတွေ ခွင့်လွှတ်နိုင်လောက်တဲ့
အကုသိုလ်ပါးပါးလေးကိုပဲ သိပ်ကြောက်လှတဲ့
အရှင်မြတ်ရဲ့ ထေရုပတ္တိကို ဖတ်ခွင့်ရရုံနဲ့တင်ပဲ
ကျေနပ်သွားပါပြီ။
ဖတ်နေဆဲမှာပဲ ကျန်တဲ့ ဖတ်လက်စတွေကို ခဏရပ်ပြီး၊
အရှင်မြတ်ကို ခဏလေးတော့ လက်အုပ်ချီပြီး
ကြည်ညိုလိုက်မိပါတယ်။
“ဪ….အရှင်ဘုရားရယ် အားကျလိုက်တာ”
လို့လည်း နှလုံးသားထဲက လျှောက်မိပါတယ်။
တွေးမိတိုင်းလည်း စိတ်နှလုံးအေးရပါတယ်။
တရားမရရင် နေပါစေ။ ပံ့သကူမထေရ်ရဲ့
ဓာတ်ကလေးကူးခွင့်ရရင်ကိုပဲ ကျေနပ်လှပါပြီ။
အဝတ်တစ်ထည်ကြောင့် တရားထူး
ရသွားကြတဲ့သူတွေ ရှိသလို ၊
အစားတစ်လုပ်ကြောင့်လည်း တရားထူး
ရသွားကြတဲ့သူတွေ အများကြီးရယ်ပါ။
သုံးတတ်ရင် ပစ္စည်းဝတ္ထုတွေကလည်း တရားအတွက်
အထောက်အပံ့ကောင်းတွေပါပဲ။
ဒီတော့ ကိုယ်ဝတ်နေတဲ့ အဝတ်တွေထဲမှာလည်း
တရားတွေ ရှိနေပါတယ်။
ကိုယ်စားနေတဲ့ အစားတွေထဲမှာလည်း
တရားတွေ ရှိနေပါတယ်။ကိုယ်လုပ်နေတဲ့
အလုပ်တွေထဲမှာလည်း တရားတွေ ရှိနေပါတယ်။
ကိုယ်ကဒါကို သိထားဖို့ပါပဲ။
ပံ့သကူအရှင်မြတ် ရဟန္တာဖြစ်တာ၊မဖြစ်တာ အပထား။
အကုသိုလ်ပါးပါးလေးကို ကြောက်တတ်တာလေးကကိုပဲ
ကြည်ညိုဖို့ ကောင်းနေပါပြီ။ဖတ်ရင်းနဲ့တင် စိတ်ထဲမှာ
အေးချမ်းနေပါပြီ။
သူများ အကုသိုလ်ကြောက်တတ်တာလေး
သိခွင့်ရတာနဲ့တင် စိတ်ထဲက အေးချမ်းနေပြီ
ဆိုတော့၊ကိုယ်တိုင် ကြောက်တတ်လိုက်ရင်တော့
ဒီထက်မကတဲ့ အေးချမ်းမှုတွေကို ရလိုက်တော့မှာပါ။

No comments:
Post a Comment